စောခါးစူးညား (ကေအိုင်စီ)
မြန်မာပြည်ရဲ့ ကျေးလက်တောရွာတွေမှာ ကျောင်းနေ ချင်လျက် အနေခက်ပြီး ကျောင်းထားလျက်နဲ့ ကျောင်းမနေချင်တဲ့ အနာဂတ် ရင်သွေးငယ်လေးတွေ ခုချိန်မှာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာဆို လူကြီးတွေနဲ့အတူ လယ်ထဲဝင်ကူနေရသလို၊ နွားကျောင်းနေရသူတွေ၊ မောင်ညီမအငယ်လေးတွေ ထိန်းပြီး အိမ်မှာချက်ပြုတ်နေရတဲ့ ကလေးတွေအထဲမှာ “တာဘုခလီး”ဆိုတဲ့ ကရင်ကလေးငယ်တစ်ဦးလည်း အပါအဝင် ဖြစ်ပါတယ်။
ကျွဲ၊ နွားတွေစားဖို့ မြက်ရှားပါးတဲ့ နွေကာလမှာ နီညို်ရောင် နွားထီးတစ်ရှဉ်း(နှစ်ကောင်)ကို ရှေ့က တစ်ကောင်မောင်းပြီး နောက်က တစ်ကောင်ကို ဆွဲလာနေတဲ့ ကလေးငယ်လေးကတော့ ဗမာလို “ကုသိုလ်မျိုးစေ့”လို့ အနက်အဓိပ္ပါယ်ရတဲ့ “တာဘုခလီး”ဆိုတဲ့ အမည်နဲ့ ကရင်ကလေးငယ်လေးတစ်ဦးဖြစ်ပါတယ်။ အသားလေးညိုညိုနဲ့ မျက်နှာမှာ သောကကင်းမှုဟာ ပူပြင်းတဲ့ နွေနေဒဏ်ကို အံတုနေပါတယ်။
သူဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက အိမ်ခြေ ၂၀ဝနီးပါးရှိတဲ့ ပယာရော(မြစ်ကျိုး) ဆိုတဲ့ ကရင်ရွာက အသက် ၉နှစ်သာရှိသေးတဲ့ နွားကျောင်းသားလေးဖြစ်ပါတယ်။ ရွာအနောက်ဘက်ကနေ အရှေ့ဘက်ကိုဖြတ်ပြီး အဲဒီနွားနီညိုတစ်ရှဉ်းနဲ့ နေ့တိုင်း အလုပ်ရှုပ်နေတတ် တဲ့ သူဟာ အသက်အရွယ်နဲ့ မမျှအောင် ဒီနွားတစ်ရှဉ်းအတွက် မြက်ကောင်းကောင်းရှိမဲ့နေရာ လိုက်ရှာပြီး ထိန်းကျောင်းနေရရှာတဲ့ ကုသိုလ် မလှပတဲ့ အပြစ်မဲ့ကလေးငယ်တစ်ယောက်ပါပဲ။
“နွားကျောင်းတာ ပျော်တယ်။ နွားကျောင်းရင် ထမင်းဝဝ စားရတယ်လေ။”လို့ တာဘုကလီးက အဲဒီလို ပြောပါတယ်။ သူဟာ နွေရာသီ ကျောင်းပိတ်ချိန်မှာ မိသားစုပိုင် နွားတွေကို ထိန်းကျောင်းပေးနေတာ မဟုတ်ပါဘူး။ တကယ်တော့ ဒီကလေးဟာ ငယ်စဉ်ကတည်းက စာသင်ကျောင်းကို တခါမှ မတက်ခဲ့ဘူးတဲ့အပြင် ထမင်းနပ်မှန်ဖို့အတွက် သူတစ်ပါးရဲ့ နွားကိုကျောင်းပေးနေရင်း အိမ်နဲ့ဝေးကွာနေသူ ဖြစ်ပါတယ်။
ကျောင်းနေရတဲ့ ခံစားချက်၊ အရသာ၊ အကျိုးကျေးဇူးကို တခါဘူးမှ မသိခဲ့တဲ့ တာဘုကလီးက “ကျနော် ကျောင်းမတက်ဘူး။ တက်လည်း မတက်ချင်ဘူး။ ကျောင်းတက်လည်း ထမင်းစားရတယ်။ ကျောင်းမတက်လည်း ထမင်းစားရတယ်။ အလုပ်လုပ်ရင် ပိုကောင်းတယ်လေ။” လို့သာ ပြောနေပါတယ်။
မိဘနှစ်ပါးစလုံးက ကျောင်းမနေခဲ့ဘူးသလို လက်ရှိမှာ ဆင်းရဲတဲ့ မိသားစုဆိုတော့ သားသမီးတွေကို ကျောင်းနေစေလိုတဲ့ ဆန္ဒရှိပေမယ့် လက်တွေ့မှာ မလွယ်ကူလှပါဘူး။ ဖခင်ဖြစ်သူဟာ ဘုန်းကြီးကျောင်းမှာ နေထိုင်ဖူးတဲ့အတွက် စာအနည်းငယ် ဖတ်တတ်ပေမဲ့ မြေမြုပ်မိုင်း ထိမှန်ထားသူမို့ ချိုင်းထောင့်တစ်ဖက်၊ ခြေတုတစ်လှည့်နဲ့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူ ဖြစ်ပါတယ်။
သားဖြစ်သူ တာဘုခလီး အခုလို သူများဆီမှာ နွားသွားကျောင်းတာ သူတို့မိသားစုအတွက် တာဝန်ပေါ့ပါးသေးတယ်လို့ ဖခင်ဖြစ်သူက “သူများ(နွားရှင်)နဲ့ သွားနေရတာ အိမ်ကို ပြန်တောင်မလာဘူး။ သူ အဲဒီမှာနေတာ ပျော်တယ်လို့ ပြောတယ်။ သူ ကောင်းကောင်းနေရရင် တော်ပါပြီ။ ကျနော်တို့အတွက်လည်း မိသားစု ဝန်ထုပ်ဝန်ပိုး နည်းနည်း လျော့တာပေါ့။”လို့ ပြောပါတယ်။
မိခင်ဟာလည်း ငယ်ငယ်တုန်းက ကျောင်းနေချင်တာ မိဘတွေက ကျောင်းမထားတော့ တခါတလေ ကျောင်းတက်ချင်လွန်းလို့ မိဘတွေ ထိန်းခိုင်းတဲ့ မောင်ငယ်လေးကို ကျောကုန်းပိုးပြီး ဘုန်းကြီးကျောင်းမှာ စာသင်နေတာကို သွားကြည့်ခဲ့ရတာပါ။ ဒါကို မိဘတွေက သူမကို တုတ်နဲ့ ရိုက်ခဲ့တဲ့အကြောင်း ခုလို ပြန်ပြောပြပါတယ်။
“ကျမ ကံမကောင်းခဲ့ဘူး။ မိဘက မိန်းခလေးဆိုရင် ကျောင်းနေစရာ မလိုဘူး။ အိမ်အလုပ်နဲ့ ချက်တတ်၊ ပြုတ်တတ်ရင်ရပြီ။ အခုကျတော့ လည်း ကိုယ့်ကလေးတွေကို ပညာတတ်စေချင်ပါတယ်။ ကလေးတွေက ကျောင်းမနေချင်ကြဘူး။ ကိုယ့်မှာလည်း စားဝတ်နေရေး သိပ်အ ဆင်မပြေတော့ အတင်းအကြပ်လည်း ကျောင်းမတက်ခိုင်းတော့ဘူးလေ။”လို့ ဆိုပါတယ်။
ဒီလို အတန်းပညာ မတတ်မြောက်ခဲ့တဲ့ တာဘုကလီးရဲ့ မိဘတွေဟာ လယ်ယာစိုက်ပျိုးရေးအပြင် အခြားကြုံရာ ကျဘမ်းအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းနေရပါတယ်။ မိဘနှစ်ပါး အပါအဝင် အိမ်သားပေါင်း ၈ယောက်ရှိတဲ့ တာဘုခလီးတို့ရဲ့ မိသားစုထဲမှာ သူ့အထက် က အစ်ကိုတစ်ယောက်ထဲ တတိယတန်းအထိ မနှစ်က ကျောင်းနေခဲ့ပေမဲ့ လာမဲ့နှစ်မှာ ကျောင်းဆက်တက်ဖို့ ငွေကြေး အဆင်မပြေလှပါ ဘူး။ ကျန်တဲ့ အကို၊ အမတွေလည်း ကျောင်းမနေဘဲ အလုပ်လုပ်နေကြတာမို့ မောင်နှမထဲက ၅ယောက်မြောက်ဖြစ်တဲ့ တာဘုခလီး ကျောင်းနေမပျော်တာက မဆန်းသလို ဖြစ်နေပါတယ်။
စားဝတ်နေရေး မပြေလည်တဲ့ မိဘတွေ အခက်အခဲကြောင့် တာဘုခလီးဟာ သူများကို နွားသွားကျောင်းပေးဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိသလို နွားပိုင်ရှင်ဟာ သူ့အပေါ် ကောင်းတယ်။ ချစ်တယ်ဆိုတဲ့အပေါ်မှာ သူပျော်မွေ့နေတာလည်း ဖြစ်ပါတယ်။ တခါတခါ မုန့်စားရရင် သူ့မျက်နှာက ပြုံးပြီး “ကျနော့်ဦး(နွားရှင်)က ဝယ်ကျွေးတယ်လေ။ စားလို့ကောင်းတယ်။ သူတို့နဲ့ နေရတာပျော်တယ်။”လို့ ပြောပါတယ်။
ဘဝကို ကြမ်းတမ်းလား၊ ခတ်ထန်လား မသိသေးတဲ့ တာဘုကလီးဟာ ရွာဘေးက လယ်ကွင်းလေးတခုထဲမှာ ဟောင်းနွမ်းနေတဲ့ လွယ်အိတ်လေးလွယ်ရင်း လေးဂွတစ်လက်နဲ့ ခမောက်မပါ ဟိုဒီလျှောက်သွားပြီး နွားတွေ ထိန်းကျောင်းနေရတာကို ဗိုက်ဝဖို့အရေး လုပ်ရတာမို့ ပျော်နေပါတယ်။ ရွာထဲက ကျောင်းနေတဲ့ သူ့သူငယ်ချင်းတွေက ကျောင်းပိတ်ရက်မို့ တခါတလေ သူနွားကျောင်းရာ ကွင်းထဲကို လာလည်ပြီး အဖော်လုပ်နေပေမဲ့ သူဟာ စာမတတ်လို့ အားငယ်ရမှန်း မသိဘဲ ပြုံးပျော်နေတတ်ပါတယ်။
အခုလို စာသင်အရွယ်မှာ ကျောင်းမနေရတဲ့ ကလေးငယ်တွေဟာ ပယာရောရွာမှာ တာဘုကလီးတယောက်တည်း မကပါဘူး။ ဘဝတူ နွားကျောင်း၊ လယ်၊ တောင်ယာ စတဲ့ ပင်ပင်ပမ်းပမ်း အလုပ်လုပ်နေရတဲ့ ကလေးတွေ အများကြီးဟာ လက်ရှိမှာ ကျောင်းမနေသူတွေပါ။ မိန်းကလေးတွေဆိုရင် အိမ်အလုပ်၊ ကလေးထိန်း စတဲ့အလုပ်တွေသာ လုပ်တာများပါတယ်။ ဒီရွာမှာ အခြေခံပညာ အလယ်တန်းကျောင်း ၇တန်းအထိ ရှိပါတယ်။ ရွာအလယ်တန်းကျောင်းမှာ အောင်မြင်သွားတဲ့ အချို့ကလေးတွေက သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနဲ့ ရန်ကုန်မြို့ တွေမှာသွားပြီး ပညာဆက်သင်ကြရပါတယ်။
ဒါပေမယ့် ပယာရောရွာမှာတော့ အခုချိန်ထိ ဆယ်တန်း(အထက်တန်း)အောင်မြင်ပြီး တက္ကသိုလ် တက်နိုင်တဲ့သူဟာ ၁၀ယောက်အထက် မရှိပါဘူး။ ဒါတွေအားလုံးဟာ အဓိက စားဝတ်နေရေးပြဿနာကြောင့် ပညာရေးကို ထိရောက်အောင် ဆုံးခန်းတိုင် မတတ်နိုင်တဲ့သူတွေပဲ များပါတယ်။ ဒီလို အသိပညာ၊ အတတ်ပညာ မဖွံ့ဖြိုးသေးတဲ့ ပယာရောလို ရွာမျိုးမှာ ကလေးသူငယ်တွေ၊ လူငယ်တွေ ပညာမသင်နိုင် တာဟာ ဒီဒေသ၊ ဒီတိုင်းပြည်ရဲ့ အနာဂတ်အတွက် ရင်လေးစရာပါ။
မိဘတတ်နိုင်ပါလျက်နဲ့ ကျောင်းနေမပျော်တဲ့ ကလေးတွေ၊ ကျောင်းနေချင်လျက်နဲ့ မိဘက ငွေကြေးမတတ်နိုင်သူတွေ၊ မတတ်နိုင်တဲ့ မိဘတွေက ကျောင်းတက်ဖို့ မတိုက်တွန်းလို့ ကျောင်းမနေချင်တဲ့ကလေးတွေ။ ဒီလို အလုပ်ကြမ်းနဲ့ ဘဝကြမ်းတွေကို တပြိုင်နက်တည်း ရင်ဆိုင်နေရတဲ့ ကလေးတွေဟာ ဘဝရှေ့ရေးအတွက် သူတို့ရဲ့ မျှော်လင့်ချက် အိပ်မက်ကလည်း ဆီမီးခမ်းခြောက်လို့ အရောင်မှိန်တဲ့ မီးအိမ်လေးလို မှုန်ပျပျသာ ရှိနေပါတယ်။
ဒါကြောင့် အရွယ်ရောက်လာရင် ရတဲ့အလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးမယ်လို့ တာဘုခလီး ပြောလိုက်တာက “ကျနော်ကြီးလာရင် မိဘကို လုပ်ကျွေးမယ်လို့ မျှော်လင့်ထားတယ်။ အခု ငယ်သေးတော့ ထမင်းဝဝ စားရဖို့ နွားပဲ ကျောင်းအုံးမယ်” ဆိုတာပါပဲ။
မြန်မာပြည်မှာ အလယ်တန်း၊ အထက်တန်းတွေကို မိဘဆရာအသင်းကြေး၊ အားကစားနဲ့ စာကြည့်တိုက်ကြေး၊ တနှစ်စာကျောင်းလခ ကြေးတွေ ပါဝင်တဲ့ ကျောင်းနေကုန်ကျစရိတ်အဖြစ် ကျပ်ငွေ ၁၅၀ဝကနေ ၂၀၀ဝကျပ်အထိသာ ကောက်ခံဖို့ လက်ရှိ အစိုးရရဲ့ ပညာရေး ဝန်ကြီးဌာနက သတ်မှတ်ထားပေမဲ့ မူလတန်းကိုတော့ အခမဲ့ ပညာရေး သင်ကြားခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ တကယ့်လက်တွေ့နဲ့ ပြဌာန်းချက်က ကိုက်ညီမှုရှိမရှိကိုတော့ ကိုယ်တိုင် ရင်ဆိုင်နေရသူ ကျောင်းသားမိဘတိုင်း သိနားလည်ကြမှာပါ။
သို့သော် လိုအပ်နေတာတခုက ကလေးသူငယ်တွေကို ပညာမသင်မနေရ စနစ်မျိုး၊ ပညာမသင်ကြားနိုင်သူတွေကို အစိုးရက ဘယ်လို နည်းလမ်းနဲ့ ထောက်ပံ့ပေးသွားမယ် ဆိုတာမျိုးတွေသာ တရားဝင် ပြဌာန်းထားမယ်ဆိုရင် ကျောင်းမနေတဲ့ ကလေးတွေအရေအတွက်ဟာ လျော့နည်းပျောက်ကွယ်လာပြီး တိုင်းပြည်တိုးတက်မှု လမ်းစပေါ်ပေါက်လာမှာ သေချာပါတယ်။
# ပဋိပက္ခတွေကြားက မတူညီတဲ့ ကလေးတွေရဲ့ ဘဝတွေကို ဆောင်းပါးအဖြစ် ရေးသားတင်ဆက်ပေးခြင်း ဖြစ်ပါတယ်။