(ဖိုးစနေ)
မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ကေအိုင်အေ ဗဟိုကိုယ် စားလှယ် အဖွဲ့တို့ဟာ ၂၀၁၂ခုနှစ် မတ်လ (၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ တရုတ်နို်င်ငံ ရွှေလီမြို့ CJING (HENG) Hotal (A udience Hail)တွင် ၃ ရက်ကြာတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲအပြီးမှာ သဘောတူညီချက်တွေကို ထုတ်ပြန်ခဲ့ကြပေမဲ့ အတိအလင်းလက်မှတ်ရေး ထိုးခြင်းမရှိခဲ့ပါဘူး။
ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူ တွေနဲ့ အောက်ခြေမှာရှိတဲ့ KIA တပ်ဖွဲ့တွေကတော့ ကချင်ပြည်နယ်အတွင်း ယမ်းခိုးယမ်းငွေ့များ ကွယ်ပျောက်ကာ ငြိမ်းချမ်းရေးရရှိရန် ဆန္ဒပြင်းပြစွာတောင်းဆိုမှုတွေကြောင့် KIO ခေါင်းဆောင်ပိုင်းမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကေအိုင်အိုရဲ့ တောင်းဆိုချက်တွေကို မြန်မာအစိုးရမှ လိုက်လျောမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် KIO ခေါင်းဆောင်တွေအနေနဲ့ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိခဲ့တာဟာ ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိဘူးလို့ မြန်မာအစိုးရက စွပ်စွဲလျက်ရှိပါတယ်။ အစိုးရစစ်တပ်မှ တပ်ရင်းပေါင်း(၃၀)ကျော် ဝိုင်းပတ်တိုက်ခိုက်မှုကြောင့် KIA အနေဖြင့် စစ်ရေးအကြပ်အတည်းဖြစ်ပေါ်နေသော်လည်း KIO ခေါင်းဆောင်ပိုင်း အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ အပစ်အခတ်ရပ်စဲရေးကို မလုပ်လိုပဲ နိုင်ငံရေးအရသာ ဆွေးနွေးမှာ ဖြစ်ကြောင်းတင်းခံလျက်ရှိပါတယ်။ ဒီလိုတင်းခံရတဲ့ အကြောင်းရင်းများအနက် အဓိကအကြောင်းရင်း တစ်ခုက တော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေး ဖြစ်စဉ်အပြောင်းအလဲကြောင့်ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ ဗကပ ဟောင်း များက သုံးသပ်ထားပါတယ်။
လက်ရှိအချိန်မှာ မြန်မာ-အမေရိကန် ဆက်ဆံရေး သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာမှုအပေါ် တရုတ်တို့ စိုးရိမ်ပူပန်လျက်ရှိပါတယ်။ ယခင်စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံအပေါ် တရုတ်အနေနဲ့ နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပြုခဲ့ပြီး တရုတ်-မြန်မာနယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့များကို အပစ်အခတ် ရပ်စဲအောင် ဖိအားပေးထားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်များ ကြီးစိုးတဲ့ နယ်မြေ အထူးဒေသ တွေမှာ တရုတ်စီးပွားရေးသမားများဟာ တရားဝင်/ တရားမဝင် လုပ်ငန်းများနဲ့ အကျိုး အမြတ်ရရှိခဲ့တာအားလုံး အသိဖြစ်ပါတယ်။ အဲဒီအချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ မြန်မာ-တရုတ်အစိုးရများနဲ့ တရားဝင် ဆက်ဆံသလို တစ်ဘက်ကလည်း အနောက်နိုင်ငံက CIAလိုအဖွဲ့အစည်း များ၊ ကိုယ်စားလှယ်များကို တရားမဝင် ဆက်သွယ် ချိတ်ဆက်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်နောက်ပိုင်း စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေး လက်မခံတဲ့ တိုင်းရင်းသား အဖွဲ့များအနေနဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကို လည်း လက်မခံခဲ့ပါဘူး။ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေး ကြောင့်စစ်ရေးတင်းမာမှုများဖြစ်ပေါ်လာတဲ့ အထူးဒေသများမှာ ရင်နှီးမြုပ်နှံမှုပြုလုပ်ထားတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးများက တိုင်းရင်းသားအဖွဲ့များကို မြန်မာအစိုးရမှစစ်အင်အားအသုံးမပြုစေရေး တရုတ်အစိုးရထံ တင်ပြတောင်းဆိုခဲ့ကြပါတယ်။
ဒါကြောင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ခုနှစ်ကာလအတွင်း တရုတ်နယ်စပ် အဲ့ဒီတိုင်းရင်းသားအဖွဲ့အစည်း များဟာ စီးပွားရေးအရ တရုတ်နိုင်ငံရဲ့အကာအကွယ်ကိုရယူထားပြီး တစ်ဖက်ကလည်း အနောက်အုပ်စုကိုယ်စား လှယ်များနဲ့ စစ်ရေးအင်အားတည်ဆောက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုအချိန်မှာ တရုတ်-မြန်မာ နယ်စပ်မတည်မငြိမ်ဖြစ်စေလိုတဲ့ အနောက်အုပ်စုက ကိုယ်စားလှယ် အမျိုးမျိုးဟာ KIA , ဝ, SSA (ဝမ်ဟိုင်း) နယ်မြေများကိုရောက်ရှိခဲ့ပြီး စစ်လက်နက်မှောင်ခိုလုပ်ခြင်း၊ နည်းပညာများ ထောက်ပံ့ခြင်း၊ သတင်းကွန်ယက်များတည်ဆောက်ပေးခြင်းတို့ကိုလုပ်ဆောင်ပေးခဲ့ပါတယ်။
၂၀၁၁ ခုနှစ်အလွန် အစိုးရသစ်တက်လာပြီး နောက်မှာတော့ ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးအခင်း အကျင်းအရ မြန်မာ အစိုးရဟာ တရုတ်အစိုးရနဲ့ ဆက်ဆံရေး တုန့်ဆိုင်းသွားသလို အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့် လာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ယခင်က တရုတ်-မြန်မာနယ်စပ်ကို တည်ငြိမ်အောင် လုပ်နေတဲ့ တရုတ် အစိုးရဟာ သူတို့ရဲ့ ယူနန်ပြည်နယ်အတွင်းက အကျိုးစီးပွားများအတွက်သော်လည်းကောင်း၊ မြန်မာနိုင်ငံကို စစ်ရေးအရ အထောက်အကူ ပေးခြင်းကို နိုင်ငံရေးအရ ကစားနိုင်ရန်အတွက် သော်လည်းကောင်း၊ KIA နယ်မြေကို ကြားခံနယ်မြေ(Buffer Zone) အဖြစ်အသုံးချရန် စီမံထားရှိတယ်လို့ တရုတ်-မြန်မာနယ်စပ်လေ့လာသူများက ဆိုပါတယ်။
ဒါကြောင့်လည်း ယခင်က KIA ကို အသွင်ကူးပြောင်းရေးလုပ်ဖို့ မြန်မာစစ်အစိုးရဘက်က ကူညီ ဖိအားပေး ခဲ့တဲ့တရုတ်နိုင်ငံကြီးဟာ ၂၀၁၁ခုနှစ်နောက်ပိုင်းမှာ မြန်မာစစ်အစိုးရကို ခုခံတိုက်ခိုက်နေတဲ့ KIAကို နောက်ကွယ် ကနေ အားပေးထောက်ခံပြီး တရုတ်-မြန်မာနယ်စပ်မှသူ့ရဲ့ဩဇာခံမယ့် လက်နက်ကိုင်အဖွဲ့အစည်းကို မွေးမြူထား ရှိပါတယ်။ တနည်းအားဖြင့် ၁၉၆ဝပြည့်လွန်နှစ်များကအတိုင်း တရုတ်ဩဇာခံပြီး မြန်မာနိုင်ငံအတွက် နိုင်ငံရေးဆူး တစ်ချောင်း ဖြစ်စေမဲ့ ခေတ်သစ် ဗကပ အဖြစ် KIA/KIO အဖွဲ့ကို နောက်ကွယ်ကနေ စစ်လက်နက် ပစ္စည်းများ ထောက်ပံ့လျက်ရှိပါတယ်။ အကယ်၍များ ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိပြီး မြန်မာနိုင်ငံဟာ အမေရိကန် ဘက်ကို လုံးဝယိမ်းသွားခဲ့ရင်တော့ KIA လိုပဲ “ ဝ “ နယ်မြေ မှာထပ်မံပြီး တိုက်ပွဲများ ပြင်းထန်လာမှာ ဖြစ်ပါတယ်။
ဒီလို တရုတ် – မြန်မာနယ်စပ်မှာ အင်အားကြီးနိုင်ငံတွေရဲ့ ခြေရှုပ်မှုများနဲ့အတူ KIA ရဲ့စစ်ရေးအရှိန် မရပ်တန့် တဲ့အခြေအနေမှာ မြန်မာစစ်တပ်အနေနဲ့ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က မိတ္ထီလာမှာ ခြေလျင်၊ သံချပ်ကာနှင့် အမြောက်တပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေပြု လုပ်ရာမှာ တော တောင်၊ မြေပြင် အနေအထားတွေကို KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရဲ့ မြေအနေအထားပုံစံ အတိုင်း ပြုလုပ်ခဲ့ပြီး အမြောက်တပ်ဖွဲ့များရဲ့ တရစပ်ပစ်ခတ်မှုတွေပြုလုပ်ပြီးမှသာ ခြေလျင်နှင့်တင့်တပ်ဖွဲ့တွေက ရန်သူကို အသာတကြည် ချေမှုန်းတိုက်ခိုက်ခြင်း လုပ်ငန်းတွေကို အံဝင်ခွင်ကျလုပ်ဆောင်သွားခဲ့တယ်လို့ အင်တာနက်သတင်းများက ဆိုပါတယ်။ သမ္မတကြီးက ငြိမ်းချမ်းရေး လုပ်ဆောင်နေစဉ် အတွင်း “မတိုက်ရဘူး” ဆိုတဲ့အမိန့်ကြောင့်သာ မြန်မာစစ်တပ် အနေနဲ့ စောင့်ကြည့်နေရပေမဲ့ တကယ်တမ်းတိုက်မယ် ဆိုရင်တော့ တိုက်နိုင်တဲ့သဘော၊ လက်တွေ့ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကိုယခုစစ်ရေးလေ့ကျင်မှုက ပြသခဲ့တာ ဖြစ်တယ်လို့ စစ်ရေးအကဲခက်များက သုံးသပ်ခဲ့ကြပါတယ်။
စစ်ရေးလေ့ကျင့်ခန်းမှာ အသုံးပြုသွားတဲ့ စစ်လက်နက်ပစ္စည်းများဟာ တရုတ်နိုင်ငံထုတ် လက်နက်ကြီး များ၊ တင့်ကားကြီးများဖြစ်ပြီး အတည်မပြုနိုင်တဲ့ သတင်းများအရ မြေပြင်ပစ်တာတိုဒုံးကျည်များ ပါဝင်တယ်လို့ သိရပါတယ်။
KIA စခန်းတွေဟာ ၁၉၉ဝ ပြည့်နှစ်ပိုင်းက ကရင် ပြည်နယ်မှာရှိတဲ့ KNU ရဲ့ အမာခံစခန်းတွေလောက် ခိုင်မာတောင့် တင်းမှု မရှိဘူးဆိုတာကတော့ အသေအချာ ပါပဲ။ ခေတ်သစ်စစ်ပွဲမှာ အမေရိကန်က အီရတ်ကို သိမ်းယူခဲ့ သလိုမျိုး C5ISR စနစ်လို ဗုံးမိုးများရွာသွန်းပြီး Command Center တွေကို ဖြတ်တောက်ကာ အလွယ်တကူ သိမ်းပိုက်ခဲ့ပါတယ်။ အလားတူ မြန်မာ စစ်တပ်က KIA ဗဟို လိုင်ဇာဌာနချုပ်ကို တိုက်ခိုက်မယ် ဆိုရင် တာတိုပစ် Rocket တွေ၊ တာဝေးပစ်အမြောက် ကြီးတွေနဲ့ စိစိညက်ညက်ကြေ အောင် ပစ်ခတ် ပြီးမှ ခြေလျင်တပ်တွေ အလွယ်တကူသိမ်းပိုက်နိုင်တဲ့ နည်းဗျူဟာ ကိုလေ့ကျင်နေတယ်ဆိုတာ အထင်အရှားမြင်တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တဲ့ လိုင်ဇာမြို့သိမ်းစီမံချက်ဟာလည်း ကောလဟာလဆိုတဲ့ သတင်းမျိုးထွက်ပေါ်ခဲ့ပေမဲ့ အမှန်တကယ်ပဲ စီစဉ်မှုတွေ ပြုလုပ်ခဲ့တာလား ဆိုတဲ့အချက်ကို ယခုစစ်ရေးလေ့ကျင့်မှု ကဝေခွဲမရဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်လောက်မှာ တရုတ်နိုင်ငံက ရောင်းချခဲ့တဲ့ တာတိုပစ်ဒုံးကျည် တွေကို စမ်းသပ်သုံးစွဲချင်နေတဲ့မြန်မာစစ်တပ်ဟာ KIA အဖွဲ့အစည်းနဲ့ငြိမ်းချမ်းမရအောင် တမင်လုပ်နေပြီး တာတိုပစ်ဒုံးကျည်တွေအပြင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံက ထုတ်လုပ်တဲ့ လက်နက်အမျိုးမျိုးကို တစ်ကယ်စစ်မြေပြင်မှာ စမ်းသပ်ခွင့်ရရှိအောင်လုပ်နေခြင်းလည်းဖြစ်နိုင်ပါတယ်။ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ် က အကျအဆုံးတွေရှိခဲ့တယ် ဆိုတာကလည်း တကယ်တမ်းတော့ ကရင်ပြည်နယ်မှာရှိတဲ့ မာနယ်ပလော၊ ဝါခသစ်၊ စခန်းသိမ်း တိုက်ပွဲတွေနဲ့ ယှဉ်လိုက်လျင်မြန်မာစစ်တပ်အနေနဲ့ ထိခိုက်ဆုံးရှုံးမှုများတယ်လို့ မဆိုနိုင် ကြောင်း ထိုင်း – မြန်မာ နယ်စပ်က စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ လည်းအဲလိုစခန်းကြီးတွေကို အမြစ်ပြတ်ခြေမှုန်းခဲ့တဲ့ တပ်မ( ၈၈၊ ၃၃၊ ၆၆၊ ၉၉) တို့လို့ တပ်မကြီးတွေရှိနေလို့ အမှန်တကယ်တိုက်မယ်ဆိုရင် KIA ဆက်လက်ရပ်တည်ဖို့အတွက် စိုးရိမ်မှုတွေ ဖြစ်မယ်ဆိ်ုရင်ဖြစ်စရာပါပဲ။ ဒါ့ကြောင့်လဲ KIA နယ်မြေအတွင်း တပ်စွဲထားတဲ့ အဲဒီတပ်မကြီးတွေကို ပြန်လည် ရုတ်သိမ်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ KIA က အပူတပြင်းတောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ ( အပါချီ ) တိုက်ခိုက်ရေး ရဟတ်ယာဉ်လို စွမ်းပကားရှိတဲ့ MI-35 ရဟတ် ယာဉ်တွေရှိနေပြီး အဲဒီရဟတ်ယာဉ်များဟာ သာမန်အားဖြင့် လက်နက်ငယ်ပစ်လို့မပေါက်တဲ့ ရဟတ် ယာဉ်တွေ ဖြစ်တဲ့အပြင် အပူလှိုင်းနဲ့လိုက်တဲ့ ဒုံးကျည်တွေကိုလည်း ရှောင်နိုင်တဲ့အရည်အချင်းရှိတယ်လို့ သိရပါတယ်။ လိုင်ဇာမြို့သိမ်း စီမံချက်ဟာ အတုဆိုပေမဲ့ တကယ်ဟုတ်မဟုတ်ဆိုတာကတော့ မြန်မာစစ်တပ်ရဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ ခြေလျင်၊ အမြောက် ၊ သံချပ်ကာတပ်ဖွဲ့များရဲ့ လေ့ကျင့်ခန်းပြုလုပ်မှုအပြီးမှာ “ တိုက်ပွဲရဲ့သဘောသဘာဝနဲ့ လက်တွေ့သိမြင်နိုင်ဖို့အတွက် တကယ့်စစ်မြေပြင်ရဲ့ မြေပြင်အနေအထားကို တန်းတူဖြစ်အောင် ပုံသဏ္ဍန်ဖော်၍ သရုပ်ပြသလုပ်ဆောင်ခဲ့တာ ဖြစ်တယ် ၊ မည်သည့်နေရာတွင်မဆို ကြိုတင်စီမံမှုတွေ အလွန်အရေးကြီးတယ်။ မိမိတပ်ဖွဲ့၊လက်နက်ခဲယမ်းများနှင့် စွမ်းပကားမြင့်မားသော စစ်လက်နက်ပစ္စည်းများအပေါ် ယုံကြည်မှုရှိရန်နှင့် အချိန်ကိုက်ညီမှု ၊ ဟန်ချက်ညီမှုတို့အား လေ့ကျင့်ခဲ့တာဖြစ်တယ်” လို့ မိန့်ခွန်းပြောကြားချက်တွေကို သတိပြုရမှာဖြစ်ပါတယ်။
KIO ခေါင်းဆောင်တွေအနေနဲ့ –
o “ KIA ကလုပ်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေက MI-35 နဲ့ MIG-29 တွေကို တုန့်ပြန်နိုင်စွန်းရှိပြီလား။
o အတင်းအဓမ္မစုဆောင်းထားတဲ့ KIA တပ်သားသစ်တွေက စစ်ရေးအတွေ့အကြုံများတဲ့ မြန်မာ စစ်တပ်ရဲ့တပ်မကြီးတွေနဲ့ ရင်ဆိုင်တိုက်ခိုက် နိုင်ပါ့မလား။
o ယခင်စနစ်ဟောင်းအတိုင်း ခြေလျင်တပ်တွေအရင်တက်မသိမ်းပဲ လိုင်ဇာဌာနချုပ်က ပစ်မှတ်ကို အတိအကျပစ်နိုင်တဲ့ တာတိုပစ် Rocket တွေနဲ့တိုက်ခိုက်လာရင် KIA ဘယ်လို တုန့်ပြန်တိုက်ခိုက် မှာလဲ။
o တကယ်တမ်းမြန်မာစစ်တပ်က KIO ကိုအမြစ်ပြတ် ချေမှုန်းလာခဲ့ရင် တရုတ်နိုင်ငံက ဘယ်ဘက်က ရပ်တည်မလဲ။
o မြန်မာ-အမေရိကန်ဆက်ဆံရေး ပြေလည်သွားရင် လိုင်ဇာမှာရှိနေတဲ့ CIAအဖွဲ့တွေ ဘာဆက် လုပ်မလဲ။
o KIA ခေါင်းဆောင်ပိုင်းမှာလည်း ကချင်ပြည်သူနဲ့ အောက်ခြေကတပ်ဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ရယူချင်တဲ့ ဆန္ဒကို်မသိသလို ဆက်လက်ဟန်ဆောင်နေနိုင်ပါ့မလား။
စတဲ့မေးခွန်းတွေနဲ့အတူ တရုတ်နဲ့ အမေရိကန်ကြား ဗျာများနေတဲ့ KIO အဖွဲ့အစည်းဟာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းမှာ ဘယ်လိုဆက်လျှောက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။