ဇွန်လ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်နေထိုင်ရာဒေသ၌ မြန်မာစစ်တပ်၏ ဖိနှိပ်မှုနှင့် စီးပွားရေးကြပ်တည်းမှု ကြောင့် တရုတ်နိုင်ငံသို့ လူကုန်ကူးမှုပြဿနာများ စိုးရိမ်ထိတ်လန့်ရသည့် အခြေအနေအထိ တိုးပွားလာသည်ဟု ယနေ့ထုတ်ပြန်သည့် ပလောင် (တအာင်း)အမျိုးသမီး အစည်းအရုံး-PWO ၏ “သိမ်းပိုက်ခံဘဝများ”အမည်ရှိ အစီရင်ခံစာက ဆိုသည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ခဲ့သည့် PWO ၏ အစီရင်ခံစာထဲတွင် လူကုန်ကူးခံရသူများမှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်ရှိ လက်ဖက်တောင်သူ ပလောင်အမျိုးသမီးငယ်များဖြစ်ပြီး ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (PSLA) လက်နက်ချခဲ့သည့် ၂၀၀၅နောက်ပိုင်းမှစ၍ ပလောင်ဒေသကို မြန်မာစစ်တပ် ပိုမို ထိန်း ချုပ်လာခဲ့ရာမှ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးအခွန် တိုးမြှင့်ကောက်ခံလာခြင်းအပေါ် အမြတ်ငွေနည်းသော လက်ဖက်လုပ်ငန်း ဖြင့် ဆက်လက် မရပ်တည်နိုင်တော့ဘဲ ပလောင်အမျိုးသား၊ ကလေးငယ်နှင့် အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ လုပ်ကိုင်လာခြင်းသည် လူကုန်ကူးမှုဖြစ်လာရသည့် အကြောင်းရင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ရှမ်းပြည်နယ်အတွင်း၌ စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အခွန်နှုန်းတိုးမြှင့်လာခြင်း၊ ကုန်ဈေးနှုန်းမြင့်မား လာခြင်း၊ ကျန်းမာရေး ပညာရေးစရိတ် မြင့်မားလာခြင်း၊ ဒေသတွင်း ဘိန်းစိုက်ပျိုးမှုများပြားလာခြင်းတို့သည် လူကုန်ကူးမှုဖြစ် ပေါ်စေသော အခြားအကြောင်းရင်းတစ်ခုဖြစ်ကြောင်း PWO က ထောက်ပြပြောဆိုသည်။
PWO တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) လိုည်းပိုးဖိန်းက “ကျမတို့ ပလောင်ဒေသမှာ လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေက အ များကြီးရှိသလို ရောင်းစားခံရတဲ့ ပလောင်ပြည်သူလူထုတွေ ကြုံတွေ့ရတဲ့ ဒုက္ခတွေဟာလည်း ထိတ်လန့်စရာပဲ။ ဒီကိစ္စတွေ ကို ကျမတို့ PWOအနေနဲ့ ဒေသခံပြည်သူလူထုကော၊ နိုင်ငံတကာကလည်း သိရှိနားလည်ဖို့ ရည်ရွယ်ပြီး ဒီအစီရင်ခံစာကို ထုတ်ရတာ ဖြစ်ပါတယ်။”ဟု ပြောဆိုသည်။
ဆက်လက်၍ “ရောင်းစားခံရတဲ့သူတွေဟာ အားလုံးနီးပါး တရုတ်ပြည်မှာကြီးပဲ။ အသက် ၃နှစ်ကနေ ၃၃နှစ်ကြားပေါ့နော်။ နောက် ကုန်ကူးခံရသူတွေထဲမှာ အမျိုးသမီး ၂၅ရာခိုင်နှုန်းဆိုရင် တရုတ်ဘိုးတော်(အမျိုးသား)နဲ့ လက်ထပ်ရတယ်။ တချို့ဆို ရင် အိမ်ဖော်အလုပ်၊ ပြည့်တန်ဆာတွေ လုပ်ရတယ်။ ၆ဝရာခိုင်နှုန်းကတော့ ဘာအလုပ်လုပ်မှန်း မသိရဘူး။ ဒီ ၂၀၁ဝခုနှစ်က နေ ၂၀၁၁ခုနှစ်အထိ လူကုန်ကူးမှုဖြစ်တဲ့ ဖြစ်စဉ် ၆ခုရှိတယ်။”ဟု ပြောသည်။
လူကုန်ကူးခံရသူအများစုမှာ တရုတ်နိုင်ငံရှိ စက်ရုံ (သို့မဟုတ်) စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် လုပ်အားခကောင်းသည်ဟူ သော အကြောင်းပြချက်ဖြင့် သွေးဆောင်ဖြားယောင်းခံရခြင်းဖြစ်ပြီး လူကုန်ကူးမှုဖြစ်စဉ်အချို့အရ ကလေးငယ်များသည် နေ အိမ်မှ ခိုးယူခံရခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲသူ မိဘများ၏ ရောင်းစားခံခဲ့ရသည်အပြင် ၂၀၀၄ခုနှစ်က တရုတ်နိုင်ငံသို့ ကုန်ကူးခံရသူ ပလောင်အမျိုးသားအချို့သည် မျော့စာအဖြစ် အကျွေးခံရကြောင်း PWO က ဆိုသည်။
လက်ရှိ မြန်မာအစိုးရသည် လူကုန်ကူးမှု ပပျောက်ရေးအတွက် ပြည်တွင်းနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ရန် လိုအပ် ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန်အတွက် မြန်မာအစိုးရအား နိုင်ငံတကာက ဖိအားပေးရန် လိုအပ်ကြောင်းနှင့် အစိုး ရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်းများကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံကိန်းတွင် သေချာစွာ ကြီးကြပ်ရန် လို အပ်ကြောင်း PWO က ထောက်ပြထားသည်။
တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပါ် ချမှတ်ထားသည့် မူဝါဒများကြောင့် မြန်မာနိုင်ငံ ပြည်သူများ ဆင်းရဲမွဲတေမှုပြဿနာ ဆိုင်ရာ မူဝါဒများ ပြန်လည်သုံးသပ်ပေးရန်နှင့် လူကုန်ကူးခံရခြင်းမှ လွတ်မြောက်လာသူများကို လူထုမှ ကူညီပံ့ပိုးပေးကြရန် လည်း PWO က တိုက်တွန်းထားသည်။
အမျိုးသမီးများ၏ ဘဝအဆင့်အတန်း တိုးတက်မြင့်မားရေး ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေးရန်အတွက် ၂၀၀ဝခုနှစ်၊ အောက်တိုဘာလက ရည်ရွယ်ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသမီးအစည်းအရုံးသည် ၂၀၁ဝခုနှစ်၌ “အဆိပ်သင့် တောင်တန်းများ”အမည်ရှိ အစီရင်ခံစာတစ်စောင်လည်း ထုတ်ဝေခဲ့ပြီး ဖြစ်သည်။