ဩဂုတ်လ ၂ဝရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်းရှိ အစိုးရစစ်တပ် စကခ(၁၂) လက်အောက်ခံတပ်များက ကေအဲန်အယ်လ်အေ တပ် ရင်းတပ်ဖွဲ့များ ရှိနိုင်မည့်နေရာများသို့ မှန်းဆကာ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ ဘက်က ပြောသည်။
ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “မနေ့က မွန်းလွဲပိုင်းလောက်မှာ ခလယ့်ဒေးမှာ စခန်းထိုင်နေ တဲ့ (၅၄၈)နဲ့ (၂၃၁) စစ်ကြောင်းတွေက ကျနော်တို့နေရာဘက်ကို ခန့်မှန်းပြီး လက်နက်ကြီးတွေနဲ့ လေးငါးခြောက်ချက်လောက် လှမ်းပြီးတော့ ပစ်ချတယ်။ ဒီလထဲမှာ အစိုးရတပ်က ကျနော်တို့ကို လာပစ်တာ ပြီးခဲ့တဲ့ရက်က တကြိမ်နဲ့ဆိုရင် နှစ်ကြိမ်ရှိပြီ။” ဟု အတည်ပြု ပြောဆိုသည်။
အဆိုပါတပ်များသည် ဩဂုတ်လ ၁၆ရက်နေ့၊ မွန်းလွဲပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါဂွင်၌ MA, 97 လက်နက်ကြီးများဖြင့် ၁ဝချက်ခန့် ပစ်ခတ်ခဲ့သလို ညနေပိုင်းတွင် ခလယ့်ဒေးစခန်းမှနေ၍ ကေအဲန်အယ်လ်အေတပ်များထံသို့ လက်နက်ကြီး ၁၅လုံး ပစ်ခတ်ခဲ့သည်ဟုလည်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇)ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို ဖြည့်စွက်ပြောဆို လိုက်သည်။
“ဒီလ ၁၆ရက်နေ့က ခလယ့်ဒေးမှာရှိတဲ့ အစိုးရရဲ့ လှုပ်ရှားတပ်တွေက ညနေ ၅နာရီကျော်ကျော်ကနေ ည ၇နာရီအထိ လက် နက်ကြီးနဲ့ ၁၅ချက်လောက် ပစ်တယ်လို့ အဲဒီဂွင်ဘက်မှာ လှုပ်ရှားနေတဲ့ ကျနော်တို့ရဲဘော်တွေက ပြောတယ်။”ဟု ဗိုလ်မှူး စောအယ်ဆဲဆဲက ပြောသည်။
၎င်းတပ်ရင်းနှစ်ရင်းသည် ယခုလဆန်းပိုင်းကတည်းက ပိုင်ကျုံမြို့နယ်ရှိ ခလယ့်ဒေးနှင့် လှိုင်းဘွဲမြို့နယ်ရှိ မဲ့သဝေါဂွင်များသို့ ရောက်ရှိလာကာ စစ်ကြောင်းနှစ်ကြောင်းစီ ခွဲပြီး နယ်မြေရှင်းလင်းရေးကို စတင် လှုပ်ရှားလာခြင်း ဖြစ်သည်။
ခမရ(၅၄၈) စစ်ကြောင်း ၁နှင့် ခလရ(၂၃၁) စစ်ကြောင်း ၂တို့က ခလယ့်ဒေးဂွင်၌လည်းကောင်း၊ ခမရ(၅၄၈) စစ်ကြောင်း ၂နှင့် ခလရ (၂၃၁) စစ်ကြောင်း ၁တို့က မဲ့သဝေါဂွင်ရှိ မိအေးပူ၊ ဘောနော်လေးနေရာများ၌လည်းကောင်း နယ်မြေရှင်းလင်းရေး လုပ် ဆောင်လျှက်ရှိသည်။
၎င်းတပ်များသည် အင်အား ၂၀၀ကျော်ရှိပြီး ယခုနှစ် မေလမှစ၍ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေသို့ ရောက်ရှိလာခြင်းဖြစ် သည်။ သို့သော် ထိုဒေသရှိ နယ်မြေခံတပ်များမှာမူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၃၃၈)၊ (၃၃၉)၊ (၃၁)နှင့် ခလရ(၂၈)၊ (၉၇)တပ်ရင်းများဖြစ်သည်ဟုလည်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ မှတ် တမ်းများအရ သိရသည်။
ယင်းသို့ လာရောက်ပစ်ခတ်မှုကို ကေအဲန်အယ်လ်အေဘက်မှ ပြန်လည် ပစ်ခတ်ခြင်းမရှိဟုလည်း တပ်မဟာ(၇)မှူးက ယခုလို ဆက်ပြောသည်။ “ကျနော်တို့ဂွင်ထဲကို သူတို့(အစိုးရတပ်)က အဲလို လာပစ်ပေမဲ့ လက်နက်ကြီးကျတဲ့နေရာက ကျနော်တို့လူ တွေနဲ့ တခြားစီပဲလေ။ ဒီတော့ ကျနော်တို့က သူတို့ကို ပြန်ပစ်စရာ ဘာအကြောင်းမှ မရှိပါဘူး။”ဟု ဗိုလ်မှူးချုပ်စောဂျော်နီက ပြောသည်။
ထို့အပြင် ဩဂုတ်လ ၁၇ရက်နေ့က မြဝတီမြို့နယ်၊ မဲ့ပလဲ့တံတားရှိ ဗိုလ်မှူးစောဒိဒိ ဦးစီးသော နယ်ခြားစောင့်တပ်(၁၀၁၇)မှ တပ်ဖွဲ့ဝင်နှစ်ဦးကို ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)မှ ဖမ်းဆီးမိပြီး ၎င်းတို့ထံမှ ကာဘိုင်သေနတ် ၂လက် သိမ်းဆည်းကာ လူကို ပြန်လည် လွှတ်ပေးခဲ့သည်ဟု သိရသည်။