တစ်ယောက်အားနှင့်ဆိုသော် မရ။ အများအားနှင့်ဆိုလျှင် ရ၏။ စုပေါင်းအင်အားဖြင့် တွန်းလှန်မှုမှန်သမျှ မည်သည့်အာဏာရှင် မှ ခံနိုင်ရည်မရှိသည်ကို အီဂျစ်နိုင်ငံ၏ အစိုးရအပေါ် လူထုအုံကြွမှုက သက်သေပြ တိုက်ထုတ်နိုင်ခဲ့သည်။ ဖေဖော်ဝါရီလအ တွင်း အီဂျစ်နိုင်ငံသူနိုင်ငံသားများက ခေတ်မှီတိုးတက်လာသည့် နည်းပညာများကို အသုံးချကာ အချင်းချင်း ဆက်သွယ်စည်း ရုံး လှုံ့ဆော်ရင်း ဟော့စ်နီမူဘာရက် သမတအစိုးရကို ရက်ပေါင်း တစ်ဆယ့်ရှစ်ရက်အတွင်း ဖြုတ်ချနိုင်ခဲ့သည်။
ထိုတိုင်းပြည်နှင့် မရှေးမနှောင်းမှာပင် လစ်ဗျားနိုင်ငံ၌လည်း သမတ မွမ်မာကဒါဖီအပေါ် လူထုဆန္ဒပြပွဲ ပါဝင်ခဲ့သူများကို အကြမ်းဖက်သည့် လစ်ဗျားအာဏာပိုင်များအား ဒဏ်ခတ်ဖို့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက ဖေဖော် ဝါရီလ ၂၆ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် ICC ခေါ် နိုင်ငံတ ကာ ရာဇဝတ်ခုံရုံးမှ လစ်ဗျား၏ ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက် ဖိနှိပ်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းအပေါ် စုံစမ်းစစ် ဆေးဖို့ကိုလည်း သဘောတူ ဆုံးဖြတ်လိုက်ကြသည်။ တိုင်းပြည်တပြည်၏ မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများမှာ ကမ္ဘာကို မအေး ငြိမ်းစေနိုင်ဘဲ ပါဝင်ပတ်သက်သင့်သည့် အသွင်ကို မီးမောင်းထိုးပြလိုက်ခြင်းသာ ဖြစ်သည်။
အာဏာရှင်ဟူသည် သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်စေ၊ တစ်ပါတီစနစ်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးစနစ်ဖြစ်စေ နှစ်ပေါင်း ၂၀-၃ဝသာ မက ထိုမျှနှင့်အထက်တိုင် ကြာမြင့်နေစေကာမူ နိဂုံးကံမ အဆုံးသတ်က ပြုတ်ကျခြင်းသာလျှင် ဖြစ်သည်။ ကမ္ဘာတည်သရွေ့ မတည်မြဲနိုင်သည့် အရာများစွာထဲတွင် အာဏာတစ်ခုလည်း မမှိတ်မသုန် ပါဝင်နေကြောင်းကို စစ်အာဏာကို ဖက်တွယ်ကိုင်စွဲ ထားသည့် နအဖ စစ်အုပ်စုကလည်း သိနေသည်။ သို့အတွက် ဗမာပြည်သူလူထုတစ်ရပ်လုံးကလည်း အလားတူ သိနေသည့် အလျောက် တိုင်းပြည်နှင့် တိုင်းသူပြည်သားများကို ကုန်းကောက်စရာ မရှိအောင် ချွတ်ခြုံကျစေသည့် ထိုအာဏာရှင်တစ်စုကို ညီညွှတ်စွာ တော်လှန်ဖြုတ်ချနိုင်ကြောင်းကို ချွင်းချက်မရှိ ယုံစားကာ လက်တွေ့လုပ်ဆောင်သင့်သည်။
ဗမာပြည်၏ ၁၉၈၈ခုနှစ် ကျောင်းသားအုံကြွမှု အရေးအခင်း၊ ၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာတော်များ မေတ္တာပို့ ဆုတောင်းမှု များနှင့် လူထုပူးပေါင်းပါဝင်မှုများမှာ တိုင်းပြည်ကို မတရား လုယက်အုပ်ချုပ်ထားသည့် စစ်အုပ်စုအဖို့ ထိတ်လန့်စရာ ဖြစ်ခဲ့ သည်။ သားသုံးသားအနက် ကျောင်းသား၊ ဘုရားသားတော်များအပြင် တပ်မတော်သားများပါ စစ်အာဏာရှင် အစိုးရအမည်ခံ လက်တစ်ဆုပ်စုအုပ်စုကို ဖြိုဖျက်နိုင်ဖို့ လူထုနှင့်အတူ သွေးစည်းညီညွှတ်ကြဖို့သာ လိုတော့သည်။
မိမိတိုင်းပြည်၏ အဆိုးအကောင်း ကံကြမ္မာမှာ ပြည်သူပြည်သားများ၏ လက်ထဲတွင်သာ ရှိသည်ဖြစ်၍ သာမညအနေဖြင့် အိမ် နီးချင်းနိုင်ငံများ၊ ဒေသန္တရနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများကပါ ဝိုင်းဝန်းပံ့ပိုးသင့်သလို အဓိကအားဖြင့်တော့ ထိုတိုင်းပြည်၏ ပြည်သူပြည်သားများအပေါ်၌သာ တည်မှီနေသည်ကို လုံးဝ ဥဿုံ စွဲမှတ်ယုံကြည်ကာ အချိန်မဆိုင်း လုပ်ဆောင်ရပေတော့ မည်။
ယနေ့တွင် ကမ္ဘာနှင့်အဝှမ်းရှိ ကမ္ဘာ့လူထုများမှာ အစိုးရအမည်ခံ အာဏာရှင်များကို နေ့စဉ်နှင့်အမျှ ဖြုတ်ချနိုင်ရေးအတွက် ဖိ အားပေးလုပ်ဆောင်လျှက်ရှိသည်။ ဤသည်ကို ပမာပြု၍ ပြည်တွင်းပြည်ပရှိ ဗမာပြည်သူပြည်သားများကလည်း ရာစုနှစ်တစ်ခု ကျော်ကြာ ပြည်တွင်းစစ် ဖန်တီးကာ တိုင်းရင်းသားလူထု အချင်းချင်း သွေးချောင်းစီး တိုက်ခိုက်စေပြီး ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်ကို မတရားအုပ်ချုပ် မင်းလုပ်လာခဲ့သည့် စစ်အာဏာရှင်တစ်စုကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လူထုအားဖြင့် မြေလှန်တော်လှန်သင့်ပြီဟူ၍သာ တိုက်တွန်းလိုက်ရပါသည်။