ဇွန်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊မဲဆောက်မြို့ရှိ အလုပ်သမားများလူမှုဖူလုံရေးနှင့် အလုပ်သမားကာကွယ်ရေးရုံး (ဆဝပ်ဒီကန်)မှ ဦးစီး၍ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)နှင့် ပူးပေါင်းကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပထမဆုံးအကြိမ်တရားဝင်အသိပညာပေး ဟောပြောပွဲ တခုကိုယနေ့ ပြုလုပ်ခဲ့သည်။
ယနေ့မနက် ၉နာရီမှ ၁၁နာရီအထိ မဲဆောက်မြို့၊ ကာ့ဘိဘန်းရပ်ကွက် ပေါင်မုန့်စက်ရုံအနီးတွင် ပြုလုပ်သည့် အဆိုပါ ဟောပြောပွဲတွင် ထိုင်းအလုပ်သမားဥပဒေနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဟောပြောခဲ့သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏အရေးကို လိုက်လံကူညီဆောင်ရွက်ပေးသည့်JACBA ၏ တာဝန်ခံ ကိုမိုးကြိုးက ကေအိုင်စီသို့ ယခုလိုပြောသည်။
“ဒီဟောပြောပွဲကို လုပ်တာ အလုပ်သမားတွေ သူတို့အခွင့်အရေးကို သိဖို့နဲ့ အလုပ်သမားပြဿနာ တစုံတရာ ပေါ်ပေါက်လာတဲ့အခါမှာ ဘယ်လိုဆက်စပ် အကူအညီတောင်းရမလဲဆိုတာရယ်။ နောက် ကိုယ်နဲ့အတူနေထိုင်တဲ့ ထိုင်းရပ်ရွာအသိုင်းအဝိုင်းတွေအပေါ်မှာ စည်းကမ်းတကျနေထိုင်တတ်ဖို့ရယ်။ ပြီးတော့ ထိုင်းအာဏာပိုင်တွေနဲ့ ပေါင်းပြီး အခုလို ဟောပြောခွင့်ရလာတာ အများကြီး ဝမ်းသာတယ်။”ဟု ၎င်းက ပြောသည်။
လက်ရှိ မဲဆောက်မြို့တွင် စက်ရုံအလုပ်ရုံ ၂၀ဝ ကျော်ရှိသော်လည်း ထိုင်းနိုင်ငံက သတ်မှတ်ထားသည့် တနေ့တာ လုပ်အားခ ထိုင်းငွေ ၂၂၆ ဘတ်နှုန်းဖြင့် ရရှိသော အလုပ်ရုံမှာ တီကေဖက်ရှင်း၊ လီဖောင်း၊ တော့ဖောင်းနှင့် အမ်အဲပဲစက်ရုံလေးရုံသာ ရှိသည်ဟု ကိုမိုးကြိုးက ဆက်ပြောသည်။
တာ့ခ်ခရိုင် ထိုင်းအလုပ်သမားဝန်ကြီးဌာန ဦးစီးအရာရှိ ဖိမဲ့တာက“ထိုင်းနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို ဘယ်လို တောင်းဆိုရမလဲဆိုတာ ကျနော့်တို့ ထိုင်းအစိုးရကနေပြီးတော့ အသိပညာပေးမှုတွေ လုပ်ဆောင်သွားမယ်။ အလုပ်သမားဘက်ကလည်း ထိုင်းတွေရဲ့ ရပ်ရွာလူမှုအသိုင်းအဝိုင်း လေးစားဖို့နဲ့ နေတတ်ဖို့ တိုက်တွန်းချင်ပါတယ်။”ဟုပြောကြားသွားခဲ့သည်။
ထိုင်းအလုပ်သမားဝန်ကြီးနှင့် JACBA အဖွဲ့တို့မှယနေ့ပြုလုပ်သည့် အလုပ်သမားဟောပြောပွဲတွင် အလုပ်ပိတ်ရက်မဟုတ်သည့်အတွက် တက်ရောက်နားထောင်သည့် အလုပ်သမား ၆ဝခန့်သာ ရှိသော်လည်း မတက် ရောက်နိုင်သူများကို လက်ဆင့်ကမ်းပြန်လည်ပြောပြသွားမည်ဟု ဟောပြောပွဲတက်ရောက်လာသူ အလုပ် သမားများက ဆိုသည်။
ကာ့ဘိဘန်းရပ်ကွက် ပေါင်မုန့်စက်ရုံတွင် အလုပ်လုပ်နေသူ ကိုစည်သူက “ကျနော်တို့ ဒီနေ့ လာရောက် ဟောပြောပေးတဲ့သူကို ကျေးဇူးတင်တယ်။ ဘာဖြစ်လဲဆိုတော့ ထိုင်းအလုပ်သမားဥပဒေနဲ့ ပတ်သက်လို့ရှိရင် ကျနော်တို့ အတွက် ဗဟုသုတနဲ့ အသိပညာတွေရတယ်လေ။”ဟု ပြောသည်။
အလားတူ ဟောပြောပွဲမျိုးကို မဲဆောက်မြို့ရှိ အလုပ်သမားစက်ရုံရှိရာနေရာများတွင် ဆက်လက်ဟော ပြောသွားမည်ဖြစ်ပြီး တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ပုံမှန်ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၂သိန်းနီးပါး အလုပ်လုပ်ကိုင်လျှက်ရှိသော ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၉ခုတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက တနေ့တာလုပ်အားခ ၂၂၆ဘတ် သတ်မှတ်ထားသော်လည်း စက်ရုံအလုပ်ရုံအများစုမှ အလုပ်ရှင်များမှာ သတ်မှတ်နှုန်းအတိုင်း အလုပ်သမားများအား အကြောင်းအမျိုးမျိုးကြောင့် မပေးနိုင်သေးကြောင်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောဆိုနေကြသည်။