ဇွန်လ ၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
စာသင်ချိန်မမှီမှာစိုးလို့ ရေချိုးအပြီး အပြေးအလွှား အိမ်ပြန်လာပြီး ပြာယာခတ်အချိန်လုနေတဲ့ အသက် ၂၅ကျော်အရွယ် လူငယ် တစ်ယောက်ရဲ့ လှုပ်ရှားမှု မြင်ကွင်းဟာ ဥပေက္ခာပြုလို့မရအောင် ကျနော့်မျက်စိကို ဆွဲငင်ဖမ်းစားခဲ့ပါတယ်။
သူကတော့ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို အားသွန်ခွန်စိုက် စာသင်ပေးနေတဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်း လေးကေကျေးရွာအုပ်စုထဲက မြစ်ကျိုးရွာမူလတန်းကျောင်းမှာ စာသင်ပေးနေတဲ့ သူးကဘီးရွာသား ကျောင်းဆရာ စော ဆာ့ကပေါ်ဆိုသူပါပဲ။
ပွင့်လင်းကာလ နွေရာသီအချိန် တောရွာတွေမှာဆိုရင် လူတွေက မဂင်္လာဆောင်ပွဲ၊ ရှင်ပြုပွဲနဲ့ အလှူပွဲတွေ များပြားနေတဲ့အချိန် မှာ သူကတော့ အိမ်အလုပ်ကို လုပ်ရင်းနဲ့ မတ်လကနေ မေလအထိ တပတ်ကို ၆ရက် ဖျားနာမအားဘဲ နေ့စဉ် အချိန်မှန်မှန် မွန်း တည့် ၁၂နာရီကနေ ညနေ ၆နာရီအထိ ကလေးတွေကို အဂင်္လိပ်စာသင်ပေးနေတာ ဖြစ်ပါတယ်။
အိုမင်းဟောင်းနွမ်းလွန်းနေပြီး သံချေးအားလုံးနီးပါးတက်နေတဲ့ သူ့ရဲ့ကိုယ်ပိုင် ယောက်ျားစီး စက်ဘီးအိုကြီးကို စီးပြီး မြစ်ကျိုးရွာ နဲ့ မနီးမဝေး သူးကဘီးရွာကနေ အရှေ့ဘက်က လယ်ကွင်းကြီးကိုဖြတ်ပြီး မြစ်ကျိုးရွာ စာသင်ကျောင်းရှိရာကို လာရတာ ဖြစ်ပါ တယ်။ လူပျိုလူလွတ်ဖြစ်ပေမဲ့ စက်ဘီးအိုကြီးကိုစီးနေရတဲ့ သူ့ကို သူငယ်ချင်းတွေက ကဲ့ရဲ့ကြရင် “ငါ့စက်ဘီးက အိုပေမယ့် စွမ်း ပါသေးတယ်။”လို့ ပြန်ပြောတတ်ပါတယ်။
ကိုယ့်ရွာကိုယ့်ဒေသမှာ ပညာရေး နိမ့်ကျနေတာကို ကြည့်ပြီး သူ့ကျောင်းက ကလေးတွေ ပညာရေးမြင့်မားလာအောင်၊ အခြား ကျောင်းတွေနဲ့ နှိုင်းယှဉ်ရင် ရင်ဘောင်တန်းနိုင်အောင် ရည်ရွယ်ပြီးတော့ သူ့အနေနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေ ကို အခုလို အဂင်္လိပ်စာ သင်ပေးရတာဖြစ်တယ်လို့ စောဆာ့ကပေါ်က ပြောပါတယ်။
“ကျနော် အဂင်္လိပ်စာသင်ရတာ အဂင်္လိပ်ဘာသာဟာ တကမ္ဘာလုံး သုံးနေတဲ့ဘာသာစကား ဖြစ်တယ်လေ။ ဒါကိုကြည့်ပြီး ကျနော်က ကလေးတွေကို အဂင်္လိပ်စာကို ရွေးချယ်ပြီး သင်ပေးရတာဖြစ်ပါတယ်။ နောက် တောရွာဆိုတာက အဂင်္လိပ်စာ ဆရာ ငှားပြီး သင်ခိုင်းလို့လည်း ရတဲ့မျိုးမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်စဉ်းစားချက်ကို အကောင်အထည်ဖော်ပြီး ကိုယ်တတ်တဲ့ပညာနဲ့ ဒီလို နွေရာသီမှာ သင်ပေးတာပဲ။”လို့ ပြောပါတယ်။
ကလေးတွေကို သူသင်ပေးတာကတော့ အဂင်္လိပ် သဒ္ဒါ(Grammar)၊ စကားပြော(Speaking)၊ နားထောင်နည်း(Listening)၊ ရေးသားနည်း(Writing)အပြင် တခြား ဗဟုသုတ ရစေမဲ့ ကရင်သမိုင်းအကြောင်း၊ စာပေအကြောင်းနဲ့ ကမ္ဘာတဝှမ်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတချို့ကို သူ သင်ကြားပေးတာ ဖြစ်ပါတယ်။
စောဆာ့ကပေါ်ဟာ ကျောင်းသူကျောင်းသားဦးရေက ၅၀ကျော်ကို သူတို့ရဲ့ အဂင်္လိပ်စာ အဆင့်အတန်းအလိုက် Class A၊ Class B နဲ့ Class C ဆိုပြီး အဆင့် ၃ဆင့် ခွဲခြားပြီး သင်ကြားပို့ချပေးပါတယ်။
Class A မှ ၇တန်းကျောင်းသူ နော်ချူးဝါးဖောက “ဆရာ သမီးတို့ကျောင်းမှာ စာပြန်လာသင်တော့ ကျောင်းသူကျောင်းသားတွေ အဂင်္လိပ်စာ အရည်အချင်းတက်လာကို သတိထားမိတယ်။ အခုလို နွေရာသီ ကျောင်းပိတ်ရက်တောင် သမီးတို့ စာသင်ကြား ခွင့်လို့ ဆရာ့ကို အရမ်းကျေးဇူးတင်တယ်။ မိဘတွေကလည်း နွေရာသီမှာ အဂင်္လိပ်စာ တက်ဖို့ တော်တော်အားပေးတယ်။ သမီး တော့ ဒီကျောင်းမှာ အတန်းကုန်တဲ့အထိ ကျောင်းဆက်နေမယ်။”လို့ ဝမ်းပမ်းတသာနဲ့ ပြောပါတယ်။
ဆရာ စောဆာ့ကပေါ်ဟာ အဂင်္လိပ်စာ သင်ယူနေတဲ့ Class ၃ခုထဲက အတော်ဆုံးဖြစ်တဲ့ Class A က ကလေးတွေကို “Don’t be shy to speak English.”ဆိုပြီး အားမာန်အပြည့်နဲ့ အဂင်္လိပ်စကား အပြန်အလှန် ကြိုးစားပြောဆိုနေတဲ့ မေလ ၇ရက်နေ့ ညနေ မြစ်ကျိုးစာသင်ကျောင်းမှာ တွေ့မြင်ခဲ့ရပါတယ်။
ဘီးလင်းမြို့နယ်ထဲမှာရှိတဲ့ တောရွာမှာဆိုရင် မြစ်ကျိုး(ပယာရော)ရွာနဲ့နီးတဲ့ လေးကေ၊ နေမင်းအောင်(လယ်ကလော့)၊ သူးက ဘီး၊ ကြိုးဝိုင်းနဲ့ ကျောက်တောင်လေး(လယ်ဖိုး)၊ ကြက်သောဆိပ်(ထီးဖာ့ဒို့ထာ့)၊ ပျဉ်းမပင်ဆိပ်(ယိုကလား) စတဲ့ရွာတွေရှိပြီး ဒီလို နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေကို စာသင်ပေးတာဆိုလို့ ဆရာစောဆာ့ကပေါ်ပဲ ရှားရှားပါးပါး ရှိပါတယ်။
မြစ်ကျိုးရွာမှာ နွေရာသီကျောင်းပိတ်ရက်မှာ စာသင်တာ ၃နှစ်ရှိပြီဖြစ်တဲ့ သူဟာ ရွာက ကျောင်းသူကျောင်းသား မိဘတွေအပြင် ကျောင်းသူကျောင်းသား အများအားဖြင့် အားရကျေနပ်ကြပေမဲ့ အဂင်္လိပ်စာ သင်ကြားပေးနေရတဲ့ သူကိုယ်တိုင်ကတော့ ဒီ ထက် အားရကျေနပ်ဖို့ အများကြီး ကြိုးစားရအုံးမယ်လို့ အခုလို ပြောပါတယ်။
သူက “ကိုယ်တတ်ထားတဲ့ ပညာနဲ့ အနာဂါတ် သားကောင်းသမီးကောင်းတွေဖြစ်လာမဲ့ ဒီကလေးတွေကို ဝေမျှခွင့်ရတဲ့အတွက် ကျနော် အင်မတန်မှ ပျော်မိပါတယ်။ ဒါပေမဲ့ ဒီမျှလောက်နဲ့ မလုံလောက်သေးပါဘူး။ ကျနော် အများကြီး ကြိုးစားရအုံးမယ်။ နောက် ဒီကျောင်းမှာ ကလေးတွေကို စာသင်ကြားနိုင်ဖို့ ကျနော့်ထက် တတ်တဲ့သူတွေကို လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေဟာ အဂင်္လိပ်စာတခုတည်း မဟုတ်ဘဲနဲ့ ဘာသာရပ်ဘက်စုံတော်ဖို့နဲ့ အသိပညာ၊ ဗဟုသုတ ကြွယ်ဝဖို့လည်း လိုပါ တယ်လေ။”လို့ သူက လေးလေးနက်နက် မှတ်ချက်ပေးသွားပါတယ်။
နွေရာသီကျောင်းပိတ်ရက်မှာ အဂင်္လိပ်စာ အခမဲ့ သင်ပေးတာဖြစ်ပေမယ့် နွေရာသီ စာသင်ရင်ပြီးလို့ ကျောင်းသူကျောင်းသား မိဘတွေက ဆရာစောဆာ့ကပေါ်ကို အလှူငွေအဖြစ် ကျပ်ငွေ ၂,၀၀၀၊ ၃,၀၀ဝ ကနေ ၅,၀၀ဝ အထိ ပေးကမ်းကြပါတယ်။
စာသင်ပြီး ကျောင်းဆရာလုပ်တာဟာ စီးပွားရေးသမားလို ပိုက်ဆံမရတဲ့အတွက် ဒီအလုပ်ကို ကျနော့်အမေက သိပ်ပြီး သဘော မကျပေမယ့် ကျနော့်ဝါသနာဖြစ်လို့ မလုပ်ဖို့တော့ မပြောပါဘူးလို့ ဆရာ စောဆာ့ကပေါ်က ဆိုပါတယ်။
ကျောင်းဆရာ၊ ဆရာမ ၁၀ယောက်သာရှိတဲ့ မြစ်ကျိုးကျေးရွာ မူလတန်းကျောင်းကို ၂၀၁၁ခုနှစ်မှာ အစိုးရက အလယ်တန်းအ ဆင့်ထိ ပညာသင်ကြားခွင့်ပေးဖို့ ရှိတဲ့အတွက် ကျောင်းစာသင်ခန်းအချို့ကို တိုးချဲ့ဆောက်လုပ်ဖို့ ရွာသူရွာသားတွေက စုပေါင်း တိုင်ပင် လှူဒါန်းခဲ့ကြတယ်လို့ ကျေးရွာလူကြီးတွေက ပြောပါတယ်။
စိတ်ဓါတ်၊ စည်းကမ်း၊ ပညာနှင့် မိမိကျောင်း သန့်ရှင်းရမည်… စည်းကမ်းရှိရမည်… တိုးတက်ကောင်းမွန်ရမည်… စတဲ့ဆောင်ပုဒ် တွေ ရေးသားထားတဲ့ ဒီစာသင်ကျောင်းဟာ မြစ်ကျိုးကျေးရွာရဲ့ မြောက်ဘက်မှာရှိပြီး ကျောင်းဝင်းထဲမှာ အလံတိုင်အပြင် လွတ် လပ်ရေးကျောက်တိုင်၊ အောင်ချမ်းသာစေတီနဲ့ ညောင်တစ်ပင်တို့ဟာ ကျောင်းကျက်သရေကို ပိုလို့ တင့်တယ်စေပါတယ်။
ကျောင်းဆရာ စောဆာ့ကပေါ်ဟာ ၂၀၀၅ခုနှစ်မှာ ထိုင်း-မြန်မာနယ်စပ်က စာသင်ကျောင်းတစ်ကျောင်းမှာ ဆယ်တန်းအောင် မြင်ခဲ့ပြီးနောက် ၂၀၀၈ခုနှစ်ကတည်းက ကျောင်းဆရာအဖြစ် ဇောက်ချလုပ်ကိုင်လာခဲ့ရာ ခုချိန်အထိ ဖြစ်ပါတယ်။
သူ့ရဲ့ အိပ်မက်ကတော့ လက်ရှိ သူစာသင်နေတဲ့ မြစ်ကျိုးရွာ မူလတန်းကျောင်း ပညာရေး တိုးတက်မြင့်မားဖို့အတွက် ကျေးရွာ ရပ်မိရပ်ဖ၊ ကျောင်းသားမိဘ၊ ဆရာ/မတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး “မိဘ ဆရာ ပူးပေါင်း၊ ကလေးပညာကောင်း”ဆိုတဲ့ ဆောင် ပုဒ်အတိုင်း ရှေ့ဆက် အစွမ်းကုန် ကူညီပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။