Home ထိပ်တန်းသတင်း တိုင်းထွာပြီး ‌မြေဧက ၂၀ဝကို နယ်ခြား‌စောင့်တပ် အဓမ္မ ‌ရောင်းချ‌နေ

တိုင်းထွာပြီး ‌မြေဧက ၂၀ဝကို နယ်ခြား‌စောင့်တပ် အဓမ္မ ‌ရောင်းချ‌နေ

1222
‌အောက်တိုဘာလ ၁၁ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ထီးဝါ့ခယ်ရွာအနီးမှ ဧက ၂၀ဝရှိ ‌မြေလွတ်‌မြေရိုင်းကို နယ်ခြား‌စောင့်တပ်-BGF (၁၀၂၁) တပ်ရင်းမှ တိုင်းထွာပြီး မဝယ်မ‌နေရ စနစ်ဖြင့် ရွာသူရွာသား များအား ‌ရောင်းချ‌ပေး‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ နယ်ခြား‌စောင့်တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီး‌စော‌ဋ္ဌေးနိုင်သည် ယခုလ ၂ရက်‌နေ့တွင် ‌မြေများကို တိုင်းထွာကာ တဧက လျှင် ကျပ်‌ငွေ ၄‌သောင်းနှုန်းဖြင့် အနီးတဝိုက်ရှိ ရွာများထံသို့ ‌ရောင်း‌ပေး‌နေခြင်းဖြစ်‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦး က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “သူတို့(BGF) ဘာမှမ‌ပြောဘဲ လာတိုင်းထွာ‌နေတာ။ ဒီ‌မြေ‌တွေဟာ သစ်‌တောကျွန်းဝိုင်းဖြစ်တဲ့အတွက် ‌ဒေသခံ‌တွေ မဝယ်ရဲကြဘူး။ ဝယ်ရင် လုပ်ခွင့်ပဲရပြီး ပိုင်ဆိုင်ခွင့် မရမှာစိုးတယ်။ တချို့ကျ‌တော့လည်း ဝယ်ဖို့ပိုက်ဆံ မရှိဘူး။”ဟု ‌ပြောသည်။

သို့‌သော် ‌ကော့ကရိတ်မြို့နယ်၊ မွန်လူမျိုးများ ‌နေထိုင်သည့် ‌ကော့ဘိန်းရွာမှ ‌ဒေသခံများက ရာဘာပင်စိုက်ရန် BGF ‌ရောင်း သည့် ‌မြေလွတ်‌မြေရိုင်းကို သွား‌ရောက်ဝယ်ယူသူများ အချို့ရှိသည်ဟု ၎င်းက ဆက်‌ပြောသည်။

BGF တိုင်းထွာထားသည် ‌မြေလွတ်‌မြေရိုင်းတွင် အင်ပင်အများဆုံး ရှိသည့်အတွက် ယခုလို ‌ရောင်းချပြီး ရာဘာပင် အစားထိုး စိုက်ပျိုးပါက ‌ဒေသခံများ အိမ်နှင့် တဲ‌ခေါင်မိုးများကို မိုးရန်အတွက် အင်ဖက်များ ရှားပါးလာနိုင်သည်ဟု ‌ဒေသခံတဦးက ‌ပြော ဆိုသည်။

“ဒီ‌မြေလွတ်‌မြေရိုင်းဟာ ကြိုးဝိုင်းသစ်‌တောပဲ‌လေ။ အင်ပင်‌တွေ အများဆုံးရှိတယ်။ အင်ပင်‌တွေ မရှိ‌တော့ရင် ကျ‌နော်တို့ အိမ် ‌ခေါင်မိုးမယ့်ဖက် ဘယ်မှာ သွားရှာရမလဲ မသိ‌တော့ဘူး။ ‌နောက် မီးစိုက်ဖို့ ထင်းလည်း ရှားပါးလာမယ်။”ဟု ‌ပြောသည်။

ထီးဝါ့ခယ်ရွာ အနီးတဝိုက်တွင် မဲ့က‌ဝေါ့ခီး၊ ထီးက‌လေ့၊ ဒို့လယ်နှင့် ကူးကွဲ အပါအဝင် ရွာ‌ပေါင်း ၂ဝရွာခန့် ရှိပြီး ရွာများ၏ အိမ် ‌ခြေများမှာ ၄ဝမှ ၃၀ဝအထိ ရှိသည်။

ဒို့လယ်‌ကျေးရွာတွင် အ‌ခြေစိုက် လှုပ်ရှားသည့် BGF (၁၀၂၁)တပ်ရင်းကို ဗိုလ်မှူး‌စောဘီလူးက ဦး‌ဆောင်လျှက်ရှိသည်။

ပြီးခဲ့သည့် ၄နှစ်ကလည်း BGF အဖြစ် မ‌ပြောင်းလဲ‌သေးသည့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA လက်ထက်ကလည်း ထို‌ဒေသအနီးတဝိုက်ရှိ ‌မြေလွတ်‌မြေရိုင်းများကို တိုင်းတာကာ ရွာသားများကို ပြန်လည်‌ရောင်းချခဲ့သည်။