ခေါင်ဆူလိုင့် (ဧပြီလ ၁၉ရက်၊ ၂၀၁၁ခုနှစ်။)
“အခု ကျနော် လုပ်ချင်တာကတော့ ကျောင်းဆက်တက်ချင်တယ်။ အလုပ်လုပ်ချင်တယ်။ ပြီးရင် မိဘတွေကို ကူညီချင်တယ်။” လို့ ၇တန်းအရွယ်ကတည်းက စစ်တပ်ထဲရောက်ရှိခဲ့သူ အသက် ၁၉နှစ်အရွယ် စစ်ပြေးတပ်သား မောင်ဇော်မျိုးအောင်က ပြော ပါတယ်။
ဖခင်ရဲ့ ပရိဘောဂလုပ်ငန်းနဲ့ မိသားစု စားဝတ်နေရေးကို မိခင်နဲ့ မောင်နှမ ၅ဦးက မှီခိုရပ်တည်ရင်း ရန်ကုန်တိုင်း ရန်ကင်း၊ အလက(၇)မှာ ကျောင်းနေခဲ့ရပေမဲ့ အသက် ၁၄နှစ်ကျော်အရွယ်ကတည်းက ကျောင်းပြေးရင်း စစ်တပ်က တပ်ကြပ်ကြီးတဦး ရဲ့ ဖြားယောင်းခေါ်ဆောင်မှုကြောင့် တပ်ထဲလိုက်ပါသွားခဲ့ရတာကိုလည်း အခုလို ပြောပြပါတယ်။
“ကျနော် ရန်ကင်း အလက(၇)မှာ နေခဲ့ပါတယ်။ ကျောင်းပြေးရင်း ရန်ကုန်ဘူတာကြီးမှာ စစ်တပ်က တပ်ကြပ်ကြီးဆိုတဲ့ ဦးလေး ကြီးနဲ့ဆုံတယ်။ သူက ဦးလေးနောက်လိုက်ပြီး အလုပ်လုပ်မလားပေါ့။ သူ့လက်ချောင်းက လက်စွပ်တွေကိုပြပြီး တွေ့လား၊ ဦး လေးအလုပ်က အဆင်ပြေတယ် ဘာညာပေါ့။ ကျနော်လည်း သူ့နောက်လိုက်သွားတော့ မဂင်္လာဒုံစုဆောင်းရေးကို ရောက် သွားတယ်။ စုဆောင်းရေးမှာ ကျနော့်ကို အသက်မေးတော့ ဟိုဦးလေးကြီးက ၁၈နှစ်လို့ ဖြေခိုင်းလို့ အဲလိုဖြေတာ စစ်ဆေးတဲ့ သူက မယုံဘူး။ နောက် ကိုယ်အလေးချိန်ပေါင် ၉ဝပြည့်မပြည့်ချိန်တယ်။ ဒီလို ဆေးမစစ်ခင် ဦးလေးကြီးက ကျနော့်ကို ငှက် ပျောသီးတွေ၊ ထမင်းတွေ နင်းကန်ကျွေးတာ။ ဒါပေမဲ့ ကျနော့်ပေါင်ချိန်က ၈ဝပဲ ရှိတယ်။ ဒါနဲ့ သုံးခါဆေးစစ်တာ မအောင်ဘူး လေ။”လို့ ပြောပြပါတယ်။
ကလေးစစ်သား မောင်ဇော်မျိုးအောင်ဟာ မဂင်္လာဒုံကနေတဆင့် ပဲခူးမှာ ဆယ်ရက်ခန့်၊ ပဲခူးကနေတဆင့် တောင်ငူကို လူအ ပြောင်းအလဲနဲ့ အဆင့်ဆင့် အပို့ခံရပြီး တပ်ထဲရောက်ရှိလာရာက ပျဉ်းမနား ရေနီလေ့ကျင့်ရေး-၅မှာ အခြေခံစစ်သင်တန်းကို ၄လခွဲ တက်ခဲ့ရပါတယ်။ သူနဲ့အရွယ်တူရော၊ သူ့ထက်ငယ်တာရော သုံးပုံတစ်ပုံလောက်ရှိတဲ့ သင်တန်းမှာ တက်ရောက်ခဲ့ပြီး ခမရ(၅၄၈)ကို တိုက်ရိုက်ရောက်လာသလို တပ်ထဲမှာလည်း သူ့လိုအရွယ် ဘဝတူရဲဘော်လေးတွေ ရှိနေတယ်လို့လည်း ကိုယ် ပိုင်အမှတ်-၃၆၉၆၅၅နဲ့ တပ်သားဇော်မျိုးအောင်က ပြောပြပါတယ်။
“တပ်ထဲမှာက ကျနော့်ထက်ငယ်တဲ့ ၁၆-၁၇နှစ်အရွယ်တွေလည်းရှိတယ်။ ရဲဘော်တွေကငယ်ပြီး အရာရှိတွေရဲ့ ထိုးကြိတ်တာ ကို ခဏခဏ ခံရတော့ သူတို့လည်း မလုပ်ချင်ကြတော့ဘူး။ တချို့တပ်ကြပ်တွေကအစ တပ်ထဲက ပြေးချင်နေကြတာလေ။”
စစ်တပ်ထဲ ရောက်ကတည်းက ဒုဗိုလ်မှူးကြီးမျိုးမင်း ဦးစီးတဲ့ ခမရ(၅၄၈)တပ်ရင်းရဲ့ နောက်တန်း နဘူးကျေးရွာက ဗဟိုကင်းမှာ တောက်လျှောက် တာဝန်ကျခဲ့ပေမဲ့ ရွေးကောက်ပွဲရက်က မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာမှာ တာဝန်ကျပြီး ဒီကေဘီအေ အဖွဲ့နဲ့ တိုက်ခဲ့ရတဲ့အချိန်ကတည်းက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
သူတို့လို သာမန်တပ်သားတွေအနေနဲ့ လစာအဖြစ် ကျပ်ငွေ ၄သောင်းကျော်ရပေမဲ့လည်း တပ်စည်းကမ်းအရ ဘဏ်စုငွေထား ရှိရတာကြောင့် အသုံးစရိတ်က လောက်ငှမှုမရှိဘဲ တပ်မိသားစု အခြေခံသက်သာဆိုင်မှာ လစဉ် အကြွေးတွေ သွားပေးနေရ တာကိုလည်း အခုလို ပြောပြပါတယ်။
“တပ်ထဲမှာ လစာ ၄၂,၅၀ဝကျပ်ရတယ်။ ဒါပေမဲ့ ရဲဘော်တစ်ယောက်ကို ဘဏ်စုငွေ တစ်လ ၂သောင်းစီထားရတော့ ကျန်ငွေ တွေက ယူနီဖောင်း နှစ်စုံစာပဲရှိတယ်လေ။ စုငွေကလည်း ငွေတစ်သိန်းကျော်မှ တစ်သောင်း၊ နှစ်သောင်းစ ထုတ်ယူလို့ရတယ်။ ဒါလည်း အထက်အရာရှိကို အဆင့်ဆင့် သတင်းပို့ပြီးမှပါ။ ဒီထုတ်ငွေတွေကို တပ်ထဲက ကျနော်တို့အခေါ် မသက်မသာဆိုင်မှာ အကြွေးနဲ့ ဝယ်စားထားတာတွေ ပြန်ဆပ်လိုက်တာနဲ့ ကုန်တာပါပဲဗျာ။”
ဒီလိုမလောက်ငှမှုတွေ၊ အထက်လူကြီးရဲ့ ဆက်ဆံရေး ရိုင်းပျမှုတွေနဲ့ ဖိနှိပ်မှုတွေကြောင့် အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ကရင်ပြည်နယ်၊ နဘူးရွာ အခြေစိုက် ခြေမြန်တပ်ရင်း-ခမရ(၅၄၈)ထဲမှာ ၄နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်သားဇော်မျိုးအောင်အဖို့ စစ်သားဘဝကနေ လွတ်မြောက်အောင် မိမိတပ်ရင်းရဲ့ရှေ့တန်း တခေါ်ဘိကွီးစခန်းကနေ လက် နက်ခဲယမ်း တစုံတရာ မပါဘဲ ကေအဲန်ယူ တပ်မဟာ (၇)တပ်ဖွဲ့ဆီ ၂၀၁၁ခုနှစ်၊ ဧပြီလ ၉ရက်နေ့ နေ့ခင်းဘက်မှာ ကိုယ်လွတ် ရုန်း ထွက်ပြေးလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။
၁၉၄၇ခုနှစ် လွတ်လပ်ရေးမရမီ ဗမာ့တပ်မတော်ကို ပြန်လည်ဖွဲ့စည်းခဲ့တဲ့အခါ စစ်သားစုဆောင်းရေးတပ်ကိုလည်း အဲဒီနှစ် နို ဝင်ဘာလ ၂၂ရက်နေ့ ပြင်ဦးလွင်မြို့မှာ စတင် ဖွဲ့စည်းခဲ့သလို စစ်အစိုးရအနေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းက ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ၂၀၀၄ခုနှစ်၊ ဇန်နဝါရီလ ၅ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်လို့ ရိုးမ-၃က ထုတ်ဝေခဲ့တဲ့ “မြန်မာ့သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ”အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အစိုးရအနေနဲ့ စစ်အင်အား လိုအပ်ချက်တွေ ဖြည့်တင်းနိုင်ဖို့ နယ်လှည့်စုဆောင်းရေးတပ်များကိုလည်း (နလစ)၊ (နလက) အဖွဲ့အဖြစ် မြန်မာတနိုင်ငံလုံး မြို့နယ်ပေါင်း ၃၇ခုမှာ အခြေစိုက်ပြီး စစ်သားစုဆောင်းရေးတွေ လုပ်ကိုင်လျှက်ရှိနေပါတယ်။ စစ် အစိုးရရဲ့ တပ်သားသစ်များ အပ်နှံတဲ့ ကိုယ်စားလှယ်တွေ လိုက်နာဖို့ အချက် ၉ချက်ထဲမှာ တပ်သားသစ်၏ နယ်မြေခံ၊ ကျောင်း ထောက်ခံချက်မူရင်း ပါရှိရမှာ ဖြစ်သလို ဆေးအောင်တပ်သားသစ်တွေကို ပြန်လည်ထုတ်ယူခြင်း လုံးဝ ခွင့်မပြုဆိုတဲ့အချက် လည်း ပါရှိပါတယ်။
ရွေးကောက်ပွဲအပြီး လွှတ်တော်အစည်းအဝေးက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရသစ် ဦးသိန်းစိန်က သမ္မတအဖြစ် တက် လာပြီးတဲ့နောက် နိုင်ငံတော်ကို ကာကွယ်ရေးအတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တစ်ရပ်ရှိဖို့နဲ့ အဲဒီတပ်ကို အင်အားတောင့် တင်းအောင် ဝိုင်းဝန်းတည်ဆောက်ဖို့ ပြောဆိုသွားခဲ့ပေမဲ့ ရှေ့တန်းစစ်မျက်နှာပြင်ကို ရောက်ရှိနေတဲ့ တပ်သားတွေကတော့ သူတို့ရဲ့ တပ်ရင်း၊ တပ်စခန်းတွေကနေ ထွက်ပြေးနေကြပါတယ်။
ကရင်ပြည်နယ်ရဲ့ ရှေ့တန်းဒေသမှာ တာဝန်ကျတဲ့ အစိုးရ စစ်တပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေထဲက တပ်ပြေးအတော်များများဟာ ကေအဲန်ယူအဖွဲ့က ကေအဲန်အယ်လ်အေတပ်တွေဆီ ရောက်ရှိလာခဲ့ကြပြီး ဒီတပ်ပြေးတွေကို သူတို့ရဲ့ဆန္ဒအတိုင်း ဆောင် ရွက်ပေးလိုက်တယ်လို့ ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးစောအဲဆဲဆဲက ပြောပါတယ်။
၎င်းက “ကျနော်တို့ တပ်မဟာမှာတော့ ဒီ ၂၀၁၁ခုနှစ်၊ လေးလပိုင်းအထိ နအဖတပ်ပြေးက ဒီချာတိတ်လေးတစ်ယောက်ပဲ ရှိပါ တယ်။ ဒီလိုရောက်လာတဲ့ တပ်ပြေးတွေကို အရင်ကတည်းက သူတို့ဆန္ဒအတိုင်း သွားလိုရာသွားဖို့နဲ့ အလုပ်လုပ်ချင်လည်း အ တတ်နိုင်ဆုံး ကျနော်တို့ စီစဉ်ပေးလိုက်တာပါပဲ။”လို့ ဆိုပါတယ်။
ကရင်ဒေသမှာ ၂၀၁ဝခုနှစ်အတွင်း နအဖတပ်ပြေး ၁၆ဦးရှိပြီး ယခုနှစ် မတ်လအထိက ၁ဝဦးရှိတယ်လို့ ကေအဲန်ယူ စစ်ဖက် ဆိုင်ရာ မှတ်တမ်းများအရ သိရပါတယ်။
မြန်မာပြည်မှာ အသက် ၁၈နှစ်အောက် လူငယ်အတော်များများဟာ လုပ်ငန်းခွင်ထဲ ရောက်နေကြတဲ့အတွက် အလုပ်ဆင်းချိန် အိမ်ပြန်သူများ၊ အုပ်ထိန်းသူမပါဘဲ လမ်းသွားသူများ၊ ကျောင်းမတက်ဘဲ အလည်လွန်သူများအပြင် ကျေးရွာ၊ ရပ်ကွက်ထဲ မက် လုံးပေးစည်းရုံးခံရသူများ စသည်ဖြင့် အကြောင်းမျိုးစုံနဲ့ တပ်ထဲရောက်လာကြသလို ၁၉၉၈ခုနှစ်နောက်ပိုင်း တပ်ထဲမှာ ကလေး ငယ် အတော်များများ ပါဝင်လာတယ်လို့လည်း ကိုယ်တိုင် တပ်သားသစ် စုဆောင်းဖူးခဲ့သူ တပ်ကြပ်ကြီးတစ်ဦးက ပြောပါ တယ်။
စစ်တပ်ပြေးလည်းဖြစ်၊ ကလေးစစ်သားလည်းဖြစ်ခဲ့သူ မောင်ဇော်မျိုးအောင်က “တကယ်တော့ ကျနော်ဟာ တပ်ထဲ စရောက် ကတည်းက အဆင့်ဆင့် ရောင်းစားခံနေရတာ။ မိဘတွေကလည်း ဆက်သွယ်လာတာ မတွေ့သလို ကျနော်လည်းပဲ မဆက် သွယ်တတ်ဘူး။ ကျောင်းပြေးမိလို့ နောင်တရမိတာအမှန်ပဲ။ ဖြစ်နိုင်ရင် ကျနော့်ဘဝရဲ့ ဒီခံစားချက်တွေကို ပြောချင်တာက ကျနော့်လို ကျောင်းပြေးရင် တပ်ထဲဆွဲစေ့ခံရပြီး ထွက်ပြေးနေရအုံးမှာပဲ။”လို့ ပြောသွားခဲ့ပါတယ်။