အောက်တိုဘာလ ၂ဝရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ အငြိမ်းစားဝန်ထမ်းများနှင့် ဆင်းရဲသားများ၏ အိမ်များကို ခရိုင်အုပ်ချုပ်ရေးမှူးက အတင်းအ ကြပ် ပြောင်းရွှေ့ပေးရန် ယခု အောက်တိုဘာလမှစ၍ ပြောဆို ဖိအားပေးခဲ့ကြောင်း ပြောင်းရွှေ့ခံရသူ အိမ်ရှင်အမျိုးသမီးတစ်ဦး က ကေအိုင်စီကို ပြောသည်။
သူမက “ပြီးခဲ့တဲ့လကတည်းက ရွှေ့ရမယ်လို့ ကြားတယ်။ ဒီနေရာက ကျမတို့ကို စာရွက်စာတမ်းတွေနဲ့ အကွက်ချပေးခဲ့တာပါ။ ဒီလို ခဏခဏ ဖြစ်နေတော့ ပြီးရင်ပြီးသွားမယ် ထင်တာလေ။ ကျမက မေးပါတယ်။ ဘာပြန်လုပ်ပေးမှာလဲဆိုတော့ သူတို့က တစ်နေ့ကို တစ်မျိုးဖြေနေတာ။ ဒီမှာက အားလုံးလိုလို ဆင်းရဲသားတွေ အများစုနေတာပါ၊”ဟု ဆိုသည်။
ပြီးခဲ့သည့်အပတ်က ပြောင်းရွှေ့ရမည့် နေအိမ်များကို ဖျက်မပေးပါက တရားစွဲမည်ဖြစ်ကြောင်း လာရောက်ပြောဆိုမှုများ ရှိ သော်လည်း မိမိတို့စားဝတ်နေရေးပင် မလွယ်ကူဘဲဖြစ်နေသည့် အိမ်ပိုင်ရှင်များအဖို့မူ အခက်အခဲများ ကြုံတွေ့နေရသည်ဟု သိရသည်။
ယင်းသို့ လူနေအိမ် ဖျက်ခိုင်းသောနေရာမှာ ကသာမြို့၏ ရပ်ကွက်အမှတ်(၉) ဖြစ်ပြီး ကသာ-နဘား သွားရာ လမ်းပေါ်တွင် ရှိ သည်။ လူနေအိမ် ရာနှင့်ချီသည့် ထိုရပ်ကွက်၌ နေထိုင်ကြသူများမှာ အငြိမ်းစားဝန်ထမ်းများအပြင် လက်လုပ်လက်စား အများ စုဖြစ်ပြီး ဆောက်လက်စ အိမ်ခြေ ၅၀ကျော် ရှိသည်။
၎င်းရပ်ကွက်နေ အငြိမ်းစားဝန်ထမ်းတစ်ဦးကလည်း “လာပြောတဲ့ပုံစံက ခြိမ်းခြောက်တဲ့ပုံနဲ့ဗျ။ ကျနော်တို့ မဖယ်ပေးရင် ထောင် ဘယ်လိုချလို့ ရတယ်ဆိုပြီးတောင် ပြောတာ။ ဒီကိစ္စကို မပြောင်းဖြစ်အောင် ရပ်ကွက်ထဲက ဥပဒေ နားလည်တဲ့သူတွေတော့ ဦး ဆောင်ပြီး လုပ်ကြမယ် ပြောနေတယ်။”ဟု ပြောသည်။
အစိုးရသစ်တက်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသာအေးက ထိုရပ်ကွက်အ တွင်းရှိ အိမ်များကိုဖျက်ကာ အိုးအိမ်ဌာနမှ အိမ်ခန်းဆောက်လုပ် ရောင်းချသွားမည်ဟုပြောကြောင်း မြို့ခံများက ပြောဆိုနေကြ သည်။
ထိုကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း၊ စည်ပင်သာယာရေးရုံးသို့ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက “ကျမတို့ ဒါကို မသိသေးပါဘူး။ အသစ်ပြောင်းလာတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်တာဖြစ်မှာပါ။”ဟု ပြန်လည် ဖြေ ကြားခဲ့သည်။
အဆိုပါရပ်ကွက်သည် လွန်ခဲ့သော နှစ် ၂ဝမှစ၍ အာဏာပိုင်များက တရားဝင် နေရာချထားပေးခြင်းဖြစ်ကြောင်း DVB သတင်း ၌ ဖော်ပြထားသလို လက်ရှိအချိန်တွင် ပြောင်းရွှေ့ခံရမည့်အထဲ ပါဝင်နေသည့် အိမ်ပိုင်ရှင်များမှာ အိုးအိမ်မဲ့ဖြစ်မည်ကို စိုးရိမ် နေကြသည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း ရန်ကုန်တိုင်းအတွင်းရှိ ရထားဝန်ထမ်းအိမ်ယာရှိ ဝန်ထမ်းမဟုတ်သူများကို တစ်လသာ ကြိုတင် အကြောင်းကြား၍ ပြောင်းရွှေ့ခိုင်းသဖြင့် မိသားစု ၁၀ဝနီးပါးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။