မေလ ၁၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းအစိုးရက ဗိုလ်ချုပ်စောလားပွယ်အား မူးယစ်ရာဇာအဖြစ် စွပ်စွဲပြောဆိုမှုများ ရပ်ဆိုင်းသွားခြင်းမရှိပဲ အခြေအနေ ဆက်လက် တင်းမာ ပါက ဒေသခံလူထုကို ထိခိုက်စေမည့် တိုက်ခိုက်မှုမျိုး မရှိအောင် ဆက်လက်တုန့်ပြန်သွားမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင်အမျိုး သားတပ်မတော်(DKBA)က ပြောကြားလိုက်သည်။
DKBA ကလို့ထူးဘောခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်က ၎င်းအပေါ် ထိုင်းအစိုးရ၏ စွပ်စွဲချက်ကို အတတ်နိုင်ဆုံး ငြိမ်းချမ်းသော နည်းဖြင့် ဆက်လက် ဖြေရှင်းသွားမည်ဟု ယခုလို ကေအိုင်စီသို့ ပြောသည်။
“ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်။ ပြည်သူလူထုကို ချစ်တယ်။ တိုက်ပွဲတွေကြောင့် ပြည်သူတွေ အများကြီး ဒုက္ခရောက်ကြ တယ်။ အဲဒီအတွက်ကြောင့် အတတ်နိုင်ဆုံး တိုက်ပွဲတွေ မဖြစ်အောင် ဒီပြဿနာကို ဆက်ပြီး ဖြေရှင်းသွားမယ်”ဟု ဆိုသည်။
ယမန်နေ့က မြဝတီမြို့နယ် ဝေါလေဒေသရှိ ကော်သူးမွဲခီးကျေးရွာ(ဆုံဆည်းမြိုင်)တွင် ပြည်တွင်းပြည်ပ သတင်းထောက် ၅၀ကျော်ကို ခေါ် ယူပြီး ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ကလို့ထူးဘော ကရင်အစည်းအရုံး(KKO) အတွင်းရေးမှူး စောဂုဏ်အောင်ကလည်း “သူတို့ဘက်က မီဒီ ယာနဲ့ပဲ ပြောနေသရွေ့ ကျနော်တို့က မီဒီယာနဲ့ပဲ တုန့်ပြန်ဖို့ အစီအစဉ်ရှိပါတယ်။ သူတို့ဘက်က တစုံတရာ ကိုယ်ထိလက်ရောက် မကျူး လွန်သရွေ့ ကျနော်တို့ ဒီဘက်က ကိုယ်ထိလက်ရောက် လွန်ကျူးဖို့ လုံးဝ အစီစဉ်မရှိပါဘူး။”ဟု ဖြည့်စွက်ပြောဆိုသည်။
တဆက်တည်း၌ပင် ထိုင်းဒု-ဝန်ကြီးချုပ် ချရုမ်ယူဘန်းရူး ဦးဆောင်သည့် ထိုင်းနိုင်ငံ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး-ONCB ၏ ထုတ်ပြန်သည့် မူးယစ်ရာဇာ ၂၅ဦး အမည်စာရင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ်စောလားပွယ်က ၎င်းအနေဖြင့် မူးယစ်ရောင်းဝယ်ခြင်း၊ သုံးစွဲ ခြင်း၊ အခြားသူများအား ရောင်းဝယ်ရန် ခိုင်းစေခဲ့ခြင်း လုံးဝ မရှိခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
“ကျနော်ဟာ မြန်မာနိုင်ငံသားဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ကို သွားအစစ်ဆေးခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျနော့်နိုင်ငံထဲမှာ လာမေးမြန်း မယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ ကျနော်တို့နိုင်ငံမှာလဲ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ရှိပါတယ်။ ထိုင်းမှာလည်း ရှိတယ်။ ကျနော်တို့ နှစ် နိုင်ငံ ပူးပေါင်းပြီး တွေ့ဆုံမေးမြန်းကြမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။”ဟု ၎င်းက ပြောသည်။
ယင်းရှင်းလင်းပွဲသို့ သတင်းထောက်များ အပါအဝင် KNU-KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ၊ သျှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးအဖွဲ့(ရလလဖ)၊ လွတ်လပ်သော အလုပ်သမားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီဝင်မှ ကိုယ်စားလှယ်များနှင့် လူထု စုစုပေါင်း ပရိဿတ် ၂၀၀ကျော် တက်ရောက်ခဲ့သည်။
DKBA ကို ထောက်ခံသည့်အနေဖြင့် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် KNU-KNLA၊ ရလလဖနှင့် ဒေသခံလူများက ဗိုလ်ချုပ် စောလားပွယ်သည် မူးယစ်ဆေးကိစ္စနှင့် ပတ်သက်ခြင်း မရှိသည်မှာ ယုံကြည်ကြောင်း ပြောဆိုခဲ့ကြသည်။
ပြည်တွင်းသတင်းထောက်တစ်ဦးကလည်း “ဒီလိုမျိုး သတင်းစာရှင်းလင်းပွဲလုပ်တဲ့အတွက် ၅၀%လောက်ပဲ အောင်မြင်မှုရမယ်လို့ မြင် တယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေလာရောက် ရှင်းလင်းကြမှပဲ အောင်မြင်မယ်လို့ ထင်တယ်”ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်စောလားပွယ်သည် ထိုင်းအစိုးရ၏ စွပ်စွဲမှုကို ဖြေရှင်းလိုသည့် ရည်ရွယ်ချက်ဖြင့် မေလ ၁ရက်နေ့က ပထမတစ်ကြိမ် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ထပ်မံ ဖြည့်စွက်ပြောဆိုသွားရန်အတွက် မြန်မာပြည်တွင်းမီဒီယာများ၊ ပြည်ပရောက် မြန်မာမီဒီယာများနှင့် ထိုင်း သတင်းထောက်များကို ဖိတ်ကြားကာ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။