ဩဂုတ်လ ၄ရက်၊ ၂၀၁၂ခုနှစ်။ (ကရင်သတင်းဌာန)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း နယ်စပ်မှ တရားမဝင် ဝင်ရောက်လာပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးခံရသည့် ဩစ တြေးလျားနိုင်ငံသားတစ်ဦးအား ယမန်နေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ အာဏာပိုင်များထံသို့ ပြန်လည်လွဲပြောင်းပေးလိုက်ပြီဖြစ်သည်။
“ဒီနေ့ညနေ ၄နာရီခွဲမှာ ထိုင်းဘက်ကို ပြန်လွဲပေးလိုက်ပြီးပါပြီ”ဟု ကရင်ပြည်နယ်ရဲမှူးကြီးက ကရင်သတင်းဌာနသို့ ယမန်နေ့ညနေက ပြောသည်။
အသက် ၉၃နှစ်အရွယ်ရှိ Mr. Karl Joseph Kraus သည် ဇူလိုင်လ ၂၁ရက်နေ့က ထိုင်းနယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ဝင်ရောက် လာပြီးနောက် ဖားအံမြို့နယ်၊ အိန္ဒုကျေးရွာအလွန် ကားလမ်းမနံဘေးတွင် ရွာသားများက ဘီးတပ်ကုလားထိုင်(wheel chair)ဖြင့် သွား လာမတတ်ဖြစ်နေသည့် သူ့အား တွေ့ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားခဲ့သည်ဟု ရဲမှူးကြီးသိန်းကြည်က ပြောသည်။
၎င်းအား တရားမဝင် ဝင်ရောက်လာမှု လဝကဥပဒေဖြင့် ဖမ်းဆီးထားပြီး ပြည်နယ်အာဏာပိုင်များက သံရုံးထံ ဆက်သွယ်သော်လည်း အကြောင်းပြန်ကြားမှု တစုံတရာမရှိဘဲ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမျိုးဆွေ ဦးဆောင်သည့်အဖွဲ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ လဝကအဖွဲ့ထံသို့ လွဲပြောင်းအပ်နှံလိုက်ရခြင်းဖြစ်သည်ဟု ပေါ်ပြူလာ အင်တာနက်သတင်းစာမျက်နှာ၌ ဖော်ပြထားသည်။
အဆိုပါ ဩစတြေးလျားနိုင်ငံသားသည် ထိုင်းနိုင်ငံတွင် နေထိုင်ရင်း ချင်းမိုင်မြို့၌ ထိုင်းမိန်းကလေးငယ်နှစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် အာမခံဖြင့် ရှိနေစဉ် မြန်မာနိုင်ငံသို့ ရှောင်ခွာထွက်ပြေးသွားခြင်းဖြစ်သည်ဟု သတင်းရရှိကြောင်း ပြည်နယ်ရဲမှူးကြီးက ဆက်လက် ပြော ဆိုခဲ့သည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ယခုနှစ်ဆန်းပိုင်းအတွင်း လူသတ်မှုကျူးလွန်ခဲ့ပြီး မြန်မာဘက်ကမ်းသို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်ခဲ့သူ မြန်မာဘုန်းကြီးအတုကို မြဝတီခရိုင်ရှိ အာဏာပိုင်များက ဖမ်းဆီးအရေးယူခဲ့သေးသည်။