Home သတင်း အုန်းဖျန်ဒုက္ခသည်စခန်းတွင် ငှက်ဖျားပိုးကူးစက်မှု အဆမတန် များပြားလာ

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ငှက်ဖျားပိုးကူးစက်မှု အဆမတန် များပြားလာ

1834
ဇူလိုင်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရခရိုင်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယခုနှစ်အတွင်း ငှက်ဖျား‌ရောဂါပိုးရှိသူ ၁၀၀‌ကျော်ရှိပြီး ယခင်နှစ် ထက် အဆမတန် ပိုမိုများပြားလာ‌နေသည်ဟု အုန်းဖျန်စခန်းမှ ကျန်းမာ‌ရေးတာဝန်ခံ ‌စောဒွဲ့က ‌ပြောသည်။

“အရင်နှစ်(၂၀၁၁)ကဆိုရင် ဇန်နဝါရီလက‌နေ ဇူလိုင်အထိ အ‌ယောက် ၃၀‌လောက်ပဲရှိတယ်။ အခုနှစ်‌တော့ ဇန်နဝါရီလက‌နေ အခု ဇူလိုင် လအထိဆိုရင် ၁၅၂‌ယောက်ရှိ‌နေပြီ။”ဟု သူက ‌ပြောသည်။

ငှက်ဖျားပိုး ကူးစက်ခံရသူများထဲတွင် အသက် ၅‌အောက် က‌လေး ၁ဝဦးနှင့် အသက် ငါးနှစ်မှ နှစ်ငါးဆယ်ကြားအရွယ် လူနာ ၁၄၂ဦးရှိ သည်ဟု သူက ဆက်ရှင်းပြသည်။

လက်ရှိ ငှက်ဖျား‌ရောဂါပိုး ရှိသူများသည် အများအားဖြင့် စခန်းပြင်ထွက်၍ ထိုင်း‌တောင်‌ပေါ်ရွာများတွင် ကျဘမ်း‌နေ့စားအလုပ်လုပ်ကြသူ များဖြစ်ကြပြီး ယခင်လ ဇွန်လအတွင်းမှာပင် ငှက်ဖျားပိုးကူးစက်ခံရသူ ၇၀‌ကျော်ရှိကာ အသက် ၃၃နှစ်အရွယ် ဒုက္ခသည်အမျိုးသားတစ်ဦး မှာ ‌သေဆုံးခဲ့သည်ဟု သိရသည်။

အုန်းဖျန်စခန်းအတွင်း ယင်းသို့ ငှက်ဖျားပိုးဖြစ်ပွားသူ များပြားလာခြင်းသည် အ‌တွေ့အကြုံရှိသည့် ဝါရင့်ကျန်းမာ‌ရေးလုပ်သား‌ဟောင်း များက တတိယနိုင်ငံသို့ ထွက်သွားကြပြီး အသစ်ဝင်‌ရောက်လာသည့် ကျန်းမာ‌ရေးဝန်ထမ်းသစ်များက ပညာ‌ပေးမှု၊ တတ်ကျွမ်းမှုနည်း ‌သေး‌သော‌ကြောင့် ဖြစ်သည်ဟု ‌စောဒွဲ့က ဖြည့်စွက်‌ပြောသည်။

ယင်းကဲ့သို့ ငှက်ဖျားပိုးကူးစက်ခံရသူ များလာသည့်အ‌ပေါ် စခန်းအတွင်းရှိ ကျန်းမာ‌ရေးဝန်ထမ်းများက ပညာ‌ပေးမှုများ ဆက်လက် လုပ် ‌ဆောင်သွားမည် ဖြစ်သလို စခန်းအတွင်း ကားဖြင့်လှည့်လည်၍ ‌ပြောကြားသွားရန် စီစဉ်ထားသည်ဟု စခန်းတာဝန်ရှိသူများက‌ပြောသည်။

လူဦး‌ရေ ၂၅,၀၀ဝ (နှစ်‌သောင်းငါး‌ထောင်)‌ကျော် ‌နေထိုင်သည့် အုန်းဖျန်ဒုက္ခသည်စခန်း၌ လက်ရှိအချိန်တွင် ငှက်ဖျားပိုး ကူးစက်ခံရသူနှင့် ရိုးရိုးငှက်ဖျားဖြစ်ပွားသူ‌ပေါင်း ‌ထောင်ဂဏန်းအထိ ရှိ‌သော်လည်း ယခု ရာသီအတွင်း ဖြစ်ပွားတတ်သည့် တုပ်‌ကွေး၊ ဝမ်း‌လျှော၊ နှာ‌စေး၊ ‌ချောင်းဆိုး၊ ကိုယ်ပူ‌ရောဂါဖြစ်ပွားသူ အနည်းအကျဉ်းသာ ရှိသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် အုန်းဖျန်မှလွဲ၍ ကျန်ဒုက္ခသည်စခန်းများတွင် ငှက်ဖျားပိုးကူးစက်ခံရသူ မရှိသ‌လောက်ဖြစ်‌ကြောင်း စုံစမ်းသိရှိရသည်။