ဇန်နဝါရီလ ၁၈ရက်။ နန်းထူးစံ (ကေအိုင်စီ)
ပဲခူးတိုင်းအရှေ့ခြမ်းဖြစ်သည့် ကရင်ပြည်နယ်မြောက်ပိုင်း၊ တောင်ငူဒေသတွင် ယခုလဆန်းပိုင်းမှစ၍ အင်အား ၁,၀၀၀ကျော်ရှိသည့် နအဖ တပ်ရင်း ၁၄ရင်း တိုးချဲ့လှုပ်ရှားလာသည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။
နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၉)လက်အောက်ခံ တပ်ရင်း ၇ရင်းနှင့် စကခ(၄) လက်အောက်ခံ တပ်ရင်း ၇ရင်းတို့သည် ရာနှင့် ချီသော အကျဉ်းသားများနှင့်အတူ ယခုဇန်နဝါရီလ ၈ရက်နေ့ကပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ တောင်ငူ ခရိုင်အတွင်းသို့ ဝင်ရောက်လှုပ်ရှားလာသည်ဟု တောင်ငူနယ်ခံတဦးက ယခုလို ပြောသည်။
သူက “ဒီလ ၈ရက်နေ့က စကခ(၄)က ဗျူဟာ ၂ခု လာတယ်။ ၁၄ရက်နေ့မှာက စကခ(၉)က ဗျူဟာ ၂ခု ဝင်လာတယ်။ ဗျူဟာ ၂ခုမှာ တပ်ရင်း ၇ရင်းဆိုတော့ အားလုံး ၁၄ရင်းပေါ့။ အဲဒီထဲမှာ အကျဉ်းသားတွေလည်း အများကြီး ပါတယ်။”ဟု ပြောသည်။
KNU တပ်မဟာ(၂)နယ်မြေဖြစ်သည့် တောင်ငူခရိုင်၊ သံတောင်နှင့် ထန်းတပင်မြို့နယ်များတွင် နအဖဘက်မှ တပ်အင်အားများ တိုးချဲ့ ရောက်ရှိလာသလို ထိုဒေသအတွင်း လှုပ်ရှားနေသည့် ၎င်းတို့တပ်များအတွက် ရိက္ခာ ၂နှစ်စာပို့ဆောင်ရန် ယခုဇန်နဝါရီလ ၁၄ရက်နေ့ မှစ၍ ယနေ့အထိ ရိက္ခာတင်ဆောင်လာသည့် စစ်ကားအစီးပေါင်း ၁၀၀ကျော် ရောက်ရှိလာသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယခုလို နအဖဘက်မှ တပ်အင်အား ပိုမိုတိုးချဲ့လာသည့်အပြင် တပ်ရိက္ခာများကို ၂နှစ်စာ ကြိုတင်ပို့ဆောင်ရန် လုပ်ဆောင်နေခြင်းမှာ KNU ထိန်းချုပ်ထားသည့် တောင်ငူဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်လာမည့် အလားအလာရှိနိုင်ကြောင်း KNU တောင်ငူခရိုင်မှ တာ ဝန်ရှိသူတဦးက ယခုလို ပြောသည်။
သူက “ပြီးခဲ့တဲ့ တနှစ်လုံးမှာ စကခ တခုတည်းနဲ့ လှုပ်ရှားလာပြီးတော့ အခု စကခ နှစ်ခု များလာတယ်။ ကျနော်တို့ သိရသလို ၂၀၁၁ နဲ့ ၂၀၁၂အတွက် ရိက္ခာတွေ ပို့ထားတယ်ဆိုတော့ လက်ရှိတပ်တွေအပြင် နောက်ထပ်ဝင်လာဦးမလားတောင် မပြောတတ်ဘူး။ ဝင် လာစရာအကြောင်းရှိတာက ကျနော်တို့ဒေသကို စစ်ဆင်ရေးလုပ်ဖို့ ဖြစ်နိုင်ခြေ များပါတယ်။”ဟု ပြောသည်။
၎င်းနအဖတပ်များ ဝင်ရောက်လာပြီးနောက်ပိုင်း သံတောင်နှင့် ထန်းတပင်မြို့နယ်အတွင်းရှိ တောင်ငူမြို့နှင့် ဆက်သွယ်သွားသည့် ဘောဂလိ၊ မောင်းတိုင်ကြီးနှင့် ဘူဆာခီးကားလမ်းတလျှောက် တိုက်ပွဲကြီး ၃ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲငယ်များက နေ့စဉ်လိုလို ဖြစ်ပွား နေကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။
ယင်းသို့ နအဖတပ်များ တပ်ရိက္ခာများ ပို့ဆောင်နေသည့် ယခုအချိန်တွင် ဒေသခံရွာသူရွာသားများမှာ ကားလမ်းမပေါက်သည့် တပ် စခန်းနေရာများသို့ နေ့ညမပြတ် ရိက္ခာသယ်ရခြင်း၊ စစ်ကြောင်းသွားလာသည့်လမ်းကို မိုင်းရှင်းရခြင်း၊ စစ်ကြောင်းများ ခေါ်ဆောင်ရာ နောက်ကို လိုက်ပါရခြင်းများကို လုပ်ဆောင်ပေးနေရကြောင်း သိရသည်။
KNU ထိန်းချုပ်သည့် တောင်ငူဒေသတွင် အသစ်ရောက်ရှိလာသည့် စကခ(၉)နှင့် စကခ(၄)တို့မှ တပ်ရင်း(၁၄)ရင်း အပါအဝင် မူလက အခြေချလှုပ်ရှားလျှက်ရှိသည့် စကခ(၇)မှ တပ်ရင်း ၇ရင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်းများ အားလုံးစုစုပေါင်း တပ်ရင်း ၃၀ကျော် လှုပ်ရှားလျှက်ရှိကြောင်း KNU တပ်မဟာ(၂)၏ စစ်ရေးမှတ်တမ်းအရ သိရသည်။