နော်ဝါးဝါးဖိုး
ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၂ ခုနှစ်
အခုအချိန်မှာ ကရင်လူထု တော်တော်များများရဲ့ကြားမှာ KNU နဲ့ အစိုးရကြား ပဏာမချုပ်ဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် စိုးရိမ်မူတွေ အများအပြား ဖြစ်နေကြတာကို တနေ့တခြား ပိုပြီး ကြားသိလာရပါတယ်။ ကိုယ့်ကရင်လူထုတွေရဲ့ သောကကိုကြည့်ပြီး ကျမလည်း စိတ်မကောင်း ဖြစ်ရပါတယ်။ သူတို့နည်းတူပဲ ကျမလည်းထပ်တူ ခံစားရပါတယ်။
ကျမ မှတ်သားမိသလောက်တော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သွားခဲ့တဲ့ အဖွဲ့တွေထဲက တချို့ဟာဆိုရင် ဆွေးနွေးပွဲက ပြန်လာပြီး နောက်ပိုင်းမှာ ကိုယ့်မိခင် KNU အဖွဲ့ကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းသွားတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုတာ ကျမတို့အားလုံး သင်ခန်းစာယူပြီး အတူတကွ စဉ်းစားအဖြေရှာကြရအောင်။
ကျမရဲ့ စဉ်းစားချက်တချို့ကို ဒီနေရာမှာ တင်ပြသွားမှာပါ။ စာဖတ်သူတွေ အနေနဲ့လည်း ကျမရဲ့ တင်ပြချက်အပေါ် သဘောတူတာမျိုး ရှိနိုင်သလို သဘောထား ကွဲလွဲတာမျိုးလည်း ရှိနိုင်ပါတယ်။ ဘယ်လို အမြင်သဘောထား ရှိသူကိုမဆို ဝင်ရောက်ဆွေးနွေးဖို့ ကျမအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်ပါတယ်။ ကရင်တွေ ငြိမ်းချမ်းရေးရဖို့က ကရင်အားလုံးမှာ တာဝန်ရှိတာပါ။ ကျမက သာမန် ကရင်ပြည်သူ တစ်ဦးပါဘဲ။ KNU, DKBA ပြီးတော့ ဘယ်ကရင်ပါတီဝင်တွေနဲ့မှ ဆွေမျိုးတော်စပ်ခြင်း၊ အဖွဲ့ဝင် ဖြစ်ခဲ့ခြင်းမျိုးလည်း မရှိပါဘူး။ ဒါပေမဲ့ သူတို့အားလုံးနဲ့ တူတာကတော့ ကရင်သွေးပါပဲ။ ဒါကြောင့် ကရင်လူမျိုး တယောက်အနေနဲ့ ဒီစာကို အစွဲကင်းကင်းနဲ့ ဘက်မလိုက်မိစေဖို့ အတတ်နိုင်ဆုံး ကြိုးစား ရေးသားထားပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့သွားတဲ့ အဖွဲ့တိုင်းဟာ ကိုယ့်လူမျိူးအတွက် မျော်လင့်ချက်တကြီးနဲ့ သူတို့တွေအတွက်ဆို ရန်သူလို့ သတ်မှတ်လို့ရတဲ့ အစိုးရရဲ့ နယ်မြေထဲကိုဝင်ပြီး အခြေအတင် ဆွေးနွေးခဲ့ ကြတာပါ။ ကိုယ်ကျိုးအတွက်ရည်ရွယ်ပြီး ကိုယ့်တိုင်းရင်းသားကို ခုတုံးလုပ်ကာ သွားဆွေးနွေးခဲ့တဲ့သူတွေတော့ ပါနိုင်မယ်မထင်ပါဘူး။ သူတို့ကိုယ်ကျိုးအတွက်သာ ဖြစ်မယ်ဆိုရင် အစိုးရနဲ့ လျိူ့ဝှက်ဆွေးနွေးပြီးတော့ ခွဲထွက်သွားကြမှာပါပဲ။ မြန်မာအစိုးရရဲ့ သိမ်းသွင်းတဲ့နည်း
ဗျူဟာတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း အများကြီးရှိတာ တွေ့ရပါတယ်။ ခေါင်းဆောင် တစ်ယောက်ချင်းဆီကို ဗမာစစ်တပ်က စီးပွားရေးနဲ့လာဆွယ်တယ်၊ ဆွယ်မရရင် ခြိမ်းချောက်တယ်။ အမျိူးမျိူးပါပဲ။ အပျော့ အမာသုံးတာပေါ့။ ဒါပေမဲ့ ကျမတို့ ခေါင်းဆောင်တွေ စိတ်ယိုင်မူက ရာခိုင်နှုန်းအရ ပြောရရင် တော်တော်လေးကို နည်းတယ်လို့ ကျမတဦးအနေနဲ့ မြင်မိပါတယ်။
ဒါပေမဲ့လည်း လူမျိုးအတွက် မျော်လင့်ချက်တကြီးနဲ့ သွားဆွေးနွေးခဲ့ကြတဲ့ သူတွေရဲ့အပြန်ခရီးလမ်းကတော့ မသာယာပါဘူး။ လူထုအတွင်းမှာဖြစ်စေ အဖွဲ့အစည်း အချင်းချင်းကြားမှာဖြစ်စေ ဖြစ်ပေါ်လာတဲ့ ကဲ့ရဲ့ဝေဖန်မူ၊ ပြစ်တင်ရှုပ်ချမူတွေက သူတို့တွေရဲ့ မျော်လင့်ချက်ကို ဘယ်လောက်ထိ ရိုက်ချိုးခဲ့သလည်းဆိုတာ ကိုယ်တိုင် ခံစားရမှသိမှာပါ။
ကိုယ့်လူမျိူးတွေရဲ့ ပူပန်မူ၊ လွန်ကဲမူတွေ၊ အဆိုးမြင်ရှုပ်ချမူတွေကို မခံနိုင်တော့တဲ့အဆုံး
သူတို့နဲ့အတူတူ ပုခုံးဖက်ကြီးပြင်းလာခဲ့၊ သွားအတူစားအတူရှိခဲ့ဖူးတဲ့ သွေးသောက်ညီအကိုတွေကို ကျောခိုင်းပြီး မြန်မာစစ်အစိုးရ အုပ်ချုပ်မှုအောက်ဝင်ခဲ့ကြတဲ့ သဘောမျိုးတွေ တွေ့ခဲ့ရပါတယ်။ ဒါတွေက ကျမတို့ကြားမှာ နားလည်မူတွေလွဲခဲ့ကြလို့၊ ခွင့်လွတ်တတ်တဲ့ စိတ်ထားမရှိခဲ့လို့၊ တစ်ယောက်အပေါ်တစ်ယောက် မလေးစားပဲ ဆိုးရွားစွာ ပြစ်တင်ရှုပ်ချတတ်မူ၊ သူတစ်ပါး လုပ်ဆောင်ပေးခဲ့တဲ့အပေါ် အကောင်းမြင်ပြီး ကျေးဇူးပဲဆိုတဲ့စကားလုံးကို မထုတ်သုံးတတ်ခဲ့ကြတဲ့ အတွက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေလို့ဘဲ ကျမမြင်ပါတယ်။ အဖွဲ့ အတွင်းမှာလည်း ပုဂိုလ်ရေးကိုရှေ့တန်းထားပြီး အချင်းချင်း ပုတ်ခတ်ပြောဆိုမူတွေလည်း ရှိခဲ့ကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲရလဒ်ကတော့ အဖွဲ့အစည်းကြားမှာ အချင်းချင်းပြိုကွဲခဲ့ရသလို ကရင်လူထုက သူတို့ရဲံမိခင် KNU အဖွဲ့အစည်းကိုပဲဖြစ်စေ၊ ခေါင်းဆောင်တစ်ဦးချင်းကိုဖြစ်စေ အထင်ကြီးမူ လျှော့နည်းသွားကြပြီးနောက်ပိုင်း ထောက်ခံအားပေးမူတွေလည်း မရှိတော့တာ တွေ့မြင်နေရပါတယ်။ ဒါတွေကို ကြည့်ပြီး အခုလက်ရှိဖြစ်နေတဲ့ကိစ္စကို ဖြေရှင်းတဲ့အခါ ခေါင်းဆောင်ပိုင်းအတွင်းမှာ ပုဂ္ဂိုလ်ရေးကိုမကြည့်ပဲ လူမျိုးအတွက်ကိုသာ ရှေ့တန်းထားပြီး လုပ်ဆောင်ကြစေချင်ပါတယ်။
ဘယ်သူမှ ပြည့်ဝတယ်ဆိုတာ မရှိပါဘူး၊ သို့ပေမဲ့လည်း သူတို့တွေ ကိုယ့်အဖွဲ့အစည်း ဆက်လက် ရပ်တည်မူအပေါ် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်သွားကြတာပါပဲ။ ဒီလုပ်ဆောင်ချက် အပေါ်မှာလည်း ကရင်လူထုတွေက ဝိုင်းဝန်း ထောက်ခံအားပေးရင် သူတို့လည်းအားတက်လာမှာပဲ။ ရှေ့ဆက် ဘာတွေ ဆက်လုပ်ရမလဲဆိုတဲ့ အကြံကောင်းဉာဏ်ကောင်းတွေ ပေါ်လာမှာပဲ။ စိတ်ဓါတ်ကျနေရင်တော့ ဘယ်လိုမှ အကြံကောင်းတွေ ထွက်လာမှာ မဟုတ်ပါဘူး၊။ အခုချုပ်ဆိုခဲ့တဲ့ စာချုပ်အပေါ်မှာ ကရင်လူထု အားလုံးက တောင်းဆိုစေချင်တဲ့အချက်တွေကို သူတို့ဗဟိုကနေတဆင့် သွားရောက်ပြီး ဆွေးနွေးချူပ်ဆိုခဲ့ကြတာပါပဲ။ ချုပ်ဆိုခဲ့တာ ကလည်း သူတို့က လူထုတွေ ထောက်ခံနိုင်လောက်ပြီ ဆိုတဲ့အတိုင်းအတာနဲ့၊ မြန်မာအစိုးရရဲ့ နိုင်ငံရေးအပေါ် အကောင်းဘက် ပြောင်းလာနိုင်မူရှိတဲ့အခြေအနေ၊ ကမာ္ဘကလည်း ကရင်တွေနဲ့တခြားတိုင်းရင်းသား လူနည်းစုတွေ အုပ်စိုးသူအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတာပိုပြီးတော့ သိမြင်လာတဲ့အခြေအနေအရပ်ရပ်အကြားမှာ တိုင်းရင်းသားတွေ ဘယ်လောက် ငြိမ်းချမ်းရေး လိုလား တယ်ဆိုတဲ့အကြောင်း ပေါ်လွင်နိုင်မယ့် အချိန်ကောင်းမျိုးမှာ စာချုပ်ကို စောစောချုပ်ဆိုခဲ့ကြတာလို့ဘဲ ကျမတော့ မြင်မိပါတယ်။
ဒီစာချုပ်ကလည်း အတည်ပြုရသေးတာတော့ မဟုတ်သေးပါဘူး။ မူအရပဲရှိပါသေးတယ်။ ဒီမူကို အစိုးရဘက်က အသုံးချတတ်ရင် ကိုယ့်ဘက်ကလည်း ပြန်ပြီး အသုံးချတတ်ရမှာပါ။ ဒီစာချုပ်က အလကားချုပ်ထားတဲ့ဟာမဟုတ်ဘဲ လုံးဝကိုအသုံးဝင်တဲ့စာချုပ်ပါ။ ဒီစာချုပ်မှာ ကရင်တွေ အတွက်ပဲမဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးကို ရည်ရွယ်ပြီးတော့ တောင်းဆိုခဲ့တဲ့ စာချုပ်ဖြစ်တဲ့အတွက် ကြောင့် တိုင်းရင်းသားအားလုံး အသုံးချနိုင်တယ်လို့ ကျမမြင်ပါတယ်။
ဥပမာပြောရရင် အခု ဗမာစစ်တပ်တွေ ရိက္ခာတင်ပို့မူနဲ့ပတ်သက်ပြီး ဒီစာချုပ်ကို ကျမတို့အသုံးချနိုင်ရမယ်။ ဒီစာချုပ်ချုပ်ဆိုတဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးယူဖို့၊ ရိက္ခာစုဆောင်းပြီး စစ်တပ်အင်အား တိုးချဲ့ဖို့ မဟုတ်ဘူး။ အဲဒီလိုမျိုးတွေကို အစိုးရဘက်က လုပ်လာရင်လည်း KNU ဘက်က စာချုပ်ရဲ့ ပထမအချက်နဲ့ ဒုတိယအချက်ကို ထောက်ပြပြီး ပြင်းပြင်းထန်ထန် ကန့်ကွက် သွားသင့် တယ်လို့ မြင်ပါတယ်။ နောက်တချက်ကတော့ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားတွေ သဘောမတူဘဲ သယံဇာတ ထုတ်သုံးနေ တာကို စာချုပ်ရဲ့ ၄ ချက်မြောက်အချက်ထဲမှာပါရှိတဲ့ ‘ဒေသခံပြည်သူများ ပါဝင်ပတ်သက်သော စီမံကိန်းမှအပ ပြည်ပရင်းနှီးမြုပ်နှံသူ များနှင့် ပူးပေါင်း၍ အတိုင်းအတာ ပမာဏကြီးမားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား နှစ်ဖက်စလုံးမှ စတင်မူမပြုရ’ ဆိုတဲ့အချက်ကို ကျမတို့ လုံးဝ ထောက်ပြလို့ရပါတယ်။ ကျမတို့ဘက်မှာ လုပ်ပိုင်ခွင့်တွေ အများကြီးပါပဲ။
ဒီလုပ်ပိုင်ခွင့်တွေကိုအသုံးချပြီး KNU ဘက်က အမြန်ဆုံး ထိထိရောက်ရောက်နဲ့ လုပ်ဆောင်ပေးပါလို့ ကျမတောင်းဆိုချင်ပါတယ်။
ကျမတို့ကရင်တွေကိုလည်း အစိုးရိမ်မကြီးကြပါနဲ့ သတိရှိရှိနဲ့သာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်အပေါ် လုပ်ဆောင်ကြပါ။ ကမ္ဘာကသိအောင် ချုပ်ဆိုခဲ့တဲ့စာချုပ်အပေါ်မှာ အစိုးရဖက်ကနေ ချိုးဖျက်လာရင်တော့ ကျမတို့ကရင်တွေ နှစ် ၆ဝ ကျော်ကိုင်လာတဲ့လက်နက်ကို ဆက်ကိုင်မလား၊ ဒါမှမဟုတ် အေးအေးဆေးဆေးနဲ့ ကမာ္ဘကသိအောင် ခွဲထွက်ခွင့်စပြီး တောင်းဆိုကြမလားဆိုတာသာ စဉ်းစား ထားကြစေချင်ပါတယ်။ ကျမတို့အားလုံး အတူတကွဝိုင်းပြီး အဖြေရှာကြရတာပေါ့။
နောက် လာမည့်တတိယစာထဲမှာတော့ ဟိုယခင်တုန်းက ကရင်ခေါင်းဆောင်တွေလုပ်ခဲ့ဖူးတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေနေ ဘာတွေအောင်မြင်မှုရခဲ့၊ ဆုံးရှုံးမှုတွေရှိခဲ့လဲ၊ ကျမတို့တွေအားလုံးအတွက်ကော အကျိုးဖြစ်ထွန်းမှုတကယ်ရှိခဲ့၊ မရှိခဲ့ဆိုတာနဲ့ ပတ်သက်ပြီး တင်ပြရေးသားချင်ပါသေးတယ်။
နော်ဝါးဝါးဖိုး
——– ။ ——— ။ ——–