Home သတင်း ဖာပွန်မြို့နယ်တွင် ‌တောင်ယာစပါး ထွက်နှုန်း‌လျော့

ဖာပွန်မြို့နယ်တွင် ‌တောင်ယာစပါး ထွက်နှုန်း‌လျော့

3088
နိုဝင်ဘာလ ၃ဝ ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်ဖာပွန်မြို့နယ်အတွင်းတွင် ‌တောင်ယာစပါး ထွက်ချိန်ဖြစ်သည့် ယခုနှစ် နိုဝင်ဘာလအတွင်း စပါးထွက်နှုန်းမှာ ‌လေးပုံတစ်ပုံခန့် ‌လျော့ကျလျှက်ရှိသည် ဟု ‌တောင်ယာခင်းလုပ်ကိုင်သူ ‌ဒေသခံများက ‌ပြောသည်။

ဖာပွန်‌ဒေသခံ အမျိုးသားတဦးက “ဒီနှစ် ‌တောင်ယာတစ်ခင်းရဲ့ ပျမ်းမျှ ထွက်နှုန်းက စပါးတင်း ၁၂ တင်း အများဆုံးပဲ။ ခုချိန် စပါးရိတ်တဲ့သူ ကုန်သ‌လောက်ဖြစ်‌နေပြီဆို‌ပေမယ့် ထွက်နှုန်း မရှိဘူး။ ‌တောင်ယာ မီးရှို့ချိန်မှာ မိုးရွာလို့ မီးတပိုင်းတဝက်ပဲ ‌လောင်လို့ တခင်းလုံးအတိုင်းအတာ စပါးစိုက်နိုင်တဲ့သူနည်းလို့ ထွက်နှုန်းလည်း မ‌ကောင်းဖြစ်ရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပုံမှန်အားဖြင့် အဆိုပါ‌ဒေသရှိ ‌တောင်ယာခင်းများတွင် စပါးတတင်းစိုက်လျှင် စပါးတင်း ၄ဝမှ ၅ဝကြား ထွက်ရှိ‌ကြောင်းနှင့် အလားတူ လယ်တဧက လျှင် စပါးတင်း ၄ဝ နှင့် ၅ဝကြား ထွက်ရှိ‌ကြောင်းလည်း သိရသည်။

‌ကျေးနယ်အုပ်စု ၃၅ ခုမှ ‌ကျေးရွာ‌ပေါင်း ၂၈ဝ ‌ကျော်ရှိ ဖာပွန်မြို့နယ်တွင် ‌ဒေသခံအများစုသည် ‌လေးပုံတစ်ပုံသည် ‌တောင်ယာလုပ်ငန်းကို အသက်‌မွေးဝမ်း‌ကျောင်းပြုကြပြီး ယခုနှစ် ‌တောင်ယာမီးရှို့ချိန်တွင် မိုးများရွာသွန်း၍ ‌တောင်ယာပျက်စီးမှုများရှိကာ ယခုလို စပါးထွက်နှုန်းမှာ ‌လျော့ကျရခြင်းဖြစ်သည်။

ထို့အပြင် လယ်ယာလုပ်ငန်း လုပ်ကိုင်သူ ‌ဒေသခံများလည်း ယခုနှစ် မိုးများအလွန်အကျွံရွာသွန်း၍ ‌ရေ‌ပေးတူး‌မြောင်းအချို့ ပျက်စီးကာ လယ်ကွင်းအချို့လည်း ‌ရေလွှမ်းမိုးမှုရှိသည့်အတွက် စပါးထွက်နှုန်း အနည်းငယ် ‌လျော့ကျသည်ဟုလည်း သိရသည်။

‌တောင်ယာခင်းများ စပါးထွက်နှုန်း ‌လျော့ကျလာသည့်အ‌ပေါ် ‌ဒေသခံကရင်လူထုများသည် စားနပ်ရိက္ခာ အခက်အခဲနှင့် ကြုံ‌တွေ့နိုင်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဖာပွန်ခရိုင်မှ ရုံးထိုင်မှူး ‌စောကလို့ထူးကလည်း ယခုလို မှတ်ချက်‌ပေးသည်။

“ဖာပွန်ဂွင်မှာ ရှိတဲ့‌ဒေသခံ‌တွေက‌တော့ အရင်နှစ်ကထက်‌တော့ စားနပ်ရိက္ခာ အခက်အခဲဖြစ်မှာ‌ပေါ့။ ဒါ‌ပေမယ့် ဘယ်‌လောက်ထိ အခက်အခဲဖြစ်မယ်ဆို‌တော့ ‌ပြောဖို့ ခက်မယ်။”ဟု သူက ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်ကလည်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် မိုးရွာသွန်းမှုနည်းခြင်းနှင့် စပါးဖျက်ပိုးကျ‌ရောက်မှု များ‌ကြောင့် လယ်ယာစပါး နှင့် ‌တောင်ယာစပါးခင်း ပျက်စီးမှုများရှိခဲ့သည်။