ဒီဇင်ဘာလ ၁၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဝေါ်လေဒေသနှင့် ချူကလီးဒေသဘက်တွင် နအဖနှင့် ဒီကေဘီအေတို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား ခဲ့ရာ တိုက်ပွဲအခြေအနေမှာ ယနေ့အထိ ပြင်းထန်လျှက်ရှိသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
ယနေ့ နေ့လည်တွင် ချူကလီးဒေသ၌ အသစ် ဝင်ရောက်လှုပ်ရှားလာသည့် စကခ(၁၉)လက်အောက်ခံ ခလရ(၂၉၉)၊ ခမရ (၅၈၆)နှင့် ဝေါ်လေကျေးရွာ သုခမြိုင်ဘုန်းကြီးကျောင်းရှိ နအဖ စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ဖွဲ့အား ဒီကေဘီ အေ ကလို့ထူးဘောဗျူဟာမှ ၃ကြိမ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ချူကလီးဒေသတွင် လှုပ်ရှားနေသော ဒီကေဘီ အေ ကလို့ထူးဘောဗျူဟာ လက်နက်ကြီးတပ်ဖွဲ့မှ ဒုဗိုလ်စောစမင်းက ပြောသည်။
သူက “ဒီနေ့ နေ့လည် ၁၂း၁၅မိနစ်အချိန်မှာ ချူကလီးဒေသ မော်ကနော်ခီးမှာ ကျနော်တို့တပ်ဖွဲ့နဲ့ နအဖ ခလရ(၂၉၉)ကြား လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ၁ဝမိနစ်ကြာ အပြန်အလှန် ပစ်ခတ်ကြတယ်။ ၁၂း၄၅မိနစ်အချိန်မှာလည်း ဝေါ်လေမှာရှိတဲ့ နအဖ ခမရ(၄၀၉)တပ်ရင်းကို ၅မိနစ်လောက် ကျနော့်လူတွေ တက်ပစ်တယ်။ ဒီညနေ ၄း၄၅မိနစ်မှာလည်း မော်ကနူခီးတဝိုက် မှာပဲ ခမရ(၅၈၆)နဲ့လည်း ၁ဝမိနစ်ကြာ အပြန်အလှန် ပစ်ခတ်ကြတယ်။”ဟု ပြောသည်။
အဆိုပါပစ်ခတ်မှုတွင် နအဖဘက်က ထိခိုက်ကျဆုံးမှုများ ရှိသော်လည်း စာရင်းအတိအကျ သိရှိရန်အတွက် စုံစမ်းနေဆဲဖြစ် သလို ပြောက်ကျားစစ်နှင့် ချုံခိုတိုက်ပွဲဖြစ်သည့်အတွက် ဒီကေဘီအေဘက်က ထိခိုက်မှု တစုံတရာ မရှိကြောင်း ဒုဗိုလ်စောစ မင်းက ဆက်ပြောသည်။
ထို့အပြင် ဝေါ်လေဒေသရှိ ဖလူးကျေးနယ်ဘက်တွင် လွန်ခဲ့သည့် ၃ရက်ခန့်ကတည်းက နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှု ခေတ္တ ရပ်တန့်သွားသော်လည်း ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်ဘက်မှ စစ်သည်အင်အား ဖြည့်ဆည်း လျှက်ရှိသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်မည့် အခြေအနေရှိကြောင်းလည်း ဖလူးရွာသားတဦးက ပြောသည်။
ယခုလို ဝေါ်လေကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဝေါ်လေရွာသူရွာသားအားလုံးနီးပါးမှာ မိမိတို့၏ ကျေးရွာမှ ထိုင်း ဘက်ခြမ်းသို့ ယနေ့ ထပ်မံ ထွက်ပြေးလာရပြန်သည်ဟု အမည်မဖော်လိုသည့် ဝေါ်လေရွာသားတဦးက ကေအိုင်စီကို ပြော သည်။
အလားတူ ကရင်ပြည်နယ် ဖားအံခရိုင် လှိုင်းဘွဲမြို့နယ် နိုဒေးဂွင်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့က နအဖ စစ်တပ်နှင့် ဗိုလ်မှူးစောတာမလာ ဦးစီးသည့် KNLA တပ်ရင်း(၂၀၂)တို့ ၃ကြိမ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ဗိုလ်ကြီးတဦး၊ တပ်ကြပ်ကြီးတဦးနှင့် တပ်သား ၂ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထို်င်မှူး ဗိုလ် မှူးစောအဲဆဲဆဲက ပြောသည်။
“အဲဒီနေ့က သုံးကြိမ်ဖြစ်တာ။ ဒီနိုဒေးဂွင်တစ်ခုထဲမှာပဲ ကျနော်တို့ရဲ့ တပ်ရင်း(၂၀၂)က ဒုရင်းမှူး ဗိုလ်တာမလာရဲ့အဖွဲ့နဲ့ ခမရ (၃၃၈)တို့ မနက် ၉း၁၅ နာရီမှာတကြိမ်။ ခမရ(၅၈၇)နဲ့ မနက် ၉း၃ဝနာရီမှာတကြိမ်ဖြစ်တယ်။ နောက်ပြီး အူးမိုးခီးရွာရဲ့ အပြင် ဖက်မှာတော့ ကျနော်တို့ (၂၀၂)တပ်ဖွဲ့နဲ့ ခလရ(၂၈)နဲ့ ၉း၃ဝနာရီမှာပဲ ဖြစ်ကြတော့ အဲဒီသုံးပွဲမှာ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး။ နအဖဘက်ကတော့ အရာရှိ အပါအဝင် ၄ဦး ထိခိုက်မှုရှိတယ်။”ဟု ဆိုသည်။
၎င်းအပြင် ယနေ့မနက် ၁ဝနာရီဝန်းကျင်တွင် အဆိုပါ ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၂)တပ်ဖွဲ့သည် ပိုင်ကျုံ(တာကရယ်) မြို့နယ် ပွိုင့် ၉၁၃နေရာရှိ နအဖ ခမရ( ၅၈၇)ကို ပြောက်ကျားပစ်ခတ်ခဲ့သော်လည်း နှစ်ဖက် ထိခိုက်မှုမရှိဟု သိရသည်။