M. ထက်ခေါင်
(၁)
ချမ်းစိမ့်စိမ့် ဆောင်းညများတွင် ငှက်ဖျား တက်ခဲ့ဖူးသည်။ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် ဆိုသောစကားမှာ တကယ်ပင် ဖြစ်၏။ စိတ်အလျဉ်ပြေးလွှားရာ လိုက်လျှောက်မြင်မက်နေသည့် တောင်စဉ် ရေမရ အိပ်မက်အပိုင်းအစများမှာ လုံးလည်ပတ်ချာလိုက်ပြီး အကြောင်းအရာတခုတည်း၊ တနေရာတည်း ကို ထပ်ခါထပ်ခါ ပြန်၍ရောက် ရောက်နေတတ်သည်။
ပြန်ရောက်တတ်သည့် နေရာတွေကလည်း အိပ်မက် အဆုံးသတ်ရမည့် နေရာတွေ မဟုတ်။ ပြီးပြတ်ပြေလည်အောင် ဖြေရှင်းပေးလိုက်သည့် ကျေနပ်ဖွယ် အိပ်မက်အမျိုးအစားများ မဟုတ်ပဲ မရေရာ မသေချာသော အနာဂတ်ကို ခပ်ရေးရေး လှမ်းမြင်လိုက်ရသည့် အိပ်မက်မျိုးတွေသာ ဖြစ်သည်။
ဒုန်းစိုင်းလာခဲ့ပြီးနောက် ကမ်းပါးအစွန်းတဘက်မှ အခြားသော ကမ်းပါးအစွန်းတဘက်သို့ ခုန်၍ကူး
ခါနီးမှာပင် စီးလာသော မြင်းက တုံ့ကနဲရပ်လိုက်သည်။ ကမ်းပါးစွန်းနှစ်ဘက်၏ အကွာအဝေးမှာ အရှိန်ဖြင့် ပြေး၍ လွှားကနဲခုန်မည်ဆိုလျှင် ရောက်ရှိကောင်း ရောက်ရှိသွားနိုင်သည့် အနေအထား ဖြစ်သည်။ ကမ်းပါးစွန်းမှာ ရပ်လိုက်သည့် မြင်းပေါ်မှနေ၍ ကမ်းပါးအောက်သို့ လှမ်းအကြည့် တိမ်ခိုးတွေအကြား အသူတရာနက်သော ချောက်ထဲမှာ ကွေ့ကောက်စီးဆင်းနေသော ချောင်းကလေးကို တီကောင်ကလေး တကောင်ပမာ တွေ့ရလေသည်။
တဘက်က ချောက်ကမ်းပါးစွန်း၏ နောက်ဘက် ခပ်လှမ်းလှမ်းကိုမူ မြူတွေဆိုင်းနေသောကြောင့် ဘာတွေ ရှိနေမှန်း သဲကွဲစွာ မမြင်ရ။ ထိုမြူများ၏ နောက်တွင် စိမ်းလန်းသော မြက်ခင်းပြင်ကြီး ရှိနေမည် လား၊ ကြည်လင်ဧမြသော စမ်းချောင်းငယ်ကလေးတခု ရှိနေမည်လား၊ တပ်အပ် သေချာ မပြောနိုင်။ ရှိကောင်း ရှိနိုင်သည်။ မရှိချင်လည်း မရှိနိုင်။ အကယ်၍ ရှိနေပါက ထိုနေရာ၌ တွေ့ရမည့် ရေမှာ ချောက်ကမ်းပါး အောက်မှာ မြင်နေရသည့်ရေထက် ပို၍ ကြည်လင်ဧမြပြီး ထိုနေရာရှိ မြက်ခင်းပြင်မှာလည်း စိမ်းစိုလတ်ဆတ် သန့်ရှင်းနေလိမ့်မည်ဟု မှန်းဆနိုင်သည်။
မြင်းသည် မောဟိုက်ပင်ပန်းလျက် ရေကို အငမ်းမရ ငတ်မွတ် တောင့်တလျက် ရှိ၏။ လှမ်း၍မြင်နေ ရသောရေကို သောက်ရန် ဖြတ်လမ်းနည်းဖြင့် ကမ်းပါးအောက်သို့ စွန့်စွန့်စားစား ခုန်ချလိုက်မည်လား၊ ရေရှိမရှိ မသေချာမရေရာသော ကမ်းပါး တဘက်စွန်းသို့ အရှိန်ဖြင့် မိုက်မိုက်ကန်းကန်း ခုန်၍ကူးမည်လား။
ဟိုရောက် ဒီရောက် မြင်မက်နေသော အိပ်မက်အကြောင်းအရာပေါင်းများစွာထဲတွင် ထိုအိပ်မက်
သည် ထိုနေရာ၌ပင် တဝဲလည်လည် ဖြစ်နေ၏။ ထပ်ခါတလဲလဲ မက်နေသော အိပ်မက်မှ ရုန်းထွက်နိုးထ လျက် အိပ်ရာဘေး ပြူတင်းတံခါးကိုအဖွင့် အပြင်ဘက်တွင် ညသည် မှောင်ပိန်းနေဆဲပင် ဖြစ်လေသည်။
(၂)
ဗမာပြည်ထဲ အပြောင်းအလဲတွေ ဖြစ်နေပြီဟု ပြောနေကြသည်။ ဟိုကပြော ဒီကပြောဖြင့် ပြည် တွင်း ပြည်ပပြောဆိုနေကြသော အပြောင်းအလဲတွေ ဆိုသည်မှာ ဘာတွေပါနည်း။ ဘာအပြောင်းအလဲ တွေများ ထူးထူးခြားခြား ဖြစ်နေပါသနည်း။ ကျနော် နေ့စဉ်နေ့တိုင်း ပြည်ပရေဒီယို နှစ်လုံးသုံးလုံး နားထောင်သည်။ အင်တာနက်က စာတွေကို ဖတ်သည်။ ဗမာပြည်အတွက် ထူးခြားထင်ရှား ကောင်းမွန် သည့် တိုးတက်ပြောင်းလဲမှု တစုံတရာ မတွေ့။ မင်းကိုနိုင်တို့ ခွန်ထွန်းဦးတို့ကို လွှတ်ပေးလိုက်ခြင်းမှာ အပြောင်းအလဲမဟုတ်။ ထိုပုဂ္ဂိုလ်တို့မှာ စအဖမ်းခံရကတည်းးက အပြစ်မရှိသူတွေ ဖြစ်၏။ လူထုအကျိုး မျှော်ကိုးလုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်၏ ။ သူတို့အပေါ် မတရားနှစ်ရှည် ထောင်ဒဏ်များ ချထားသည်ကို ဗမာပြည်လူထုကော ကမ္ဘာကပါ သိကြ၏။ ထိုသူတွေကို လွှတ်ပေးလိုက်ခြင်းမှာ လွှတ်သင့်သူများကို လွှတ်ပေးခြင်းသာဖြစ်၍ ကြီးမားသော ပြောင်းလဲမှုကြီး မဟုတ်။ ဒေါ်အောင်ဆန်းစုကြည် ၎င်းတို့ စစ်အုပ်စု လက်အောက် လွှတ်တော်ထဲဝင်၍ အခြေခံဥပဒေပြင်မည့် ကိစ္စမှာလည်း ဗမာပြည်သူလူထုအတွက် သေချာရေရာစွာ မျှော်လင့်နိုင်သည့် အပြောင်းအလဲကောင်း မဟုတ်။
ကမ္ဘာသိ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပြ၊ တိုင်းရင်းသားတွေနှင့် အယောင်ပြ ဆွေးနွေးပွဲတွေ လုပ်ပြပြီး စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးဖို့၊ အကူအညီတွေပေးဖို့ သမ္မတကိုယ်တိုင် မနေနိုင် မထိုင်နိုင် တောင်းတာကတော့ အရှက်မရှိ ဗြောင်ကျလွန်း တုံးလွန်းရာကျလေသည်။ တကယ်တော့ ကိုယ့်တိုင်းပြည်ထဲက အရေးကိစ္စမှာ ကိုယ့်ကိစ္စသာ ဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထုအပေါ် တကယ်တမ်း စေတနာရှေ့ထားပြီး ကောင်းရာကောင်းကြောင်းပြုပြင်ပြောင်းလဲမှုများ လုပ်ရမည်မှာ ကိုယ့်တာဝန်သာ ဖြစ်သည်။ ပြည်ပနိုင်ငံတွေက ကူကူမကူကူ ကိုယ်လုပ်ရမည့်အလုပ်ကို လုပ်မည်ဆိုလျှင် လက်ဖြန့်တောင်းစရာ မလို။ ပြည်ပနိုင်ငံတွေက ဒေသတွင်းအရေးကိစ္စတခုအဖြစ် ကြည့်နေကြတာဖြစ်ပြီး၊ တကယ်တမ်းစေတနာမှန်ကြောင်း ၎င်းတို့ ယုံကြည်ပါက ပြည်သူလူထု အကျိုးအတွက် အကူအညီပေး လာမှာ ဖြစ်သည်။ ယခုလို ကိုယ့်ပြည်တွင်းရေးကိစ္စကို မစွတ်မပွတ် လိုက်လျောမှုတွေ အလျှော့အတင်း တွေ လုပ်ပြပြီး၊ ပြည်ပက ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့နဲ့ အကူအညီတွေ ပေးကြဖို့ တောင်းခံသည်မှာတော့ ဇာဂနာပြောသည့်အတိုင်း နိုင်ငံရေးသမားတွေ ပြန်ပေးဆွဲခံထားကြရသလို ဖြစ်နေသည်။
စစ်အုပ်စုက လူထုအတွက် မဖြစ်စလောက် အပေါ်ယံကြော ပြုပြင်ပြောင်းလဲမှုများ လုပ်ပြသည်မှာ အချို့ကိစ္စရပ်များ၌ ပို၍ပင် ဆိုးသွားခဲ့သည်။ ဥပမာ စာပေစိစစ်ရေးဖြုတ်ပြီး ထုတ်တင်လုပ်ရသည့် ကိစ္စ။ ရိုက်နှိပ်ထုတ်လုပ်ပြီးပါမှ စာအုပ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ ပြဿနာရှာလျှင် ထုတ်ဝေရင်းနှီးခဲ့ သမျှ ဆုံးရှုံးသည့်အပြင် တရားစွဲ ဆိုခြင်းပါ ခံရမည် ဖြစ်၏။ ဦးပိုင်လယ်မြေကိစ္စ၊ မြေလွတ်မြေရိုင်းကိစ္စ တွေမှာလည်း လက်လုပ်လက်စားတောင်သူလယ်သမားများကို ချိုးနှိမ်ထားပြီး ကုမ္ပဏီကြီးများ၏ လက်ဝါး ကြီးအုပ် လုပ်ပိုင်ခွင့်တွေကို ပြဌာန်းထားသည်။ မင်းကိုနိုင်တို့ကို ဖမ်းသည်မှာ ဓာတ်ဆီဈေးတက်မှုအပေါ် လမ်းလျှောက် ဆန္ဒပြခဲ့ကြ၍ ဖြစ်၏။ ယခုသူတို့ကို လွှတ်ပေးလိုက်ချိန်၌ ဓာတ်ဆီဈေးမှာ ယခင်ထက် ၃ဝရာခိုင်နှုန်း ထပ်တက်လိုက်ပြီး ဖြစ်လေသည်။
အရပ်ဝတ်အရေခြုံစစ်အစိုးရက လူထုအတွက် ဘာတွေ ပြေလည်အောင် လုပ်ပေးနိုင်ခဲ့ပြီလဲ။ တိုင်းရင်းသားတွေနှင့် အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးမှုများမှာ အပေါ်ယံကြောသာဖြစ်၏။ တိုင်းရင်းသား တွေက နိုင်ငံရေးအရ အဖြေရှာပြီး ရရှိလာမည့် စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားကြသည်။ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ ကရင် အားလုံးပင် ယခင်ကတည်းက ထိုသဘောထားအတိုင်း ရှိကြသည်။ စစ်အုပ်စုက မလိုက်လျောခဲ့။
ယခုအချိန်၌ တိုင်းရင်းသားတို့ လိုလားချက်အတိုင်း ငြိမ်းချမ်းရေးဖော်ဆောင်မည့် လမ်းစဉ်သို့ ပြောင်းလဲလာပြီလား။ ယခုလောလောဆယ်တွင် ဘိတ်ထားဝယ်ခရိုင် တပ်မဟာ (၄)သို့ စစ်အင်အားများ တိုးမြှင့် ပို့ဆောင်နေသည်။ တပ်မဟာ ၆ နှင့် တပ်မဟာ ၂၊ ၃၊ ၅ တို့တွင်လည်း တပ်ရိက္ခာများနှင့် လက် နက်ခဲယမ်းများ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီကတည်းကစပြီး ယခုအချိန်အထိ တဖြည်းဖြည်း ပို့ဆောင်နေဆဲဖြစ်၏။ တဘက်က အပစ်အခတ်ရပ်ဆိုင်းရေးလုပ်ပြီး တဘက်က ကျူးကျော် အမြတ်ထုတ် ကြခြင်းဖြစ်သည်။
ကေအဲန်ယူနှင့် ရှမ်းအပါအဝင် တော်လှန်ရေးအဖွဲ့အစည်း အတော်များများ စစ်အုပ်စုနှင့် အပစ်အ ခတ်ရပ်ရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးလိုက်ကြသော်လည်း လက်မှတ်ထိုးပြီး နောက်ပိုင်း မှာပင် ကေအဲန်ယူတပ်မဟာ (၃)ဘက်၌ ရန်သူက လက်နက်ကြီးများဖြင့် လှမ်းပစ်၍ အပစ် အခတ်ရပ်ရေး သဘောတူညီချက်မှာ ခိုင်မာမှုမရှိသေးချေ။ ရှမ်းပြည်ထဲမှာလည်း အပစ်အခတ် ရပ်စဲရေး နောက်ပိုင်း တိုက်ပွဲတွေ ဝန်းရံပိတ်ဆို့မှုတွေ ဟိုနားတကွက် ဒီနားတကွက် ဖြစ်ပွားလျက်ရှိသည်။ ခိုင်မာမှုမရှိသော အပစ်အခတ်ရပ်စဲရေးကို မျက်ကွယ်ပြုကာ ၎င်းတို့ စစ်အုပ်စုဘက်က ကျူးကျော်ပစ်ခတ်မည် ဆိုလျှင် တော်လှန်သော တိုင်းရင်းသားများဘက်ကလည်း ပြန်လည် တုံ့ပြန်ရမည်သာ ဖြစ်လေသည်။
(၃)
စစ်အုပ်စုနှင့် အပစ်အခတ်ရပ်ရေး ကေအဲန်ယူဘက်မှ တင်ပြသော သဘောတူညီချက် (၁၁)ချက် တွင် ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားဘဝ အဖြစ် ရန်တည်နိုင်ရေး အာမခံရန်၊ နိုင်ငံရေးအကျဉ်း သားများကို လွှတ်ပေးရန်၊ ပြည်သူပြည်သားဘဝ ပြန်လည်ထူထောင်ရေးနှင့် ပြည်သူတို့၏ မြေယာကိစ္စများ ကို ဖြေရှင်းပေးရန်၊ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊ အထူးသဖြင့် တိုင်းရင်းသားတို့ နယ်မြေများအတွင်း စစ်ပွဲများ အမြန်ဆုံး ရပ်စဲရန် နှင့် ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် လုပ်နည်းလုပ်ဟန်များ ပါရှိသည်။
ထိုအချက်များအားလုံးကို စစ်အုပ်စု မီးရထားဝန်ကြီးက သဘောတူညီလိုက်ပြီး၊ ထိုအချက် (၁၁) ချက် ကိုသာမက အခြားသော တင်ပြလိုသည့် အကြောင်းအချက်များ ရှိလျှင်လည်း တင်ပြနိုင်သေးကြောင်း တက်ကြွစွာ ပြောခဲ့သည်ကို ဗီဒီယိုထဲမှာ တွေ့ရသည်။
ကေအဲန်ယူက ပဏာမ သဘောတူညီချက် လက်မှတ်ထိုးပြီး နောက်တနေ့မှာပင် မင်းကိုနိုင်တို့ ကိုကိုကြီးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာကြသည်။ တိုင်းရင်းသားတို့ နယ်မြေမှ ဖမ်းဆီးထားသူများနှင့် နိုင်ငံရေးသမား အချို့ကတော့ ကျန်ရှိနေသေးသည်။ မန်းငြိမ်းမောင်အား လက်ဆောင်အဖြစ် လွှတ်မည်ပြောပြီး နောက်ပိုင်းရက်များမှာ ထပ်မံတရားစွဲဆိုမှုတွေ လုပ်လာသည့် အဖြစ်မှာတော့ စစ်အုပ်စု၏ ကတိစကား မတည်ကြည်မှုကို တွေ့မြင်ရလေသည်။
မကြာသေးမီကလည်း နယ်ခြားစောင့်တပ်က လက်နက်ဝင်သိမ်းသောကြောင့် ဒီကေဘီအေနှင့် ပြန်လည် ပစ်ခတ်မှုတွေဖြစ်သည်။ ရန်သူ့အစီအစဉ်ဖြစ်ကြောင်း ဒီကေဘီအေက သိ၍ ငြိမ်းချမ်းရေးယူထား သည့် ကာလတွင် ဤသို့မဖြစ်သင့်ကြောင်း ပြောဆိုကာ လက်နက်များကို ပြန်တောင်းသည်။ ဘီဂျီအက်ဖ် နှင့် ဒီကေဘီအေတို့ နှစ်ဘက် ပြေလည်ကြသော်လည်း စစ်အုပ်စုက လက်နက်တွေကို ပြန်မပေးဟု ဆိုလိုက်သည်။ ကရင်အချင်းချင်းအကြား ခလောက်ဆန်နေသော ၎င်းတို့စစ်အုပ်စု၏ သဘောထားကို ပီပြင်ထင်လင်းစွာ ထပ်မံသိရှိလာရပြန်သောကြောင့် ဒီကေဘီအေသည် စစ်အုပ်စုနှင့် ချုပ်ဆိုခဲ့သော အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရုတ်သိမ်းကြောင်း နှင့် ငြိမ်းချမ်းရေးအတွက် ပြန်လည်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကြေညာလိုက်လေသည်။
ထိုသို့ ကြေညာလိုက်သည့် နောက်တနေ့မှာပင် စစ်အုပ်စုက ဒီကေဘီအေ၏ လက်နက်များကို ပြန်၍ပေးလာသည်။ ဒီကေဘီအေ၏ ရိုးရှင်းပွင့်လင်းသော ရပ်တည်မှုအပေါ် မလေးမခန့်လုပ်၍ မရကြောင်း ၎င်းတို့ သိမြင်သွားခဲ့ကြသည်။
အခါမဟုတ် အရာမဟုတ်၊ ရှေ့လောတကြီး လက်နက်တွေ သိမ်းခိုင်းသည်ကစ၍ ဒီကေဘီအေ သာမက၊ ၎င်းတို့နှင့် အပစ်ရပ်သဘောတူ စာချုပ်ချုပ် ဆိုခဲ့သော တိုင်းရင်းသားများအားလုံးသည်လည်း ရန်သူ၏ သဘောထားအမှန်ကို ပိုမိုသဘောပေါက် သိမြင်သွားကြပြီ ဖြစ်လေသည်။ စစ်အုပ်စုသည် ဒီကေဘီအေ နှင့် နယ်ခြားစောင့်တပ်အပါအဝင် ကရင်တမျိုးသားလုံးကိုသာမက တိုင်းရင်းသားအဖွဲ့အစည်း အားလုံးအပေါ် အခြေအနေပေးလျှင် ပေးသလို ဆက်လက်အကောက်ကြံရန် အကွက်ချောင်းနေမည်မှာ မြေကြီးလက်ခတ် မလွဲဖြစ်၏။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ ကေအဲန်ယူမှ ထုတ်ပြန်ကြေညာလိုက်သည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိနိုင်ရန် မရှိမဖြစ်လိုအပ်သော အဆင့်လေးဆင့်တွင် ပဏာမ အပစ်အခတ်ရပ်စဲရေး အဆင့်၊ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးအဆင့်၊ ကနဦးနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု (အခြေခံနိုင်ငံရေး ပြဿနာ များကို အဖြေရှာရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး)၊ နှင့် နိုင်ငံရေးအရ ပူးပေါင်းပါဝင်ခြင်း ဟူ၍ တွေ့ရှိရသည်။
တိုင်းရင်းသားများအနေဖြင့် အမျိုးသား တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များအပေါ် အခြေခံသည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် စစ်အုပ်စု လက်အောက်ခံ အရပ်ဝတ်အစိုးရအား ယူအဲန်အက်ဖ်စီ နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်စေချင်သည်။ သို့ရာတွင် စစ်အုပ်စုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည့်အစား တိုင်းရင်းသားတို့ ဒေသအတွင်း တပ်တွေတိုးချ၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများ တိုးပို့ စသည့် နယ်မြေစိုးမိုးရေး လုပ်ရပ်များ လုပ်ဆောင်လာသောကြောင့် ကေအဲန်ယူသည် စစ်အုပ်စုတပ်များ ကျေးရွာများအနီးမှ အားလုံး ရုတ်ပေးရန်၊ ဒေသတွင်း အများအပြား ပို့ဆောင်ထားသော တပ်အင်အားကို လျှော့ချရန်၊ တပ်သား၊ ရိက္ခာ၊ လက်နက်ခဲယမ်းများ ပို့နေမှုကို ချက်ချင်း ရပ်ပစ်ရန် နှင့် ကနဦးသဘောတူညီချက် ၁၁ချက်တွင် ပါဝင်ခဲ့သော်လည်း အပြည့်အဝ ဆောင်ရွက်ပေးခြင်း မရှိခဲ့သော နိုင်ငံရေးအကျဉ်းသားအားလုံး (ကရင်ရွာသားများနှင့် ကေအဲန်ယူအဖွဲ့ဝင် များ အပါအဝင်) ချက်ချင်းလွှတ်ရန်၊ တိုင်းရင်းသားဒေသအားလုံးမှ စစ်ဆင်ရေးအားလုံး ချက်ချင်း ရပ်ရန် ထုတ်ပြန် တောင်းဆိုလိုက်လေသည်။ မိမိတို့ တောင်းဆိုမှုများကို စစ်အုပ်စုက လိုက်လျောလာမည်လား။ အကယ်၍ မလိုက်လျောပါက မည်သို့ ဆက်လက် ဆောင်ရွက်မည်နည်း။
ဒေသခံ ကရင်တပ်မှူးတပ်သားများ၏ တောက်ပပြောင်မြောက်သော အခန်းကဏ္ဍကို ပြည်တွင်း ပြည်ပ ကရင်အမျိုးသားထုက မျှော်လင့်အားထားစွာ စောင့်ကြည့်နေကြလေသည်။
(၄)
ဗမာပြည် တကယ်ပြောင်းလဲ မပြောင်းလဲ လူထုအတွက် စဉ်းစားဆင်ခြင်စရာတွေ ရှိလာသည်။
ဗမာပြည်မှာ ဘာတွေများ ပြောင်းလဲလာပြီလဲ။ ဘာတွေကို ဘယ်လိုဖြေရှင်း ပြေလည်ပြီး၊ ဘယ်နေရာ တွေမှာ ဘယ်လောက်တိုးတက်ပြောင်းလဲလာပြီလဲ။ စက်ရုံအလုပ်သမားတွေကိစ္စ၊ လုပ်ခလစာ နည်းပါးမှု မညီမျှမှုများအပေါ် ဆန္ဒပြတောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ပြီလား။ ချိတ်ပိတ်ခံထားရသော ဘုန်းတော်ကြီးကျောင်းကို ထောင်ကလွတ်လာသည့် သံဃာတော်က တာဝန်ရှိသူအချို့ထံ အကြောင်း ကြားကာ ကိုယ့်ကျောင်းကိုယ် ပြန်ဖွင့်ဝင်သည့်အပေါ် ပြဿနာလုပ်ပြီး ကျောင်းက ထပ်မံနှင်ထုတ်သည့် ကိစ္စ၊ သာသနာရေး ဦးစီးဌာနက လက်ပါးစေများ ဦးဂမ္ဘီရကို ထပ်ပြီး ဖမ်းဆီးသည့်ကိစ္စ ပြေပြေ လည်လည် တောင်းပန်ဝန်ချပြီး ပြန်လွှတ်ပေးလိုက်ပြီလား၊ စစ်အုပ်စု ကြိုးဆွဲခံ သံဃာ့နာယကအဖွဲ့က ရွှေညဝါ ဆရာတော်ကို ကိုယ့်ကျောင်းကိုယ် သီတင်းသုံးနေရာက နှင်ထုတ်တာ၊ တရားဟောခွင့် ပိတ်ပင် တာတွေ ပြေလည်သွားပြီလား။ တိုင်းရင်းသား များနှင့် အပစ်အခတ်ရပ်ရေး ဆွေးနွေးမှုတွေကနေ စစ်မှန် သော ငြိမ်းချမ်းရေးအတွက် လမ်းစမြင်ရပြီလား။ နိုင်ငံရေးဆွေးနွေးမှုများ အစပြုရန် ပြင်ဆင်နေကြပြီလား။ တောင်သူလယ်သမားတို့၏ ဘိုးဘွားပိုင် လယ်ယာမြေများ သိမ်းဆည်းခံရသည့်ကိစ္စ၊ မြေလွတ်မြေရိုင်း ဥပဒေပုဒ်မ မတရားတပ်ကာ၊ စီပွားဖက် လက်ဝေခံကုမ္ပဏီကြီးများကို လုပ်ပိုင်ခွင့်များ အလွန်အမင်း ချထား ပေးပြီး ကျောမွဲတွေအပေါ် ဖိနှိပ်ပိတ်ပင်ထားတာတွေ ပြောင်းလဲသွားပြီလား။
တိုင်းရင်းသား နယ်မြေအချို့တွင် စစ်တပ်များ တိုး၍ချ၊ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ကာ၊ တိုင်းရင်းသားတို့အား အမြစ်ပြုတ်ချေမှုန်းရေးသို့ ဦးတည်နေသည့် လုပ်ရပ်များမှ နောက်ဆုတ် ရုတ်သိမ်း သွားကြပြီလား။ ကချင်ပြည်နယ် နယ်စပ်ဒေသဘက် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည် များအရေး၊ ဗမာနိုင်ငံ နယ်စပ်ဒေသအနှံ့အပြားမှ ဒုက္ခသည်များအရေး ပြေလည်မှု ရသွားကြပြီလား။
လျှပ်စစ်မီးတွေ နေပြည်တော် တနေရာတည်းမှာ စုပြုံထွန်းလင်းမနေပဲ ယခင်ကလို ဗမာတပြည်လုံး အနှံ့ ၂၄ နာရီ ရေမီးအစုံနဲ့ ပြန်ဖြစ်လာကြပြီလား။ လမ်းကြီးလမ်းသေးမကျန် လမ်းတွေအကုန်ကောင်းပြီး၊ လေယာဉ်တွေ ရထားတွေ အကုန်အချိန်မှန်ကာ၊ ကုန်ဈေးနှုန်းတွေ ကျ၊ ဆေးရုံတွေမှာ ဆေးတွေပြည့် လျက်၊ အောက်ခြေလူထုအတွက် အခမဲ့ကုသခွင့်တွေ၊ အခမဲ့ မသင်မနေရ ပညာရေးစနစ်တွေနဲ့ လူထုအားလုံး သက်သာချောင်ချိ ပြုံးပျော်နိုင်ကြပြီလား။ …. စသည် … စသည်ဖြင့် ပြေလည် ပြောင်းလဲမှုတွေ ဘယ်လောက်များ ဖြစ်သွားပါသလဲ။
ထိုအရာတွေအားလုံး မပြေလည်သည့်တိုင် ထိုအရာတွေထဲက တစ်ခု နှစ်ခုလောက် ပြေလည်မှု ရရှိပါပြီလား။ ဘာတစ်ခုမျှ မပြေလည်ပဲ ဘာတွေကိုများ ပြောင်းလဲနေပြီဟု ဇွတ်အတင်း ဟစ်ဆိုနေကြပါ သလဲ။ ဗမာပြည် ပြောင်းလဲနေပြီ ဆိုသောစကားကို ကျနော် လက်ခံယုံကြည်မှု မရှိချေ။
(၅)
ကျနော့်ဆောင်းပါးများတွင် ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး စသည့်အမည်များ ပါရှိရာ၊ ဒေါ်အောင်ဆန်းစုကြည်တဦးကိုသာ “ ဒေါ်” တပ်ခေါ်ဝေါ်ထားပြီး ကျန်ပုဂ္ဂိုလ်တွေကိုတော့ အများ ခေါ်နေကျအတိုင်း မင်းကိုနိုင်၊ ကိုကိုကြီး၊ ဇာဂနာ စသဖြင့် ခေါ်ဝေါ်ရေးသားနေခြင်းမှာ အခြေအနေ အချိန်အခါနှင့် ကိုက်ညီမှု မရှိတော့ကြောင်း မိတ်ဆွေတယောက်က ပြောသည်။ မိဘအရွယ် ရောက်နေ သော ရုပ်ရှင်သရုပ်ဆောင်များကို လူငယ်တဦးက ဇင်ဝိုင်း၊ မေသန်းနု၊ လူမင်း၊ ထွန်းအိန္ဒြာဗို စသဖြင့် အနုပညာရှင်နှင့် ပရိသတ် ရင်းနှီးမှုအတိုင်းအတာဖြင့် လွတ်လပ်စွာ ခေါ်ဝေါ်သည်မှာ ပြဿနာ မဟုတ် သော်လည်း လူမှုရေး နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်ကြသူများကိုတော့ ထိုသို့ ခေါ်ဆိုဖို့ မသင့်ကြောင်း၊ ယခင် ခေါ်နေကျအတိုင်း နှုတ်ကျိုးနေသော အခေါ်အဝေါ်ကို ယခုအချိန်မှာ ပြင်သင့်ပြီ ဖြစ်ကြောင်း၊ အသက်အရွယ်ကလည်း လေးဆယ်ကျော် ငါးဆယ်တန်းတွေ ဖြစ်လာသည့်အပြင် ပြည်သူလူထုအကျိုး အတွက် ရဲရဲဝံ့ဝံ့ တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ၎င်းတို့၏ စေတနာ သဘောထားများ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများ၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် မဆုတ်မနစ် ဆက်လက်ရပ်တည် ထောက်ကူသွားမည့် ၎င်းတို့၏ ဦးဆောင်မှုများမှာ ဂုဏ်ရောင်ပြောင်သော လုပ်ရပ်များ ဖြစ်သောကြောင့် ထိုဂုဏ်သိက္ခာနှင့် လျော်ညီစွာ လေးစားသမှုဖြင့် ဦး တန် “ ဦး” ကို တန် “ ကို ” ခေါ်ဆိုရေးသားသင့်ကြောင်း ကျနော့် မိတ်ဆွေက ပြောသည်။ လက်ခံနိုင်သော အဆိုဖြစ်၏။
တကယ်တော့ ဦးသူရ(ဇာဂနာ)တို့၊ ဦးမင်းကိုနိုင်တို့ ၊ဦးဂမ္ဘီရတို့ အားလုံးကို ခြွင်းချက်မရှိ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွှတ်ပေးလိုက်ခြင်း မဟုတ်။ ပုဒ်မ ၄၀၁(၁) ဖြင့် လွှတ်ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း သိရသည်။ ထိုပုဒ်မအရ ၎င်းတို့ကို စောင့်ကြည့်နေမည် ဖြစ်ပြီး အကယ်၍ စစ်အုပ်စု မနှစ်မြို့သည့် အမှုကိစ္စ တခုခု ထပ်မံကျူးလွန်သောကြောင့် နောက်ထပ်တဖန် ဖမ်းဆီးခံရပါက ယခင်က ကျန်ရှိခဲ့သည့် ပြစ်ဒဏ် များ အားလုံးပါ ပြန်လည်ကျခံရမည်ဟု ဆိုသည်။ မတရားသော စွဲချက်များဖြင့် အရမ်းကာရော ချမှတ် ထားခဲ့သော နှစ်ခြောက်ဆယ်ကျော် ပြစ်ဒဏ်များဖြင့် ချည်နှောင်ထားခြင်း ဖြစ်သည်။ ၎င်းတို့လှုပ်ရှားမှုမှာ ထောင်နှုတ်ခမ်းပေါ် ဝန်ထုပ်ဝန်ပိုးအပြည့်ဖြင့် လမ်းလျှောက်နေရသူများလို ဖြစ်နေသည်။
ဦးမင်းကိုနိုင် ထောင်ကပြန်လွတ်လာချိန်မှာ အိမ်ကိုတိုက်ရိုက်ပြန်မသွားနိုင်ပဲ၊ လူထု၏ တောင်းဆို ချက်အရ သရက်၊ ကြို့ပင်ကောက်၊ ပေါင်းတလည်၊ သာယာဝတီ၊ လက်ပန်တန်းတို့မှာ လူထုကို တွေ့ဆုံနှုတ်ဆက် ဟောပြောမှုများ လုပ်ခဲ့သည်ကို အင်တာနက်မှာ တွေ့ရသည်။ ဘုရားဝတ်ပြုရှိခိုးစဉ် ဆုတောင်းတာကို သဘောကျသည်။ ဗမာပြည်တပြည်လုံး အကြောက်တရားကင်းပြီး၊ စစ်မှန်တဲ့ ပြည်ထောင်စု၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ စစ်စစ်ကို ရရှိနိုင်တဲ့ လူထုတွေ ဖြစ်ပါစေကြောင်း ဘုရားထံမှာ ဆုတောင်းလိုက် ခြင်း ဖြစ်သည်။ မိမိလို ထောင်ကျခဲ့ကြသူများ၊ ထောင်ထဲမှာ အသက်ပါ ပေးလိုက်ရသူများ၏ မိဘများကို လည်း တွေ့ဆုံခဲ့သည်။ လက်ပန်တန်းမှာ ဟောပြောရာတွင်လည်း မတရားမှုတွေကို ဆန့် ကျင်ဖို့၊ မိမိတို့ လိုအပ်တာတွေကို ညီညီညွတ်ညွတ်နဲ့ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ တောင်းဆိုဖို့၊ အနုနည်းနဲ့ ပြောမရ ဆိုမရတဲ့ သူတွေကိုကျတော့ ဓားမှန်းသိအောင် ဓားအိမ် ချွတ်ပြသင့် ချွတ်ပြကြရမည် ဖြစ်ကြောင်းများ ပြောကာ “ဓားအိမ်ကို ချွတ်ပြရဲတယ် မဟုတ်လား”ဟု လူထုကို မေးခဲ့သည်။ ဓားအိမ် ချွတ်ပြရဲသူတွေများစွာ ရှိနေ၏။ ထောင်ကျဖက် လူငယ်နှစ်ဦးသုံးဦး နှင့်အတူ အရေးကြီးပြီဟူသော သီချင်းကို တက်ကြွစွာ သီဆိုခဲ့သည်။ လူထုကလည်း တေးသွားအတိုင်း လက်ခုတ်သံ စည်းချက်လိုက်ကာ အားပေးခဲ့ကြသည်။
ဦးကိုကိုကြီးက တိုင်းရင်းသားတို့ အရေးကိစ္စကို စိုးရိမ်ပူပန်စွာ ပြောခဲ့သည်။ ပြည်တွင်းစစ်မှာ တိုင်းရင်းသားများနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မဆွေးနွေး မဖြေရှင်းနိုင်သောကြောင့် ဖြစ်ကြောင်း၊ ထိုကိစ္စ မဖြေရှင်းနိုင်သ၍ အပစ်အခတ်ရပ်လိုက် ပြန်၍ ဖြစ်လိုက်ဖြင့် သံသရာလည်နေ မည်သာ ဖြစ်သည်ဟု ဦးကိုကိုကြီး ပြော၏။ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့်သာလျှင် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားတန်းတူညီမျှရေးကို အပစ်ရပ်ရေးကိစ္စလို တထိုင်တည်း ဆွေးနွေးရုံဖြင့် ပြီးပြည့်စုံသည့် အဖြေ ရရှိနိုင်မည် မဟုတ်ဟု ဦးကိုကိုကြီး ဆို၏။ ရှေ့ဆက်လုပ်ဆောင်မည့် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ကျောင်းသားနိုင်ငံရေးထက်ကျော်သော နိုင်ငံရေး ပုံသဏ္ဍာန် တခုကို ပြောင်းလဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဦးကိုကိုကြီး ပြောခဲ့သည်။ တိုင်းရင်း သားတို့ အနေဖြင့် ဦးကိုကိုကြီးတို့၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် များစွာ စိတ်ဝင်စားမှု ရှိနေမည် ဖြစ်၏။
မြစ်ဆုံရေကာတာကိစ္စနှင့် ရပ်ရွာလူထုပိုင် မြေယာများအဓမ္မ သိမ်းဆည်းခံရသော ကိစ္စသာမက တိုင်းရင်း သားအားလုံးအတွက် ရပ်တည်ပြောဆိုနေသော ဒေါ်ဘောက်ဂျာ၏ သဘောထားအမြင်များကို ကြိ်ုက် သည်။ တိုင်းရင်းသားတို့ နယ်မြေများအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်ကျူးကျော်ခံရသော အဖြစ်များ ချုပ်ငြိမ်းစေရန်နှင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု စစ်စစ် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းရာတွင် ဒေါ်ဘောက်ဂျာ၏ အခန်းကဏ္ဍ ပါရှိနေမည် ဆိုသည်ကို ယုံမှားသံသယ ဖြစ်စရာ မရှိ။
(၆)
ဒီမိုကရက်တစ်တော်လှန်ရေး အုပ်စုကလေးများထဲတွင်လည်း ဗမာပြည်ပြောင်းလဲနေပြီဆိုကာ ပြည်တွင်းဝင်ပြီး အဲန်ဂျီအို အုပ်စုတွေနှင့် တွဲဖက်လုပ်ကိုင်လျက် ကိုယ်ကျိုးစီးပွားရှာနိုင်ရေး အိမ်ပြန်မည် တကဲကဲ အထုပ်ပြင်နေကြသူတွေ ရှိသည်။ ရန်သူနှင့် ယခင်ကတည်းက အချိတ်အဆက်ရှိခဲ့သူများဟု ယူဆရသူ အချို့ကတော့ တာဝန်ရှိသူအချို့နှင့် အတွင်းကြိတ် တွေ့ဆုံညှိနှိုင်းပြီး အများတကာထက် လက်ဦးမှုရအောင် ဗမာပြည်ထဲကို မျက်နှာပြောင်စွာ အလည်အပတ် ရောက်သွားကြပြီ ဖြစ်၏။ အချို့က တော့ အပြီးပြန်တာ ဟု ဆို၏။ ပြည်တွင်းမှနေ၍ ရန်သူကို အတိုက်အခံ လုပ်မည်လား၊ ရန်သူ့လက်အောက် ခံ အဖြစ် အဲန်ဂျီအိုနှင့် ပူးပေါင်းလုပ်မည်လား။ လမ်းနှစ်သွယ်ပဲ ရှိသည်။ တတိယနည်းလမ်းဟူ၍ မရှိ။
ပြီးခဲ့သည့် ရက်များအတွင်း မွန်ပြည်သစ်ပါတီက စစ်အုပ်စုနှင့် အပစ်ရပ်ရေး ပဏာမ သဘောတူ လက်မှတ်ထိုးကြောင်း ကြားလိုက်ရသည်။ မကြာမီလအနည်းငယ်တွင် စစ်အုပ်စုနှင့် နိုင်ငံရေးအရ ဆွေးနွေး ဖို့ရှိကြောင်းလည်း သိရသည်။ ကချင်ပြည်နယ်ဘက်က သေနတ်သံများကမူ ခုချိန်ထိ မစဲတတ်သေးချေ။
ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးလှည့်လည် စည်းရုံးဟောပြောမှု အစီအစဉ်အချို့၌ ဟောပြောမည့်နေရာနှင့် ပတ်သက်၍လည်းကောင်း၊ လာရောက်အားပေးကြမည့် လူထုနှင့် ပတ်သက်၍ လည်းကောင်း နှောက်ယှက်ပိတ်ပင်မှုများရှိကြောင်း ကြားသိရသည်။ နေပြည်တော်မှာ ရွေးကောက်ပွဲ ဝင်မည့် အဲန်အယ်လ်ဒီဆိုင်းဘုတ်အချို့ ဖျက်ဆီးခံရကြောင်းလည်း ကြားရသည်။ ရံပုံငွေ ရှာပွဲများတွင် လည်း အစီအစဉ်ပျက်စေရန် ပိတ်ပင်ဟန့်တားမှုတွေ လုပ်သည်။ ၁၉၉ဝ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အဲန်အယ်လ်ဒီ စည်းရုံးဟောပြောစဉ်က အဖြစ်များကို သတိရဖွယ် ဖြစ်လေသည်။ လွှတ်တော်၌ လက်ကိုင်တုတ် ကြံ့ဖွံ့အမတ်များနှင့် စစ်ဗိုလ်တမတ်သားတို့ဖြင့် ကိုယ်စားလှယ်မဲအများစု ရယူထားသည့်တိုင် စစ်အုပ်စုအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ၂၀၁ဝ တုန်းကလို မဲခိုးမဲလိမ် ကြိုတင်မဲ စသည်တို့ဖြင့် နည်းလမ်းမျိုးစုံသုံးကာ မသမာမှုများ လုပ်မလုပ် ဆိုသည်ကို ဗေဒင်မေးစရာ လိုမည် မဟုတ်။
ရန်သူသည် သူ့အလုပ် သူလုပ်မည်သာ ဖြစ်၏။ မည်မျှပင် ဟန်ဆောင်ချုပ်တည်းထားသော်လည်း သူ့အကျင့်ကို သူမဖျောက်နိုင်။ ဟိတောပဒေသမှ စာပိုဒ်တခုမှာ ဆင်ခြင်ဖွယ် ဖြစ်သည်။
“ ပင်ကိုယ်ဇာတိကို စွန့်ပစ်နိုင်ခဲ၏။ ခွေးကို ရာဇပလ္လင်ထက်၌တင်ကာ ဘုရင်မြှောက်သော်လည်း၊ ထိုခွေးဘုရင်သည် မိမိ၏ ဇာတိရုပ်အတိုင်း ဘိနပ်ကို အဘယ့်ကြောင့် မစားပဲ နေအံ့နည်း။ ”
ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သော ဂယောက်ဂယက် အိပ်မက်ထဲမှ မောဟိုက်ပင်ပန်းနေသည့် မြင်းအနေဖြင့် လှမ်း၍မြင်နေရသော ရေကိုသွားသောက်ရန် ချောက်ကမ်းပါးအောက်သို့ စွန့်စွန့်စားစား ခုန်ချလိုက်မည်လား၊ ကမ်းပါးတဘက်ခြမ်းမှာ ရှိမရှိ မသေချာ မရေရာသည့် ရေကြည်ရေသန့်နှင့် လတ်ဆတ်သော မြက်ခင်းပြင်ကို မျှော်လင့်လျက် မိုက်မိုက်ကန်းကန်း ခုန်၍ ကူးမည်လား ဆိုသည့် အသုံးအနှုန်းများနှင့် ပတ်သက်၍ မည်သည့်လုပ်ဆောင်မှုက စွန့်စားခြင်းလဲ၊ မည်သည့်အပြုအမူက မိုက်ကန်းခြင်းလဲ ဆိုသည်ကို ဝေဖန်ချက် ငြင်းချက်များ ထုတ်ကြပါလေကုန်။ ညကတော့ မှောင်ပိန်းနေဆဲပင် ဖြစ်၏။
M. ထက်ခေါင်