Home ထိပ်တန်းသတင်း မြိုင်ကြီးငူ‌ဒေသရှိ BGF တပ်ဖွဲ့ဝင်အချို့ KNU ထံ လာ‌ရောက်ပူး‌ပေါင်း

မြိုင်ကြီးငူ‌ဒေသရှိ BGF တပ်ဖွဲ့ဝင်အချို့ KNU ထံ လာ‌ရောက်ပူး‌ပေါင်း

2729
ဧပြီလ ၂၅ရက်၊ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ‌ဒေသတွင် အ‌ခြေစိုက်လှုပ်ရှား‌နေသည့် နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့အတွင်း အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌နောက် တပ်ရင်း (၁၀၁၂)မှ ဗိုလ်ကြီး‌စောဖားမီး ဦးစီး‌သောအဖွဲ့သည် ယမန်‌နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၅)တပ်ဖွဲ့ထံသို့ လာ‌ရောက်ပူး‌ပေါင်းလာခဲ့သည်ဟု စုံစမ်း သိရှိရသည်။

အင်အား (၃၀)ခန့်ရှိသည့် ဗိုလ်ကြီး‌စောဖားမီးအဖွဲ့သည် ဧပြီလ ၂၂ရက်‌နေ့ ည‌နေ ၃နာရီခန့်တွင် မြိုင်ကြီးငူရှိ BGF တပ်စခန်းကို ဝင်‌ရောက်ပစ်ခတ်ခဲ့ရာ လက်နက်ခဲယမ်းဂို‌ဒေါင်တစ်လုံးနှင့် စစ်တန်းလျှားတစ်လုံးကို ‌ဖောက်ခွဲမီး ရှို့လိုက်ပြီး‌နောက် ယမန်‌နေ့ မွန်းလွဲပိုင်းတွင် KNU တပ်မဟာ (၅) တပ်ဖွဲ့ထံသို့ လာ‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု KNLA အရာရှိတဦးက ‌ပြောသည်။

သူက “တပ်ခွဲမှူး ဗိုလ်ဖားမီးအဖွဲ့က မြိုင်ကြီးငူကို ဝင်ပစ်တာ အဲဒီမှာ လက်နက်ခဲယမ်းဂို‌ဒေါင် တစ်လုံးကို ‌ဖောက်ခွဲ လိုက်တယ်။ စစ်တန်းလျှားကြီး တစ်လုံးကို မီးရှို့လိုက်တယ်။ ပြီး‌တော့ ပစ်ခတ်မှု‌တွေ ဖြစ်တယ်။ ဟိုဘက်က (BGF) ၃ ‌ယောက် ‌သေတယ်။ ပြီး‌တော့ ဗိုလ်ဖားမီးအဖွဲ့က တပ်မဟာ (၅)၊ KNLA တပ်ရင်း (၁၀၂)မှ ဗိုလ်စတီးအဖွဲ့နဲ့ လာပူး ‌ပေါင်းတယ်။” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို့အပြင် ယ‌နေ့မနက် ၃နာရီခန့်အချိန်တွင် ထို BGF (၁၀၁၂)မှ ဗိုလ်ဘိဦး‌ဆောင်‌သော အဖွဲ့သည် ကမ‌မောင်းရှိ မြန်မာစစ်တပ်၏ ရိက္ခာဂို‌ဒေါင်နှင့် လက်နက်ဂို‌ဒေါင်တို့ကို ဝင်‌ရောက်မီးရှို့ခဲ့‌ကြောင်းလည်း ထိုအရာရှိကပဲ ဆက်လက် ‌ပြောသွားသည်။

ယခုလို BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားလာခြင်းအ‌ပေါ် BGF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက “သူတို့တပ်ဖွဲ့ဝင်အချင်းချင်းကြားမှာ ခံယူချက်အပိုင်း‌တွေမှာ မတူညီတာ ရှိတယ်။ တချို့က BGF မလုပ်ချင်ဘဲနဲ့ မတတ် သာလို့ လုပ်ရတယ်‌လေ။ တ‌ယောက်နဲ့တ‌ယောက် သ‌ဘောထားချင်း မတိုက်ဆိုင်‌တော့ မ‌ကျေနပ်မှု‌တွေ ရှိလာ‌တော့ အခုလိုဖြစ်လာတာပဲ။” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

BGF အဖွဲ့မှ ခွဲထွက်ပြီး KNU တပ်ဖွဲ့နှင့် လာ‌ရောက်ပူး‌ပေါင်းသည့် ဗိုလ်ကြီးဖားမီးအဖွဲ့ကို လက်ခံကြိုဆိုသည်ဟု KNU ဖာပွန်ခရိုင်၊ တပ်မဟာ (၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ယခုလို‌ပြောသည်။

သူက “ကျ‌နော်တို့‌တွေက ကရင်အချင်းချင်း‌တွေပဲ။ လမ်းမှား‌လျှောက်မိလို့ မှားမှန်းသိပြီး ပြန်လှည့်လာတယ်။ ကျ‌နော်တို့နဲ့ ပြန်လာလက်တွဲလိုတယ်ဆိုရင် ကျ‌နော်တို့ဘက်က‌တော့ လက်ခံကြိုဆိုတယ်။”ဟု ‌ပြောသည်။

ထို BGF (၁၀၁၂)တပ်ဖွဲ့သည် ယခင်က တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA) တပ်မဟာ (၃၃၃)တပ်ဖွဲ့ဖြစ်ရာ ပြီးခဲ့‌သော ၂၀၁ဝခုနှစ် ဩဂုတ်လ ၁၈ရက်‌နေ့တွင် နယ်ခြား‌စောင့်တပ်အဖြစ် ‌ပြောင်းလဲဖွဲ့စည်းခြင်း ခံရသလို ယခု ဗိုလ်ကြီး‌စောဖားမီးတို့ ဝင်‌ရောက်ပစ်ခတ်သည့် မြိုင်ကြီးငူ BGF စခန်းသည် ယခင် DKBA၏ ဗဟိုဌာန ချုပ်တည်‌နေရာဖြစ်သည်။