Home ထိပ်တန်းသတင်း ကရင်နီစခန်း(၁)တွင် လူ ၅၀၀‌ကျော် တုပ်‌ကွေးနှင့် မျက်စိနာ‌ရောဂါဖြစ်ပွား‌နေ

ကရင်နီစခန်း(၁)တွင် လူ ၅၀၀‌ကျော် တုပ်‌ကွေးနှင့် မျက်စိနာ‌ရောဂါဖြစ်ပွား‌နေ

2317
စက်တင်ဘာလ ၁ရက်။ ‌စောခါးစူး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ ကရင်နီဒုက္ခသည် စခန်းအမှတ်(၁)တွင် လူ ၅၀၀‌ကျော် ကူးစက် များဖြစ်သည့် တုပ်‌ကွေးနှင့် မျက်စိနာ‌ရောဂါများ ဖြစ်ပွားလျက်ရှိသည်။

ယခင်လမှ စတင်ကာ တုပ်‌ကွေးနှင့် မျက်‌စေ့နာ‌ရောဂါ ဖြစ်ပွားလျက်ရှိရာ ယခုလက်ရှိအချိန်တွင် တုပ်‌ကွေးကူးစက်သူ ၄၀ဝဦးနှင့် မျက်စိနာ ကူးစက်သူ ၁၀၀‌ကျော်ရှိသည်ဟု ကရင်နီ အမှတ်(၁)စခန်း ‌ဆေးခန်းမှ ‌ကောက်ယူသည့် စာရင်းအရ သိရသည်။

အဆိုပါ ‌ရောဂါဖြစ်ပွားမှုများတွင် အသက် ၅နှစ်မှ ၁၈နှစ်အထိ က‌လေးများ ပိုဖြစ်ကြပြီး လူကြီးများ အဖြစ်နည်းသည်ဟု အမှတ်(၁) စခန်း၏ ရပ်ကွက်(၉) ‌ဆေးခန်းတာဝန်ခံ အမျိုးသမီးဖြစ်သူ စိုးမယ်က ‌ပြောသည်။

“‌ရောဂါဖြစ်များတာက တုပ်‌ကွေးများတယ်။ ‌ကျောင်းသူ‌ကျောင်းသားအရွယ် က‌လေး‌တွေ‌ပေါ့‌နော်။ သူတို့‌တွေက စာသင်‌ကျောင်းမှာ အတူတူ‌နေကြတယ်ဆို‌တော့ ကူးတာများတယ်။ ဒီ‌ရောဂါ‌တွေ ဖြစ်‌နေတဲ့သူကို ‌ကျောင်းမတက်ခိုင်းဘူး။”ဟု ၎င်းက ‌ပြောသည်။

က‌လေးများသည် လူကြီးထက် ကိုယ်ခံစွမ်းမရှိသည့်အတွက် ‌ရောဂါကူးစက်မှု များပြားရခြင်းဖြစ်သည်။ လက်ရှိ ‌ရောဂါဖြစ်ပွားသူ များအ‌နေဖြင့် ‌ဆေးခန်းတွင် ‌ဆေးကုသမှု လာ‌ရောက်ခံယူရသည်အထိ မရှိ‌သေး‌ပေ။

၁၁နှစ်အရွယ် ‌ကျောင်းသူတဦး၏ မိခင် ဘူမယ် ဆိုသူကလည်း “ကျမ သမီးက တုပ်‌ကွေးဖြစ်တယ်။ ‌ကျောင်းမတက်နိုင်‌သေးဘူး။ သမီးက နှာရည်လည်းယို၊ ကိုယ်ပူတယ်။ မစားမ‌သောက်ချင်ဘူး။”ဟု ‌ပြောသည်။

စခန်း အမှတ်(၁) မှ ရပ်ကွက်-၁ ‌ဆေးခန်း တာဝန်ခံ မယ်ရယ်က မျက်စိနာ‌ရောဂါ ဖြစ်ပွားသူများသည် မျက်စိများ နီရဲပြီး တုပ်‌ကွေး ‌ရောဂါ ဖြစ်ပွားသူများမှာ ကိုယ်ပူခြင်း၊ ‌ချောင်းဆိုးခြင်း၊ လည်‌ချောင်းနာခြင်း၊ နှာ‌စေး၊ နှာရည်ယိုခြင်း၊ ‌ခြေလက်ကိုက်ခဲခြင်း စသည့် ‌ရောဂါလက္ခဏာများ ပြသည်ဟု ‌ပြောသည်။

ထို‌ရောဂါနှစ်မျိုးစလုံးသည် ဗိုင်းရပ်စ်ပိုး‌ကြောင့် ‌လေထဲမှတဆင့် အလွယ်တကူ ကူးစက်လွယ်သည့် ‌ရောဂါဖြစ်သည်။ အထူးသဖြင့် တုပ်‌ကွေး‌ရောဂါဖြစ်ပွားသူများသည် ‌ချောင်းဆိုးပါက လက်ကိုင်ပုဝါဖြစ်‌စေ၊ လက်ဖြင့်ဖြစ်‌စေ ပိတ်ထားရန်၊ အစာမစားမှီ လက်ကို ‌သေချာစွာ ‌ဆေး‌ကြောရန်နှင့် သန့်ရှင်းလတ်ဆတ်‌သော အစားအစာများကို စားရန် လိုအပ်သည်ဟု သူက ဆက်‌ပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ခုနှစ်တွင် စခန်းအမှတ်(၁)တွင် တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားခဲ့ဖူး‌သော်လည်း တုပ်‌ကွေးနှင့် မျက်စိနာ‌ရောဂါ တပြိုင်နက် တည်း ဖြစ်ပွားခဲ့ခြင်း မရှိခဲ့‌ပေ။

ထိုင်း-မြန်မာနယ်စပ် မဲ့စရင်းမြို့နယ်အတွင်း၌ ကရင်နီဒုက္ခသည် စခန်းအမှတ်(၁)နှင့် (၂)ဟူ၍ စခန်း ၂ခုရှိပြီး တခုနှင့်တခုအကြား ၈ဝကီလိုမီတာ ကွာ‌ဝေးကာ စခန်းအမှတ်(၁)တွင် ရပ်ကွက်‌ပေါင်း ၂ဝရှိပြီး ရပ်ကွက်(၁)နှင့် ရပ်ကွက်(၉)တွင်သာ ‌ဆေးခန်းရှိသည်။