မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
အသက် ၉နှစ်အရွယ် ပိုးကရင်လူမျိုး စအိုင်ခလိန်ဟာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ထဲက ဂရမ်းရွာရဲ့ အအေးဆိုင်တဆိုင်မှာ စားပွဲထိုး အလုပ်ကိုလုပ်နေတဲ့ ကလေးငယ်တစ်ဦးဖြစ်ပါတယ်။ ဒီရွာလေးဟာ သူရဲ့ ဇာတိရွာမဟုတ်ပေမဲ့ နွေရာသီကျောင်းပိတ်ရက်မှာ အဖေ၊ အစ်ကိုတို့နဲ့အတူ အလုပ်လာလုပ်နေတာပဲ ဖြစ်ပါတယ်။
ဝါးခယ်မမြို့နယ်အပိုင်ထဲက ကျေးရွာအုပ်စုဝင်တစ်ခုဖြစ်တဲ့ ဂရမ်းရွာလေးမှာ ပိုးကရင်လူမျိုးတွေ နေထိုင်ကြပြီး ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြပါတယ်။ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ဒီရွာရဲ့ အဓိကလုပ်ငန်းကတော့ လယ်စပါးစိုက်ပျိုးခြင်းအပြင် ပဲ၊ ငြုပ်နဲ့ ဥယျာဉ် ခြံလုပ်ငန်းကိုလည်း လုပ်ကြပါတယ်။
အဲဒီဂရမ်းရွာကို ရန်ကုန်ကနေ သဘေင်္ာတတန်၊ မော်တော်ဘုတ်တတန်စီးပြီး သွားရပါတယ်။ မနက် ၆နာရီကျော်ထွက်ရင် မွန်းတည့်ချိန် လောက်မှာ ရောက်ပါတယ်။ ရန်ကုန်မြို့၊ မော်တင်ဆိပ်ကမ်းကနေ လူသုံးကုန် စတဲ့ ကုန်စည်တွေတင်တဲ့ ဧရာဝတီ သုံးထပ်သဘေင်္ာကြီးနဲ့ ကျိုက်လတ်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းအထိကိုစီးပြီး အဲဒီကနေတဆင့် မော်တော်ဘုတ်နဲ့ ၃နာရီနီးပါးလောက် ထပ်စီးသွားမှရောက် တာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း (မြစ်ဝကျွန်းပေါ်)ရဲ့ ကုန်စည်စီးဆင်းရာ အဓိကလမ်းကြောင်းက ရေလမ်းပါပဲလို့ ဒေသခံ ခရီးသည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“ကြံရည် အေးအေးလေး”ဆိုပြီး ဧည့်သည်တွေသောက်ဖို့အတွက် ကရင်သံဝဲဝဲနဲ့ ဆိုင်ရှင်ဆီ လှမ်းမှာပေးပါတယ်။ စအိုင်ခလိန်အနေနဲ့ ဗမာစကားကို လိပ်ပတ်လည်(ကျွမ်းကျင်)အောင် မပြောတတ်တာကလည်း ဒီရွာတင်မက ရွာနီးချုပ်စပ်တွေ အားလုံးနီးပါး ပိုးကရင်လိုပဲ ပြောကြလို့ ကလေးအများစုက မြန်မာစကားကို လည်လည်ဝယ်ဝယ် မပြောတတ်ကြတာပဲ ဖြစ်ကြောင်း အအေးဆိုင်ပိုင်ရှင်က ပြောပါ တယ်။
စအိုင်ခလိန်ဟာ စားပွဲထိုး ဆိုပေမဲ့ သူ့ရဲ့ခြေထောက်မှာ ဖိနပ်မပါသလို ဝတ်ထားတဲ့ ကျောင်းစိမ်းလုံချည်က အဖြူရောင်သမ်းနေပြီး အဖြူ ရောင်အကျင်္ီက ဝါကျင့်ကျင့် ဖြစ်နေပါပြီ။ လုံချည်က မီးပူနဲ့ မထိခဲ့ရလို့ ဒူးခေါင်းနားထိ တွန့်တက်နေပါတယ်။ ဒါ့အပြင် သမန်းချေး ဝနေတဲ့ ခြေသည်းလက်သည်းလေးတွေက အညိုရင့်ရောင်သန်းနေပြီး မညီမညာ ဖြစ်နေပါတယ်။ မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့ ပြုံးလိုက်ရင် ပိတ်သွားတဲ့ မျက်လုံးပိုင်ရှင် စအိုင်ခလိန်ဟာ အပြစ်ကင်းစင်တဲ့ ကလေးငယ်တစ်ယောက်ဆိုတာ ရွာကို ရောက်လာတဲ့ ဧည့်သည်တိုင်းက အသိအမှတ်ပြုကြပါတယ်။
ကလေးတို့ သဘာဝ အအေးဆိုင်နဲ့ ခပ်လှမ်းလှမ်းက ကုက္ကိုပင်အောက်မှာ တခြားကလေးတွေနဲ့ဆော့ကစားလိုက် ဆိုင်ရှင်က လှမ်းခေါ် ရင် ဝိုင်းကူလိုက်နဲ့ ကျောင်းပိတ်ရက်မုန့်ဖိုးရအောင် အလုပ်လုပ်နေသူလည်း ဖြစ်ပါတယ်။ ဒီအအေးဆိုင်မှာ တစ်ရက်စာနှုန်း လုပ်အားခ ရတာမဟုတ်ဘဲ ကျောင်းပိတ်တုန်းဝိုင်းကူပြီး ကျောင်းပြန်ဖွင့်ရင် ဆိုင်ရှင်ဆီက ကျောင်းစရိတ်ရတာပေါ့လို့ပဲ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအကုန် မတ်လအစပိုင်းတွေမှာ ပဲခူးချိန်ဖြစ်လို့ စအိုင်ခလိမ်လည်း ဝင်ငွေရအောင် ပဲခူးရတယ်။ ကျောင်းပိတ်ရက် လည်းဖြစ်တာမို့ အစ်ကိုဖြစ်သူ စအိုင်စူးရှားနဲ့အတူ မနက် ၄နာရီခွဲမှာ အိပ်ယာထ၊ ထမင်းကြမ်းစားပြီး ပဲခင်းထဲမှာ ပဲခူးဖို့ သွားရပါတယ်။ ပဲခူးတဲ့ရက်တွေဆို လက်ထိပ်လေးတွေ နာနေတတ်ပေမဲ့ စအိုင်ခလိမ်ဟာ ဂရုမစိုက်အားပါဘူး။
“၂တင်းဝင်တဲ့အိတ်နဲ့ တစ်အိတ် ခူးနိုင်ရင် ၅၀ဝကျပ်ရတယ်။ အသီးကောင်းရင် ညီအကို ၂ယောက် နှစ်အိတ် သုံးအိတ်ရတယ်။ အဲဒီအခါ တနေ့စာ ဝင်ငွေက ၁၀၀၀၊ ၁၅၀ဝကျပ် ရှိတယ်။ အဲဒါနဲ့ အမေ့ဆေးဖိုး ရတယ်”လို့ သူက ပြောပါတယ်။
စအိုင်ခလိန်ရဲ့ မိခင်ဟာ ဆေးထိုးရင်းနဲ့ ဆေးခဲသွားလို့ တင်ပါးမှာ အကျိတ်ဖြစ်ရာက ပြည်တည်နာဖြစ်ပြီး လမ်းမလျှောက်နိုင်ဘဲ ဖင်ကို
တရွတ်ဆွဲ သွားနေရတာတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ရွာက ဆေးမှူးက လူနာကို အဓိကမထားဘဲ ရက်လွန်နေတဲ့ ဆေးကို ရွာသား တွေ တားနေတဲ့ကြားက ထိုးပေးလိုက်တာကြောင့် သူ့မိခင်ဟာ အခုလို ဖြစ်သွားရတာလို့လည်း နီးစပ်သူတွေက ပြောပြပါတယ်။
“မို့မို့(အမေ)က အခုတော့ သက်သာလာပါပြီး”လို့ အမေအကြောင်းပြောရင်း လက်ဖဝါးလေးနှစ်ဖက်ကို ပွတ်နေတဲ့ စအိုင်ခလိန်ကပဲ ဆက်ပြီးတော့ “မို့မို့က အခု ဆို သူ့ဇာတိ မြဂိုးလေးရွာမှာ ဆွေမျိုးတွေနဲ့ ပြန်နေတယ်။ အဖေက ကြုံရာကျပမ်းသမားဖြစ်လို့ အလုပ်အားရင် ကျနော့်ဆီတော့ လာပါတယ်။”လို့ ပြောပါတယ်။
ညီအစ်ကိုမောင်နှမ လေးယောက်အနက် သူ့ထက်အငယ် ၅နှစ်ရွယ် ညီမလေးနဲ့ ၃နှစ်ရွယ် ညီလေးတို့က အမေနဲ့ အတူတူနေကြတယ်။ အသက် ၁၃နှစ်အရွယ် အစ်ကိုကြီး စအိုင်စူးရှားက လွန်ခဲ့တဲ့ ၂နှစ်ကတည်းက ကျောင်းထွက်လိုက်ပြီး ရရာအလုပ်နဲ့ အိမ်ဝင်ငွေကို ဝိုင်းကူ ရှာနေရပါတယ်။ စအိုင်ခလိန်ကတော့ လာမယ့်စာသင်နှစ်မှာ တတိယတန်းတက်မှာဖြစ်ပါတယ်။
အခု စအိုင်ခလိန်နေရတဲ့ ဂရမ်းရွာဟာ မူလတန်းကျောင်းသာရှိပြီး အလယ်တန်းပညာကို သင်ကြားဖို့ဆို တစ်နာရီလောက် လမ်းလျှောက် သွားရတဲ့ အခြားရွာမှာ သွားတက်ကြရပါတယ်။ သူတို့လို ကလေးတွေဟာ အခုလို ကျောင်းပိတ်ရက်မှာ အလုပ်လုပ်၊ ပိုက်ဆံရှာပြီး မိဘ တွေကို ဝိုင်းကူကြရတဲ့အကြောင်း ဂရမ်းရွာက ကျောင်းဆရာမလေး နန့်ဖောင်ဘွားက အခုလို ပြောပါတယ်။
“ရွာက ကလေးတွေက ကျောင်းစာမှာတော့ သင့်ရုံပါပဲ။ ကျောင်းပိတ်ရက်မှာ ရှာလို့ရတဲ့ ပိုက်ဆံတွေကို မိဘအပ်ကြတယ်။ တချို့ကတော့ ပွဲလေးဘာလေးရှိရင် သုံးဖို့ ပြန်ပေးကြတယ်။ အများအားဖြင့် မိဘတွေက မပြေလည်ကြတော့ အိမ်အတွက် ကလေးတွေပါ ဝိုင်းကူရှာကြ ရတယ်လေ။”လို့ နန့်ဖောင်ဘွားက ပြောပါတယ်။
ဂရမ်းရွာ မူလတန်းကျောင်းမှာ ကျောင်းသူကျောင်းသားတွေအတွက် ဆရာ၊ ဆရာမ ၇ဦးရှိလို့ ကလေးတွေကို ကောင်းကောင်း ထိန်းနိုင် သင်နိုင်ပါတယ်။ နာဂစ်မဖြစ်ခင်ကဆို နွေရာသီမှာ ဆရာတစ်ယောက်ကို ငှားပြီးတော့ ပိုးကရင်စာပေသင်တန်း လုပ်ပေးဖြစ်တယ်။ အခု တော့ ဆက်မလုပ်နိုင်သေးဘူး။ ဆက်လုပ်ဖို့အစီအစဉ်ရှိပါတယ်လို့ စောစောက ဆရာမကပဲ ဆက်ပြောပြပါတယ်။
စအိုင်ခလိန်လေးကို အအေးဆိုင်လာတဲ့ ဧည့်သည်တွေက အလုပ်လုပ်တာပျော်လား၊ ကျောင်းပြန်တက်တော့မှာလား၊ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲလို့ မေးရင် သွက်သွက်လက်လက် ပြန်ဖြေတတ်ပေမဲ့ “မို့မို့ကို လွမ်းလား”လို့ မေးရင် “လွမ်းတယ်”လို့ ပြန်ဖြေရင်း မျက်လုံးက မြေကြီးကိုစိုက်ကြည့်ပြီး လက်က ကျောင်းစိမ်းလုံချည်အနွမ်းလေးကို ဆွဲလိမ်နေပါတယ်။
ငယ်ရွယ်သေးတဲ့ ကလေးသဘာဝ မိခင်ကိုလွမ်းသလို ညနေရေချိုးဆင်းချိန်မှာလည်း သူငယ်ချင်းတွေနဲ့ ချောင်းထဲမှာ ဒိုင်ဗင်ထိုးလိုက်၊ ရေငုပ်လိုက်နဲ့ လွမ်းစရာလေးတွေကို ပျော်စရာတွေနဲ့ အစားထိုးနေရပါတယ်။ လက်ရှိမှာ စအိုင်ခလိန်လေးဟာ သူ့ဘဝရဲ့ အနာဂတ်ကို ရှည်ရှည်ဝေးဝေး၊ မြင့်မြင့်မားမား မတွေးတတ်သေးသူမို့ စားပွဲထိုးလုပ်ရင်း ဆော့ကစားရင်း ကျင်လည်နေရပါတယ်။
ဆိုင်ကိုလာတဲ့ ဧည့်သည်တွေ ပြန်တော့မယ်ဆို စအိုင်ခလိန်ဟာ တံတားပေါ်ကနေ လက်ကလေးပိုက်လို့ ငေးနေတတ်ပါတယ်။ သူငေး ကြည့်တဲ့ မြင်ကွင်းမှာ ခရီးသည်တွေကို တင်ဆောင်မဲ့ မော်တော်ဘုတ်တွေက စီတန်းနေတာမို့ “သား ကြီးလာရင် ဘာလုပ်မှာလဲ”လို့ သူ့ကိုမေးတဲ့ဧည့်သည်ကို “မော်တော်ဘုတ် မောင်းမယ်”လို့ပဲ ရိုးရှင်းစွာ ပြန်ဖြေရှာပါတယ်။
အင်းအိုင်မြစ်ချောင်း ပေါလှတဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ဂရမ်းရွာက စအိုင်ခလိန်လေး မော်တော်ဘုတ် မောင်းချင်တာ အဆန်းမဟုတ်ပေမဲ့
ကလေးတစ်ယောက်ရဲ့ အနာဂတ်ဟာ မော်တော်ဘုတ်မောင်းတာပါလားလို့ ဧည့်သည်တွေက ကောက်ချက်ချလိုက်ကြပါတယ်။
၉နှစ်သားလေးရဲ့ အနာဂတ်မှာ မောင်းချင်တဲ့ မော်တော်ဘုတ်လေးက ချောင်းရိုးတလျှောက် ဧည့်သည်တွေကို ခေါ်ဆောင်သွားပေမဲ့
စအိုင်ခလိန်ကတော့ “စခုတ် စတား (ကျေးဇူးအထူးပါ)”လို့ ပိုးကရင်လို နှုတ်ဆက်စကားလေးဆိုရင်း ဆိပ်ကမ်းမှာ လက်တပြပြနဲ့ ကျန်ရစ် ခဲ့သလို သူငေးမောနေတဲ့ မော်တော်ဘုတ်လေးကလည်း မော်လမြိုင်ကျွန်းဆီ ပုံမှန် ခုတ်မောင်းသွားနေပါတော့တယ်။