M. ထက်ခေါင်
(၁)
လွန်ခဲ့သော ဆယ့်သုံးလေးနှစ်၊ ခရီးကြုံကြိက်သောကြောင့် ကေအဲန်ယူ ဒုဥက္ကဌ ဖူးရွှေဆိုင်းထံ ဝင်ရောက် တွေ့ဆုံခဲ့ရာတွင် သူ ပြောလိုက်သော စကားကလေးတခွန်းကို သတိရသည်။ အလားတူ စကားမျိုး အခြားနေရာများ၌ အခြားသူများ ပြောသည်ကို ကြိမ်ဖန် များစွာ ကြားခဲ့ဖူးပြီဖြစ်သော်လည်း နားလည်စာနာမှုဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်သော ဖူးရွှေဆိုင်း၏ အသွင်အပြင်နှင့် စကား သံမှာ ကျနော့်အာရုံထဲ စွဲနေ၏၊ မဲဆောက်သို့ လာရောက်ရသည့် အကြောင်းကိစ္စကို မေးသောကြောင့် သမိုင်းလေ့လာရေး သုတေသနစာ စောင်များနှင့် ပတ်သက်၍ အကူအညီပေးနေသော အဲန်ဂျီအိုမှ ဝန်ထမ်းအချို့နှင့် မိမိတို့ လုပ်ဖော်ကိုင်ဖက် ပုဂ္ဂိုလ်တစ်ဦးတို့ ငွေကြေး အရှုပ်အထွေးကိစ္စအပေါ် ဆွေးနွေးဖြေရှင်းရန်အတွက် ရောက်လာရကြောင်း ကျနော် ရှင်းပြပြောဆိုရာတွင် ဖူးရွှေဆိုင်း မှတ်ချက်ချ လိုက်ခြင်း ဖြစ်သည်။ “တစ်ခါအလိမ်ခံရလို့ရှိရင် လိမ်တဲ့လူကို အပြစ်တင်လို့ ရတယ်။ နှစ်ခါအလိမ်ခံရပြီဆိုရင်တော့ လိမ်တဲ့လူရဲ့အပြစ် မဟုတ်တော့ ဘူး”
အဆင်မပြေသည့် အကြောင်းကိစ္စများနှင့် ထပ်မံ ကြုံကြိုက်လာတိုင်း ဦးဏှောက်မှတ်ဉာဏ်ထဲ နက်ရှိုင်းစွာ ကိန်းအောင်းနေ သော ထိုစကားကလေးမှာ အလိုလို ပေါ်ထွက်လာတတ်၏။ တခါမက တွေ့ကြုံခဲ့ဘူးသော အမှားအပေါ် သခင်္န်းစာမယူနိုင်ဘဲ နောက်ထပ် အကြိမ်ကြိမ်အဖန်ဖန် အငိုက်မိတတ်သည့် အဖြစ် မျိုးမှာ များလွန်းမက များခဲ့ပြီ ဖြစ်လေသည်။
(၂)
ကရင့်တော်လှန်ရေးအစပိုင်း၊ မြစ်ဝကျွန်းပေါ်တွင် အမှတ်(၃) ခရိုင်ဥက္ကဌအဖြစ် ဦးသန်းကြီး ဆောင်ရွက်ခဲ့စဉ်က ဖူးတာအယ် (ဗိုလ်မှူးတင်ဦး)မှာ မြစ်ဝကျွန်းပေါ်တခွင် လှည့်လည်တိုက်ခိုက်နေရသည့် တပ်မှူးငယ်တဦး ဖြစ်သည်။ ဦးသန်းကြီး၏ မိသားစုနှင့်လည်း ခင်မင်သည်။ ရဲဘော်ရဲဘက်သံယောဇဉ် ရှိကြသည်။ မြစ်ဝကျွန်းပေါ်ကို လက်လွှတ်ခဲ့ပြီး ပဲခူးရိုးမ၊ ထိုမှတဖန် အရှေ့ကော်သူးလေသို့ ရောက်ရှိကာ တာဝန်အဆင့်ဆင့် ထမ်းဆောင်ပြီးနောက် ဒူးပလာယာခရိုင် ဥက္ကဌအဖြစ် ဖူးတာအယ် လုပ်ကိုင်လာရသည့်အချိန်အထိ ကပ်ခွာကပ်ခွာဖြင့် ဒရွတ်တိုက် လိုက်ပါလာသူမှာ ဦးသန်းကြီး၏သား ဦးတင်ငွေ ဖြစ်သည်။
ဦးတင်ငွေမှာ ဖူးတာအယ်နှင့် အမြဲတမ်းမနေ။ ဖူးတာအယ်အိမ်အနီးမှာ တဲထိုးပြီး လပေါင်းများစွာနေလိုက်၊ နှစ်အနည်းငယ်မျှ ပျောက်သွားလိုက်၊ တော်ကြာ ပြန်ပေါ်လာပြီး လဖြင့် နှစ်ဖြင့်ချီ၍ နေလိုက်ဖြင့် ကပ်လိုက်ခွာလိုက် လုပ်နေတတ်သူ ဖြစ်သည်။ အိမ်ထောင် မရှိ။ တခါတရံ သပ်သပ်ရပ်ရပ်၊ တခါတရံလည်း ပေပေတေတေ နေထိုင်တတ်ပြီး အရက်ကို မသောက်ရ မနေနိုင်အောင် စွဲလမ်းသူ ဖြစ် သည်။ ထိုစဉ်က ကေအဲန်ယူ ဗဟို၏အမိန့်ဖြင့် အရက်မသောက်ရန် ပိတ်ပင်ထားသော်လည်း ရှာဖွေ၍ ခိုးသောက်တတ်သူ ဖြစ်သည်။ ယခင်လိုတော့ ဗြောင်ကျကျ သောက်၍မရ၊ မူးယစ်နေ၍လည်း မဖြစ်သောကြောင့် ခိုးသောက်သည် ဆိုသော်လည်း လျှော့၍ သောက်ရ သည်။
ဖူးတာအယ်က ဦးတင်ငွေ မူးယစ်နေသည်ကို သိပ်မတွေ့ရပဲ လန်းလန်းဆန်းဆန်း မြင်ရပါများသဖြင့် ဝမ်းသာသည်။ သူ့အသက် လည်း မငယ်တော့ပြီဖြစ်၍ အခုလို သူ့အသိတရားနှင့်သူ ပြင်လာတာကိုလည်း ဖူးတာအယ်က ကျေနပ်သည်။ တကြိမ်တွင် ဗဟိုမှ ဧည့် သည်များ လာရောက်ကြမည် ဖြစ်သောကြောင့် ဟင်းလျာအတွက် ဆိတ်များသွားဝယ်ထားရန် သူ့ကို ဖူးတာအယ် တာဝန်ပေးသည်။ ထိုစဉ်က ဆိတ်တကောင်လျှင် မြန်မာငွေ ခြောက်ရာ၊ ခုနှစ်ရာ ဝန်းကျင်မျှသာ ပေးရသည်။ တောအရက်တပုလင်းမှ ၁၀၊ ၁၅ကျပ်သာ ရှိ သည်။ ဆိတ်နှစ်ကောင် သုံးကောင်ဘိုးအတွက် ပိုပိုသာသာ ပေးလိုက်သောငွေများကို ကိုင်ကာ ဦးတင်ငွေ ထွက်သွားသည်။ တစ်ရက်နေ လည်း ပြန်မရောက်။ နှစ်ရက်နေလည်း ပြန်မရောက်။ သုံးရက်စောင့်လည်း ပေါ်မလာသောအခါ ဖူးတာအယ်မှာ ဒီကောင် ငွေတွေအလုခံ ရပြီး အသတ်ပဲ ခံလိုက်ရပြီလားဟု ဦးတင်ငွေအတွက် စိတ်ပူကာ လုပ်ဖော်ကိုင်ဖက် ရဲဘော်အချို့ကို လိုက်ရှာခိုင်းသည်။ ရောက်လာကြပြီ ဖြစ်သော ဗဟိုက ဧည့်သည်တွေကိုတော့ ကြက်၊ ဝက် အသီးအရွက်တို့ဖြင့်ပင် ကျွေးလိုက်ရသည်။
နောက်တရက်မှာပင် ချောင်ကြိုချောင်ကြားမကျန် လိုက်ရှာကြသော ရဲဘော်များ ဦးတင်ငွေကို ပြန်တွေ့ကြသည်။ အဇင်းရွာထဲ က အရက်ရောင်းသည့်အိမ်တအိမ်မှာ မူးလဲ၊အိပ်ပျော်နေသောကြောင့် နှိုးပြီး တွဲခေါ်လာကြရသည်။ ဆိတ်ဝယ်ရန် ပေးလိုက်သည့် ပိုက်ဆံ တွေလည်း ကုန်သလောက် ဖြစ်နေလေပြီ။ ရဲဘော်များ တွဲခေါ်ရာနောက် ချေးညှော်များ ညစ်ပတ်ပေရေလျက်၊ လုံချည်မနိုင် ဘာမနိုင်၊ ညှင်းသိုးသိုး မှုန်တေတေ ယိုင်တိယိုင်ထိုးဖြင့် ဦးတင်ငွေ လိုက်ပါလာသည်။ ဇီးရွက်လောက် မျက်နှာကလေးကို ခပ်ငိုက်ငိုက်ထားရင်း သူ့ရှေ့သို့ ရောက်လာခဲ့သည့် ဦးတင်ငွေအား အတန်ငယ်ကြာမျှ စိတ်ပျက်လက်ပျက်ကြည့်ပြီးနောက် စိတ်မချမ်းမြေ့စွာ ပြောဆိုလိုက်သော ခရိုင်ဥက္ကဌကြီး ဖူးတာအယ်၏ စကားကလေးမှာ မှတ်သားဖွယ် ကောင်းသည်။
“မင်းမမှားဘူး တင်ငွေ။ မင်းမှန်တယ်။ မှားတာက ငါ။ မင်းကို ဒီကောင်တော့ အသက်လည်း ကြီးလာပြီ။ အသိတရားလည်း အတော်ကလေးရလာပြီ၊ ကိုယ့်ကိုကိုယ် ပြုပြင်လာပြီလို့ တွက်ပြီးတော့ ယုံယုံကြည်ကြည်နဲ့ ခိုင်းလိုက်မိတာကိုက ငါ့အမှား။ မင်း မမှားဘူး။ မင်းက မင်းလမ်းကြောင်းကိုမင်း ဖြောင့်ဖြောင့်ကြီး လျှောက်နေတာ။ ဘယ်တော့မှ မဖောက်ပြန်ဘူး။ မပြောင်းလဲဘူး။ တသမတ်တည်း မှန်မှန်ကြီးကို ချီတက်နေတာ။ ကိုယ့်ရပ်တည်ချက်ကနေ ဖောက်ပြန်သွားတာက ငါ။ မင်းကို ပြောင်းလဲလာပြီလို့ ထင်လိုက်တာကိုက ငါ့အ မှားပဲ တင်ငွေ။”
(၃)
အိမ်ကိုအလည်လာသော ဗမာပြည်မှ မိတ်ဆွေတဦးနှင့် စကားအနည်းငယ် ပြောဖြစ်သည်။ ဗမာ့နိုင်ငံရေးအခြေအနေမှာ ယခင် နှစ်များနှင့်မတူ ပြောင်းလဲလာပြီဟု ပြောဆိုနေကြခြင်းမှာ အမှန်ပင် ဖြစ်ကြောင်း၊ သို့ရာတွင် အကောင်းဘက်သို့ ပြောင်းလဲခြင်းမဟုတ်ပဲ ယခင်ထက် ပို၍ ဆိုးရွားသော အခြေအနေသို့ တစတစ ပြောင်းလဲလာနေခြင်း ဖြစ်ကြောင်း ထိုမိတ်ဆွေက ပြောသည်။
ဗမာပြည်တွင် လက်ဝါးကြီးအုပ် စစ်တပ်အရင်းရှင်စနစ်ကို အကောင်အထည်ဖော်နေကြသည်မှာ အတော်ပင် ပီပြင်လာပြီဖြစ် ကြောင်း၊ အမြီးစားဖက် ခေါင်းစားဖက်၊ အရိုးအရင်းကျွေးဖက် ခရိုနီများကို မွေးထုတ်ကာ အရပ်သူအရပ်သား၊ တောင်သူလယ်သမားများ ၏ အိုးအိမ်မြေယာများကို သိမ်းယူနေသည်မှာ ယခုနှစ်အတွင်း အတော်ပင် အရှိန်ရလာပြီဖြစ်ကြောင်း။ ဆီအုန်းနှင့် လောင်စာဆီများ ရရှိ ရေးစိုက်ပျိုးထုတ်လုပ်ရန်၊ စက်မှုဇုံတည်ထောင်ရန်၊ ကပစ စက်ရုံလုံခြုံရေးအတွက် အရံအတား ဖြစ်စေရန်၊ တပ်ရိက္ခာအတွက် အထောက် အကူရစေရန် ဆိုသော အကြောင်းပြချက်အမျိုးမျိုးဖြင့် သိမ်းယူခြင်း ဖြစ်ကြောင်း။ တဦးလျှင် ဧက ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ပိုင် ဆိုင်ထားသည်ကို သိမ်းယူလိုက်သောကြောင့် ဧကထောင်နှင့်ချီ၍ ရှိကြောင်း။ တာတမံများဆောက်လုပ်ရာတွင် သိမ်းသော မြေဧကများ မှာလည်း သောင်းနှင့်ချီ၍ရှိပြီး စိုက်ပျိုးရေးပရောဂျက်အတွက် သိမ်းယူသောမြေများမှာ ဧကပေါင်း သိန်းနှင့်ချီ၍ ရှိကြောင်း။ အချို့ကို လျော်ကြေးမဖြစ်စလောက်ပေး၍ အချို့ကိုတော့ လုံးဝမပေးကြောင်း။ သက်ဆိုင်ရာ မြို့နယ်၊ တိုင်း၊ ခရိုင်များသာမက နေပြည်တော်နှင့် သမ္မတသိန်းစိန်အထိ တိုင်ကြား အသနားခံစာများ တင်သော်လည်း ဂရုစိုက် တုံ့ပြန်မှု မရှိကြောင်း။ လယ်မြေတွေကို မျက်နှာပြောင်ပြောင် ဖြင့် သိမ်းယူကြသူများထဲမှ အချို့မှာ လူထုကို ကိုယ်စားပြုရမည့် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်နေကြောင်း၊ ယခုအချိန်တွင် လယ် လုပ်သူလယ်ပိုင်ရေးစနစ်မှာ လေသံမျှပင် မကြားရတော့ ကြောင်း။ လယ်ရှင်မြေရှင်များသာမက အရပ်သူအရပ်သားများပါ မိမိတို့လယ်၊ မိမိတို့မြေနှင့် အိမ်များ ဘယ်တော့လာပြီး သိမ်းယူ ဖျက်ဆီးကြမလဲဆိုသည်ကို ကျီးလန့်စာစား တထိတ်ထိတ် ဖြစ်နေရကြောင်း။ တောရွာ တွေမှာတော့ စစ်တပ်က အနိုင်ကျင့်သည်ကို ပို၍ ခံကြရကြောင်း စသဖြင့် မကြာခဏ ကြားခဲ့ဖူးသည့် အကြောင်းအရာအချို့ကို ထပ်၍ ကြားရသည်။
လူ့ဘဝ၏ လိုအပ်ချက်ဖြစ်သော အသက်၊ အိုးအိမ်၊ စည်းစိမ်အတွက် လုံခြုံမှု မရှိ၊ ဘဝ ရပ်တည်ရေး အာမခံချက် ဘာတခုမျှ မရှိ သည့်အဖြစ်။ အာရှတိုက်၏ စပါးကျီ၊ လယ်သမားနိုင်ငံအဖြစ် ကမ္ဘာမှာ နာမည်ရခဲ့သော တိုင်းပြည်တွင် လယ်သမားတွေ လယ်မလုပ်နိုင်၊ လုပ်စရာလယ်မရှိ၊ မကျွမ်းကျင်သော အလုပ်များကို ကြုံရာကျပမ်းလုပ်ကိုင်ရင်း ထမင်းငတ်ကြရသည့်အဖြစ်။ စားဝတ်နေမှု ပြေလည်ရေး အတွက် ဇာတိရပ်ရွာတွေကို စွန့်ကာ ရေခြားမြေခြား တိုင်းတပါးမှာ သွားရောက်ကျွန်ခံကြရသည့် အဖြစ်များ၏ မူလတရားခံသည် မည်သူ နည်း။ မရှိမဲ့ရှိမဲ့ လယ်သမားများအား ကြားပွဲစားများမှတဆင့် ငွေတိုးချေးစားသူတွေလည်း အတော်ပင် ပေါများလာကြောင်း မိတ်ဆွေ က ပြောပြပြန်သည်။
ငွေတိုးချေးသည့်အလုပ်မှာ ယခင်ခေတ်က ခိုးကြောင်ခိုးဝှက်ဖြင့် တဦးပေါ်တဦး ယုံကြည်မှုထားပြီး လုပ်ကြရသည့် အလုပ်ဖြစ် သော်လည်း ယနေ့ခေတ်မှာတော့ အာဏာပိုင်များနှင့်ပေါင်းကာ ဗြောင်ကျကျ လုပ်နေသော တရားဝင် လုပ်ငန်းကြီး ဖြစ်နေကြောင်း၊ အချို့ သူတွေက အတိုးနည်းနည်းဖြင့် ချေးသော်လည်း လစဉ် အတိုးငွေ မပေးနိုင်ပါက တိုးရင်းပေါင်းအဖြစ် သတ်မှတ်တွက်ချက်ရမည်ဟု စာချုပ်ထားကြကြောင်း၊ အချို့ကတော့ အတိုးကြီးကြီးယူကြောင်း။ ဗမာပြည်သားချင်း အတိုးချေးစားကြသည်မှာ ချစ်တီးခေတ်ကထက်ပင် ဆိုးဝါးကြောင်း၊ ငွေရှင်နှင့် ငွေချေးသူကို ဆက်သွယ်ပေးသည့် ပွဲစားတွေကိုလည်း ငွေချေးသူက ပွဲစားခ ပေးရကြောင်း၊ ငွေရှင်က အတိုးမ ပေးနိုင်သူတွေကို လယ်သိမ်း မြေသိမ်းကြောင်း၊ အချို့ဒေသတွေမှာ အာဏာပိုင်များအကူအညီဖြင့် အကြွေးမဆပ်နိုင်သူများကို ဖမ်းဆီး ထောင်ချခြင်း၊ သမီးပျိုတွေကို သိမ်းယူခြင်းများပင် ရှိနေကြောင်း၊ မဆလခေတ်က ငုပ်လျှိုးကွယ်ပျောက်ခဲ့သော ငွေရှင်ကြေးရှင်တွေ အနိုင်ရသည့် တရားစီရင်ရေးစနစ်မှာ ယခုအခါ ပြန်လည်ထွန်းကားလာနေပြီဖြစ်ကြောင်း၊ သူခိုးဓားပြတွေ အာဏာရအစိုးရ တက်ဖြစ်နေ သည့် ဗမာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဝန်ဆောင်မှုတွေကအစ စီးပွားရေး၊ ယဉ်ကျေးမှု၊ အကျင့်စာရိတ္တ၊ အသိစိတ်ဓာတ်နှင့် တဦးပေါ်တဦး ထားရှိအပ်သည့် စေတနာသဘောထားတွေအဆုံး အဖက်ဖက်က ချွတ်ခြုံကျလျက်ရှိရာ မိမိအမျိုးသားတိုင်းပြည်ကို ချစ်ကြ သူများအနေဖြင့် ယခုအခြေအနေမှ ရုန်းထွက်လွတ်မြောက်နိုင်ရန် ဆယ်စုနှစ်ဖြင့်ချီ၍ ကြိုးစားကြရလိမ့်မည်ဟု ထိုမိတ်ဆွေက ပြောလေ သည်။
(၄)
နေ့စဉ်နှင့်အမျှ ရေဒီယိုသတင်းတွေ နားထောင်၊ နှစ်ရက်တစ်ခါလောက် အင်တာနက်ကဖီး ဝင်နေတတ်သူတွေထံကလည်း ဗမာ ပြည် အခြေအနေနှင့် ပတ်သက်သော သဘောထားအမြင်အချို့ကို ကြားရသည်။
“အားလုံး လျှောက်လှမ်းနိုင်အောင် ကြိုးစားကြရမဲ့ ဒီမိုကရက်တစ် ပြည်ထောင်စုစစ်စစ် လမ်းကြောင်းကနေချော်ပြီး မယောင်ရာ ဆီလူးတဲ့အလုပ်တွေနဲ့ အချိန်ဖြုန်းနေတာတွေ၊ နောက်မှ လုပ်ရမဲ့ကိစ္စတွေကို ချက်ချင်း လက်ငင်း လုပ်နေတာတွေကတော့ နည်းလမ်းမ ကျဘူး။ ၂၀၁၅မတိုင်ခင်မှာ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို အပြီးရိုက်ဖို့ အခု လုပ်နေကြတယ်။ လူရွေးတာတွေ ဖြုတ်ချတာတွေ နဲ့ ကိုယ့်အချင်းချင်းထဲလည်း ပြဿနာတွေ ရှိနေတယ်။ အဲဒီရုပ်ရှင် ၂၀၁၅ မတိုင်ခင် ပြီးသွားရင်ကော ဘာအကျိုးအမြတ် ရမလဲ။ ဗိုလ်ချုပ် အောင်ဆန်းရဲ့သမီးဆိုပြီးတော့ လူထုတွေဆီက ထောက်ခံမှုတွေကို ၂၀၁၅ရွေးကောက်ပွဲမှာ ပိုပြီးရလာနိုင်မယ်လို့ ထင်သလား။ စစ်အုပ်စု လက်အောက်ထဲမှာ ဆင်ဆာတွေ စိစစ်ရေးတွေ မထားတော့ဘူးဆိုပြီး အဲဒါတွေထက်ပိုဆိုးမဲ့ ဘာအမြုတေ ညာအမြုတေ ကော်မရှင်တွေ ကော်မတီတွေ ရှိလာမှာ ဆိုတော့ သမိုင်းကြောင်းအမှန်ကို ဘယ်လောက်အထိ တင်ပြလို့ရမလဲ။”
“တလောက ဇာတ်ကားတိုတွေ ဆင်ဆာမထိပဲ ရိုက်ကူးပြသခွင့်ပေးလိုက်တာဟာ စန်ရှင်တွေကြောင့်မို့လို့ ပတ်ဝန်းကျင် ကြား ကောင်းအောင် အပေါ်ယံကြောပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ အခိုက်အတန့်ကလေး ခဏမှာပဲ။ ရှေ့လျှောက်တော့ ဒါမျိုးတွေ ရတော့မှာ မဟုတ်ဘူး။ ပြောရေးဆိုခွင့်တွေ အထိုက်အလျောက်ပေးပြီးတော့ နာမည်ပျက်နေတဲ့ ဆင်ဆာအဖွဲ့တွေ စာပေစိစစ်ရေးတွေကို လည်း ဖယ်ထုတ်လိုက်ပြီးပြီ။ တဘက်လှည့်နဲ့ ချုပ်ကိုင်နိုင်အောင်လို့ ကော်မတီကော်မရှင်တွေလည်း ပြန်ဖွဲ့ပြီးပြီ။ အဲဒါတွေကနေ ချုပ်ကိုင် တာကို မကျေနပ်လို့ ဝေဖန်တာတွေ ဆန္ဒပြတာတွေ ညံလာပြီး နောက်ဆုံး တော်တော် ဆိုးဆိုးရွားရွားအခြေအနေမျိုး ပေါ်ပေါက်လာမဲ့ အလားအလာရှိရင် သူတို့ကလည်း ၂၀၀၈မှာပါတဲ့ လုပ်ပိုင်ခွင့်အတိုင်း နောက်ကြောင်း ပြန်လှည့်သွားမှာပဲ။”
“တကယ်တော့ ဒီလိုဇာတ်ကားမျိုးတွေကို တိုင်းပြည်မှာရှိတဲ့ ပြဿနာတွေ တကယ်တမ်း ပြေလည်ငြိမ်းချမ်းသွားမှ၊ ပြန်လည် ထူထောင်ရေးတွေလုပ်ရင်း ရိုက်သင့်တာ။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကယ်တမ်း လုပ်ရမှာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပြင်လို့ရနိုင်မလဲ ဆိုတာ နည်းလမ်းရှာရမှာ။ သမ္မတတို့ ဥက္ကဌတို့နဲ့ အလျှော့အတင်းတွေလုပ်ပြီး ဆွေးနွေးရင်း ဖြစ်နိုင်တဲ့ နေရာတွေကနေ ရနိုင်သလောက် ဝင်တိုးကြည့်ရမှာ။ ဒါကိုမလုပ်ပဲ လွှတ်တော်ထဲ တိုင်းရင်းသားကိစ္စ၊ အလုပ်သမားကိစ္စ၊ လယ် သမားကိစ္စတွေတောင် ဘာတခွန်းမှ မဟ၊ ရုပ်ရှင်ရိုက်ဖို့နဲ့ အစည်းအဝေးတက်ပြီး မိန့်ခွန်းပြောဖို့တွေသာ လုပ်နေတာကတော့ သိပ်ပြီး လမ်းမကျဘူးလို့ မြင်တယ်။”
“ဒေါ်အောင်ဆန်းစုကြည် အချိန်ယူပြီး ပြင်မလို့ ကြံနေတုန်းမှာပဲ ၂၀၀၈ အခြေခံဥပဒေကို အခြားသူတွေ တို့လို့ထိလို့မရအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဆိုတာကို ဖွဲ့ပြီးတော့ သူတို့ဟာသူတို့ ပြင်ယူဖို့ လုပ်လာကြပြီ။ သူတို့ဟာသူတို့ ပြင်မဲ့ကိစ္စမှာ ဘယ်လို ဥပဒေမျိုးတွေကို ပြင်မလဲဆိုတာ သိပ်ပြီး စဉ်းစားစရာမလိုဘူး။ နိုင်ငံ့ဝန်ထမ်းများ နိုင်ငံရေးပါတီထဲမပါရ ဆိုတာမျိုး၊ ဆွေမျိုးသားချင်း၊ ခင်ပွန်း၊ ဇနီး၊ သား၊ သမီး၊ သားမက်၊ ချွေးမ တဦးဦးဟာ နိုင်ငံခြားတိုင်းပြည်တပြည်ပြည်ရဲ့ နိုင်ငံသားတွေ၊ ကျေးဇူးသစ္စာကို ခံယူထားတဲ့ သူတွေဖြစ်ရင် နိုင်ငံတော်၏ အရေးပါသော ရာထူးတာဝန်များကို ထမ်းဆောင်ခွင့်မရှိစေရ ဆိုတာမျိုး၊ သူတို့အကျိုးစီးပွားကိုပြန်ပြီး ထိခိုက် နိုင်မဲ့ ဥပဒေမျိုးတွေ၊ သူတို့ဟာသူတို့ထုတ်ပြီး သူတို့ကိုယ်တိုင် မလိုက်နာနိုင်တဲ့ဥပဒေတွေ၊ သူတို့အကျိုးစီးပွား ကာကွယ်ရေးအတွက် သိပ်ပြီး မခိုင်မာသေးဘူးလို့ ယူဆရတဲ့ ဥပဒေတွေကိုဘဲ သမ္မတသိန်းစိန်နဲ့ သိန်းစိုးတို့အဖွဲ့က တာဝန်ယူပြီး ပြင်ကြမှာ ဖြစ်တယ်။”
(၅)
အပစ်အခတ် ရပ်စဲရေးသည် ငြိမ်းချမ်းရေးအတွက် ပထမခြေလှမ်း ဖြစ်၏။ စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိရန်အတွက် ဒုတိယ ခြေလှမ်းမှာ နိုင်ငံရေးအရ ဖြစ်လာခဲ့သည့် ပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေးပင် ဖြစ်သည်။ ထိုအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့် ပင်လုံကဲ့သို့သော ညီလာခံကြီးမျိုးကျင်းပနိုင်ရန် ကြိုးစားရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း စစ်အုပ်စုနှင့် လူထုက အတိုင်းအတာတရပ်အထိ လက်ခံမှုများ ရှိနေချိန်ဖြစ်သောကြောင့် ယခင်ကတည်းက အကြိမ်ကြိမ် အဖန် ဖန် တောင်းဆိုကြွေးကြော်ခဲ့သော သုံးပွင့်ဆိုင် ဆွေးနွေးဖြေရှင်းရေးကို အကောင်အထည်ဖော်နိုင်ရေး စိုင်းပြင်းသင့်ပြီ ဖြစ်၏။ ထိုအဆင့် ပြီးဆုံးပြီးနောက် သုံးဦးသုံးဖလှယ် သဘောတူညီမှုများရရှိပြီဆိုလျှင် တတိယခြေလှမ်းအဖြစ် ကောင်းမွန်မျှတသည့် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးကို ဝိုင်းဝန်း အကောင်အထည်ဖော်ရင်း တကယ်တမ်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို လုပ်ရမည် ဖြစ်သည်။ တိုင်းပြည်တွင်းရှိ ဒေသများ တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ထိုတတိယအဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေးထဲတွင် ပါဝင်မည် ဖြစ်လေသည်။
လောလောဆယ်အခြေအနေမှာ ပထမခြေလှမ်းဖြစ်သော အပစ်အခတ်ရပ်စဲရေးအဆင့်ကို ပိုမို ခိုင်မာအောင် အကြိမ်ကြိမ် တွေ့ ဆုံဆွေးနွေးနေသည့်အဆင့်သာ ရှိသေးသည်။ ထိုအချိန်မျိုးတွင် တတိယအဆင့်ကျမှ ဆောင်ရွက်ရမည်ဖြစ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ စီးပွားရေးဇုံများနှင့် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဖို့ မလိုအပ်သေး။ ယခု လောလောဆယ်တွင် ထိုအလုပ်များမှာ ထာဝစဉ် တည်တံ့ခိုင်မြဲ မည့် စစ်မှန်သော ငြိမ်းချမ်းမှု ဖော်ဆောင်ရေးကို အဟန့်အတား ဖြစ်စေလိမ့်မည် ဖြစ်သည်။
ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့တွင် နေ့ချင်းပြီး အမျိုးသားမှတ်ပုံတင်တွေ လုပ်ပေးသည့် ကိစ္စမှာလည်း ငြိမ်းချမ်းမှုဖော်ဆောင် ရေးလုပ်ငန်းအနေဖြင့် အဆင့်တွေ ကျော်နေမည် ဖြစ်သည်။ ထိုလုပ်ငန်းမှာ တတိယအဆင့် ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေး သဘောတူညီချက်များ ရရှိပြီး ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်သည့်အချိန်ကျမှ ကိုယ့်ပြည်နယ်နှင့်ကိုယ်၊ ကိုယ့်အစိုးရနှင့်ကိုယ် လုပ်ကြရ မည့်ကိစ္စ ဖြစ်သည်။ စစ်အုပ်စုနှင့် အရပ်သား အရေခြုံ အစိုးရတို့ လုပ်ပေးရမည့် ကိစ္စမဟုတ်။
တကယ်တမ်း မိမိအမျိုးသားပြည်နယ်များနှင့် ပြည်နယ်လူထုအပေါ်၊ မိမိတို့အားလုံး၏ ပြည်ထောင်စုအပေါ် စိတ်သဘောထား ရိုးဖြောင့်မှန်ကန်စွာ ညှိနှိုင်းဆွေးနွေးကြမည်ဆိုလျှင် ထာဝစဉ် တည်တံ့ခိုင်မြဲနိုင်မည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင့်သုံးဆင့်စလုံးကို ၂၀၁၅ မတိုင်မီ နှစ်အနည်းငယ်အတွင်းမှာပင် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ပေလိမ့်မည်။ အပေါ်ယံကြော အပြုံးမျက်နှာများ ၏ နောက်ကွယ်တွင် တဦးပေါ်တဦး ယုံကြည်မှု မရှိ၊ စေတနာ သဘောထား ရိုးဖြောင့် မှန်ကန်မှု မရှိ၊ မိမိ၏ ရပိုင်ခွင့်ထက် ပို၍ရလိုခြင်း၊ တဘက်သားအပေါ်စီးပိုး ဖိနှိပ်လိုခြင်းနှင့် ဝန်တို မစ္ဆရိယစိတ်ထားများကို အရင်းခံ၍ ဆွေးနွေးကြလျှင်တော့ ဘယ်သောအခါမျှ ပြေလည် နိုင်လိမ့်မည် မဟုတ်ချေ။
(၆)
တလောက မြဝတီမှာ ကေအဲန်ယူ ကေအဲန်အယ်လ်အေ တပ်မဟာ (၆)နှင့် (၇)အတွက် ဆက်ဆံရေးရုံးဖွင့်ကြောင်း အွန်လိုင်းမှ တဆင့် တွေ့မြင်ကြားသိရသည်။ (၄)ခုမြောက် ရုံးဖြစ်၍ ရန်သူနှင့် အပစ်အခတ်ရပ်သော ဆက်ဆံရေးရုံးများထဲတွင် အရေအတွက် အများ ဆုံးဖြစ်သည်။ ဆက်ဆံရေးရုံးသို့ လာသည့် ကရင်ဧည့်သည်များကို စစ်အုပ်စုဘက်က မေးစမ်း ရေးမှတ်မှုများ လုပ်သောကြောင့် ကေအဲန် ယူဘက်က စိုးရိမ်ကြောင်းလည်း ပြီးခဲ့သည့် လအနည်းငယ်က ကြားလိုက်ရသည်။
ဆက်ဆံရေးရုံး တာဝန်ရှိသူတွေအနေဖြင့် ရန်သူနှင့်မိမိအဖွဲ့အစည်းအကြား မှန်မှန်ကန်ကန် ရပ်တည်ကာ၊ မိမိလုံခြုံရေးကိုလည်း မိမိဂရုစိုက်ရမည် ဖြစ်သည်။ ကချင်နှင့် ၁၇နှစ်ကြာမျှ အပစ်အခတ် ရပ်စဲလိုက်ကြပြီးနောက် ယနေ့အထိ အဆက်မပြတ် ပြန်လည် ဖြစ်ပွား လာခဲ့သော တိုက်ပွဲများမှာ ဆက်ဆံရေးရုံးတွင် တာဝန်ယူထားသော ကချင်အရာရှိငယ်များကို ဖမ်းဆီးသွားရာမှ စသည်။ သုံ့ပန်းချင်း ပြန် လည် လဲလှယ်ရာတွင် ကချင်ဘက်က မြန်မာတပ်မှူးငယ်တွေကို ကောင်းမွန်စွာ ပြန်ပို့ပေးခဲ့သော်လည်း ဆက်ဆံရေးရုံးမှ ကချင်တာဝန်ခံ မှာတော့ နှိပ်စက် မေးမြန်း သတ်ဖြတ်ခံရပြီးမှ မိမိအမျိုးသား လုပ်ဖော်ကိုင်ဖက်များထံ ပြန်ရောက်လာခဲ့သည်။
အခြားသောအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးတွေ လုပ်ပြီး ကချင်ကို အသဲအမဲ တိုက်နေတာကတော့ စစ်အစိုးရ၏သဘောထား စေတနာမှန်မှုများ ဖြစ်သည်။ အပစ်ရပ်ရေး ပဏာမသဘောတူပြီးနောက် ဆက်လက်ဆွေးနွေးသူတွေ ဆွေးနွေး၊ အပစ်ရပ်ရေး သဘော တူညီချက်ရပြီးနောက် နယ်မြေထဲ ကျူးကျော်လာသဖြင့် ဆက်လက် တိုက်ခိုက်နေရသူတွေကလည်း တိုက်ခိုက်နေကြချိန်၊ မိမိနယ်မြေထဲ သံချပ်ကာကားများ ကျူးကျော်ဝင်ရောက်ကာ အခိုင်အမာ စခန်းချတာကို ကြုံရသူတွေလည်း ကြုံနေကြချိန်တွင် စစ်အုပ်စုနှင့် အပစ်ရပ် လိုက်သော အဖွဲ့တဖွဲ့ ရှိလာပြန်သည်။ ပအိုဝ်းအဖွဲ့ ဖြစ်သည်။
လောလောဆယ် အပစ်ရပ်ထားသောအဖွဲ့တွေအနေဖြင့် သမ္မတက လွှတ်လိုက်သည့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်စားလှယ် ဝန်ကြီးနှင့် သဘောတူတာက သပ်သပ်၊ စစ်တပ်နှင့် ဆွေးနွေးရတာက သပ်သပ် ဆိုသည့်အခြေအနေမျိုး မဖြစ်စေသင့်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒေါက်တာစိုင်းမောက်ခမ်းက အပစ်ရပ်ရေး ဆောင်ရွက်မှုများမှာ အခန့်မသင့်ပါ က အချိန်မရွေး ပျက်စီးသွားနိုင်သည်ဟု ပြောလိုက်ကြောင်းကိုလည်း ကြားရသည်။ သူ့စကားအတိုင်း ဆွေးနွေးပွဲများ ပျက်နိုင်သည့် အလားအလာတွေလည်း များစွာရှိနေ၏။
စစ်အုပ်စု၏ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လမ်းစဉ်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး အပစ်အခတ် ရပ်စဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်၊ စီးပွားရေး လုပ်လိုသူတွေ လုပ်ကြရန်၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲကအတိုင်း လက်နက်ကိုင် တပ်မတော် တစ်ခုတည်းရှိရမည် ဆိုသည့်မူအရ မြန်မာ့တပ်မတော်လက်အောက်မှာ ဦးရေ အကန့်အသတ်ဖြင့် နယ်ခြားစောင့် ဘီဂျီ အက်ဖ်တပ်များအဖြစ် လုပ်ကိုင်ကြရန် ကျန်သည့်သူအားလုံး လက်နက်တွေစွန့်၊ နိုင်ငံရေးလုပ်လိုသူများက မြို့ပေါ်မှာ ပါတီထောင်ပြီး ရွေး ကောက်ပွဲဝင်၊ ရွေးကောက်ခံရ၍ လွှတ်တော်ထဲရောက်လျှင် ကိုယ်တင်ပြချင်တာတွေကို တင်ပြပြီး နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ရန်ပင် ဖြစ်သည်။
ထိုနည်းလမ်းမှာ နဝတ နအဖ ခေတ်တုန်းက ဗိုလ်ချုပ်ခင်ညွန့်တို့ လုပ်ခဲ့သည့် နည်းလမ်းဟောင်းကြီးပင် ဖြစ်သည်။ လက်နက်ကို ကိုင်ထားနိုင်ပေမဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရန်၊ ဆိုသည့် အချက်တစ်ချက် မပါတော့သည်ကလွဲ၍ ဘာတခုမျှ မပြောင်းလဲ။ တိုင်းရင်း သားများထံ ချဉ်းကပ်ဆက်ဆံသည့်ပုံစံကို အနည်းငယ် ပြောင်းလဲလိုက်သော်လည်း စစ်အုပ်စုသည် သူ့လမ်းကြောင်းကို သူ မပြောင်းလဲ ချေ။ သူ့ဦးတည်ချက်အတိုင်း မမှိတ်မသုန် ဖြောင့်ဖြောင့်ကြီး ချီတက်လျက်ရှိလေသည်။ စစ်အုပ်စုအနေဖြင့် စိတ်ကောင်းစေတနာထားကာ အများပြည်သူအကျိုးကို ရှေ့ရှုလျက် တကယ်တမ်း ပြောင်းလဲသင့်ပြီ ဖြစ်၏။
ဦးတင်ငွေအား ဖူးတာအယ် ပြောလိုက်သည့်စကားကို ကျနော် ပြန်လည်ကြားယောင်လာသည်။ ယနေ့မိမိတို့ တွေ့ကြုံနေရသူမှာ မနေ့က မိမိတို့ တွေ့ခဲ့ရသူပင် ဖြစ်သည်။ အထူးအထွေ ပြောင်းလဲမှု မရှိသေး။ အကြိမ်ကြိမ်အဖန်ဖန် အလိမ်ခံထိခဲ့ပြီးသည့်ကိစ္စကို နောက် ထပ်တဖန် အလိမ်ခံထိရဦးမည့် အဖြစ်မျိုးမှ အားလုံးပင် ကင်းဝေးကြစေကြောင်း ကျနော် ဆန္ဒပြုမိလေသည်။