ဒီဇင်ဘာလ ၇ရက်။ ခေါင်ဆူ.လိုင့်
– အိမ်ပြန်ခရီးသို့
ဦးခေါင်းကို အဝတ်ဖြူပေါင်းပြီး ဆနွင်းပါးပါး လိမ်းကျံထားတဲ့ ဝါဖန့်ဖန့် မျက်နှာဝိုင်းဝိုင်းလေးနဲ့ လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဟာ အနှီးဖြူလေး ပတ်ထားတဲ့ သူမရဲ့ နို့စို့ရင်သွေးလေးကို နို့ချိုတိုက်ကျွေးနေပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ပိုင်ရုံးဝင်းထဲမှာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၁ဝရက်နေ့အထိ နှစ်စဉ် ထိုင်းဘုရင့်မွေးနေ့ပွဲတော် ပြု လုပ်နေကျမို့ ဒီနှစ်မှာ ကျရောက်တဲ့ ၈၄နှစ်မြောက် ဘုရင့်မွေးနေ့ပွဲတော်ထဲမှာ လူတွေ ပျားပန်းခတ်မျှ သွားလာနေကြပါတယ်။ အဲဒီလို သွားလာနေတဲ့ ပွဲခင်းလမ်းလေးရဲ့ ဘေးတနေရာမှာ ငွေတောင်းစားနေတဲ့ သူမကို ပွဲတော် ပထမနေ့ကတည်းက ကျမ သတိထားမိလိုက်တာပါ။
သူ့နာမည်က မခင်မျိုးနွယ်တဲ့။
အသားအရည် စိုပြေပြီး အသက် ၃၆နှစ် ရှိပြီဖြစ်တဲ့ မခင်မျိုးနွယ်ရဲ့ ညာဘက်နားမှာ ၄နှစ်ကျော်အရွယ် တတိယမြောက်လို့ သူမပြောတဲ့ သမီးငယ်လေးက မိခင်ဘက်ကိုလှည့်ပြီး ကွေးကွေးလေး အိပ်ပျော်နေရှာတယ်။
ဘာလူမျိုးလဲ မေးလိုက်တော့ “ကျမက ဗုဒ္ဓဘာသာပါ”တဲ့လေ။
စစ်တောင်းဇာတိသူ သူမဟာ အိပ်ပျော်နေတဲ့ ၂လသားအရွယ် တစ်ဦးတည်းသော သားငယ်လေးကို ပေါင်ပေါ်တင်ထားပြီး သွားလာနေသူတွေကို ဘယ် ညာ ကြည့်ကာ တောင်းစားနေပါတယ်။ သူမနှုတ်ဖျားကတော့ ငွေလေး မစဖို့၊ ထမင်းဖိုး ဟင်းဖိုး ကူညီဖို့ နှုတ်ဖျားက အသံမထွက်ပေမဲ့ ပလပ်စတစ်ခွက် ပါးပါးလေးကို လက်တစ်ဖက်နဲ့ လှုပ်ခါတောင်းရမ်းနေပါတယ်။
“မတောင်းစားခဲ့ဖူးပါဘူး အမရယ်။ ကလေးက ၂လလေ။ ယောက်ျားက ကားမှောက်လို့ ဆုံးသွားတော့ ကလေး ၄ယောက်နဲ့ ကျန်ခဲ့တယ်။ ကလေးကိုလည်း ကျောင်းသားဆေးခန်း(မယ်တော်ဆေးခန်း)မှာ လာမွေးရတာ။ ရှားရှားပါးပါး ယောက်ျားလေးက ဒီတစ်ယောက်ပဲ။”လို့ ဆိုပြီး အနှီးဖြူလေးထဲမှာ ပြာနှမ်းနှမ်း မျက်နှာလေးနဲ့ အိပ်ပျော်နေရှာတဲ့ သားငယ်လေးကို သူမ ငုံ့ကြည့် လိုက်ပါတယ်။
စားဝတ်နေရေးအတွက် အလုပ်လုပ်လို့တောင် မတတ်သေးတဲ့ ၁၂နှစ်အရွယ်သမီးကြီးနဲ့ ၁၁နှစ်အရွယ် သမီးလတ်ကို အိမ်မှာ ထားခဲ့ပြီး သမီးငယ်၊ သားငယ်နဲ့အတူ ပွဲခင်းထဲ တောင်းစားနေရတာကလည်း လောလောဆယ် နေထိုင်ရေးနဲ့ အိမ်အပြန် လမ်း စရိတ်အတွက်ပါတဲ့။
သူမနဲ့ သက်တူရွယ်တူ ခင်ပွန်းဖြစ်သူက ဝေါမြို့သား ကိုသံချောင်းက မြဝတီ တောင်ပေါ်ကားလမ်းမှာ ကားမောင်းတယ်။ သူမ က သမီး ၃ယောက်နဲ့အတူ မြဝတီမှာ လာလိုက်နေရင်း သားလေး ကိုယ်ဝန် ၃လလောက်မှာ ခင်ပွန်းဖြစ်သူဟာ တောင်ပေါ် လမ်းမှာ ကားမှောက်ပြီး သေဆုံးသွားခဲ့တယ်။ အဲဒီနောက်ပိုင်း ကိုယ်ဝန်တဖက်နဲ့ အကြော်မုန့်တွေကို ဖောက်သယ်ယူရောင်းပြီး တဖက်တလမ်းက မိသားစု ဝင်ငွေကို ရှာကြံ ရပ်တည်ရပါတယ်။
မွေးချင်းမောင်နှမ ၇ယောက်မှာ ငါးယောက်မြောက်ဖြစ်တဲ့သူမက “ကိုယ်ဝန်ရင့်လာတော့လည်း ဘာလုပ်လို့နိုင်တော့မလဲ အမ ရယ်။ ဒီတော့ ကလေးတွေကိုခေါ်ပြီး ကျောင်းသားဆေးခန်းမှာ လာမွေးလိုက်တယ်။ အိမ်ပြန်ဖို့လည်း ပိုက်ဆံမရှိတော့ ဒီလိုပဲ တောင်းစားနေတာပေါ့။ သားအမိတွေ ညဘက်အိပ်ဖို့ကျတော့လည်း သူများအိမ်မှာ တည ဘတ် ၂၀ပေးပြီး အိပ်ရတယ်။ စားဖို့ လည်း ရှိသေးတယ်။ ကျန်တဲ့ မောင်နှမနဲ့ မိဘတွေက အောက်မှာပဲလေ။ ကိုယ့်ဒုက္ခက မိဘတွေကို မပေးသိချင်ပါဘူး။ ကလေး မွေးပြီးဆိုတာပဲ အကြောင်းကြားလိုက်တယ်။ ဘယ်မှာနေတယ်၊ ဘာလုပ်တယ်ဆိုတာလည်း မပြောချင်တော့ပါဘူး။”လို့ ရင် ဆိုင်နေရတဲ့ဘဝကို အန်တုရင်း ပြောပါတယ်။
သမီးအကြီးမက ကျောင်းနေခဲ့ဖူးသေးတယ်။ သမီးလတ်ကတော့ ကျမတို့ ဟိုပြောင်းဒီရွှေ့နဲ့ မနေခဲ့ရဘူးလေ။ မိဘတွေက လယ်လုပ်၊ ချောင်းလုပ်သမားတွေ။ ကျမက ဈေးပဲရောင်းတတ်တာ။ အခု အိမ်အပြန် လမ်းစရိတ်ရရင်လည်း ကျမ စစ်တောင်း မှာ မနေပါဘူး။ အမေတို့အလုပ်တွေ ကျမ လုပ်မတတ်ဘူး။ ကျမ ဈေးပဲရောင်းတတ်တယ်။ ကျမ ရန်ကုန်၊ လှိုင်သာယာမှာ ၄နှစ် ဈေးရောင်းခဲ့ဖူးတယ်။ အခု ဗမာပြည်ပြန်ရင်လည်း ရန်ကုန်မှာပဲ ပြန်နေပြီး ကလေးတွေနဲ့ ဈေးရောင်းစားမယ်။ အဲဒီမှာက ယောက်ျားဘက်က ဝမ်းကွဲအစ်ကိုတွေ ရှိတယ်လေ”လို့ ယခင်ဘဝနဲ့ ကြိုတင်ပုံဖော်ထားတဲ့ သူမရဲ့ အနာဂတ်ဘဝလေးကို ကျမ သိလိုက်ရပြီးတဲ့နောက် ပွဲခင်းထဲက အပြန်မှာ ဝါဖန့်ဖန့် မျက်နှာပိုင်ရှင် မခင်မျိုးနွယ်နဲ့ ပြာနှမ်းနှမ်း မျက်နှာလေးနဲ့ အိပ်ပျော် နေတဲ့ သားငယ်လေးရဲ့ မြင်ကွင်းလေးက ကျမရင်ကို ဆို့နင့်စေခဲ့ပါတော့တယ်။
– သူများဆော့တော့ ဆော့ချင်တယ်
ပွဲခင်းထဲက ကလေးကစားတဲ့နေရာလေးမှာ ၆နှစ်အရွယ်ရှိတဲ့ ကျမသမီးက အပျော်တမ်း ရေဆေးပန်းချီကို ထိုင်ဆွဲနေပါတယ်။ ခဏအကြာမှာ ကျမနဲ့ သမီးတို့ ရှိတဲ့နေရာလေးကို ၃နှစ်အရွယ် ယောက်ျားလေးက လာပြီး လက်ဖြန့်တောင်းနေပါတယ်။ ဘေး မှာထိုင်နေတဲ့ ကျမနဲ့အတူလာတဲ့ ညီမလေးက စားလက်စ ပိုးကောင်ကြော်အထုပ် လက်ကျန်လေးကို ပေးလိုက်ပါတယ်။
ကျမတို့ရှေ့က စားပွဲတန်းမှာ လို်က်တောင်းနေတဲ့ အသက် ၁ဝနှစ်အရွယ်ရှိ မိန်းကလေးတယောက်ဟာ ကျမတို့ခုံတန်းဘက်ကို လှည့်လာခဲ့ပါတယ်။ ပြီးတော့ စကားမပြောဘဲ ကျမတို့ဝယ်ထားတဲ့ ပိုးကောင်ကြော်ထုပ်ဘက်ဆီ လက်ညွှန်ပြပြီး သူမကိုကျွေးဖို့ တောင်းစားပါတယ်။
စားချင်တာလေး ဝယ်စားဖို့ ပိုက်ဆံတောင်းမရလည်း စားစရာလေး တောင်းစားလို့ရရင်လည်း စားရတာပဲ ဆိုတဲ့သဘောနဲ့ တောင်းနေတာပါလားလို့ ကျမ တွေးလိုက်မိချိန်မှာပဲ သူမနဲ့ အဲဒီကလေးငယ်ဟာ စောစောက ပိုးကောင်ကြော်နည်းနည်းကို မျှဝေစားရင် ကျမတို့အနားက ထွက်ခွာသွားပါတယ်။
ဘတ်ငွေ ၂၀ပေးပြီး လက်မှတ်ဖြတ်လို့ရရင် ကစားစရာတမျိုးလောက်ကို ဆော့ခွင့်ရနေတဲ့ ဒီပွဲရဲ့ ကလေးကစားကွင်းလေးမှာ ကလေးတွေသာဖြစ်တဲ့ သူတို့လေးတွေဟာလည်း ဘဝပေးကောင်းတဲ့ အခြားကလေးတွေလို ဆော့ချင်ရှာမှာပဲလို့ တွေးရင်း စိတ်မကောင်း ဖြစ်လိုက်မိပါသေးတယ်။
ဒီမြင်ကွင်းနဲ့ဆန့်ကျင်ဘက် ကျမတို့ထိုင်နေတဲ့ ရှေ့စားပွဲမှာတော့ ကျမသမီးလိုပဲ အပျော်တမ်းဆေးရောင်ခြယ် ပန်းချီဆွဲနေတဲ့ သားငယ်လေးကို အမေနဲ့ အဖေက တဖက်စီ ဝန်းရံပြီး စောင့်ပေးနေပါတယ်။ သားငယ်ဆွဲပြီးတဲ့အခါတိုင်း ဖခင်ဖြစ်သူက လက် မထောင်ပြရင်း အားပေးနေတာက ကျမစိတ်ထဲတမျိုး ချမ်းမြေ့သာယာရပါတယ်။ အခြားကစားတဲ့နေရာတွေမှာလည်း မိမိတို့ ကလေးငယ်တွေ ဆော့ကစားနေတာကို စောင့်နေကြတဲ့ မိဘ၊ အုပ်ထိန်းသူတွေကိုလည်း ထိုင်လို့တမျိုး၊ မတ်တပ်ရပ်လို့ တဖုံ မြင်တွေ့နေရတယ်။
ချားရဟတ်၊ ရေဆေးပန်းချီ လျှပ်စစ်ရထား အပါအဝင် ကစားဖို့နေရာ ၇ခုလောက်ရှိပြီး ထိုင်းသီချင်းသံတွေနဲ့ ဆူညံနေတဲ့ ဒီကစားကွင်းလေးမှာ ပျော်ရွှင်စွာ ကစားနေကြတဲ့ အသက် ၁ဝနှစ်နဲ့အောက် ကလေးတွေနဲ့ ဆန့်ကျင်စွာ တောင်းစားနေရတဲ့ အလားတူအရွယ် ကလေးတွေကလည်း ဒီအနားက မခွာနိုင်ကြပါဘူး။
ရေဆေးပန်းချီကနေ လေပူဖေါင်းလျှောစီးကို ပြန်ကစားနေတဲ့ သမီးကို ထိုင်စောင့်ပေးနေတုန်း ၉နှစ်နီးပါးအရွယ် ယောက်ျား ကလေးတစ်ယောက်ဟာ ကျမ လက်ကို လာပုတ်ပြီး သမီးတို့ ကစားနေတဲ့ဆီကို လက်ညှိုးထိုးပြပါတယ်။
သူက “သား ကစားချင်တယ်။ သားကို ပိုက်ဆံပေးပါလား”လို့ လာတောင်းရမ်းနေတဲ့ အဲဒီကလေးငယ်ကို မေးကြည့်တော့ မိဘတွေက သူနဲ့ သူ့အောက်က ညီငယ်၊ ညီမငယ်ကို ချန်ထားခဲ့ပြီး ကော့ကရိ်တ်ကို ပြန်သွားတာ တနှစ်လောက်ရှိပြီလို့ ပြောပါ တယ်။
ယုံရခက်ခက်၊ မယုံရခက်ခက်နဲ့ ဆက်မေးကြည့်တော့ “သား ကျောင်းနေတယ်။ ၁တန်း။ သားတို့ကျောင်းက ဟိုးဘက်မှာ”ဆို ပြီး ပွဲခင်းရဲ့ အရှေ့ဘက်အရပ်ကို လက်ညှိုးညွှန်လိုက်သေးတယ်။ သူ့ရဲ့ စာသင်ကျောင်းရှိတဲ့နေရာကို လမ်းညွှန်တတ်ပေမဲ့ ကျောင်းနာမည်ကိုတော့ သူ မသိဘူးလို့ ဆိုပါတယ်။ သူ အခုလို ဆော့ချင်လို့ ပိုက်ဆံတောင်းနေတဲ့အချိန်မှာ ညီလေး၊ ညီမ လေးတွေကို ပွဲခင်းထဲအတူလာတဲ့ သူငယ်ချင်းမိဘတွေနဲ့ ထားခဲ့တယ်လို့ ဆိုတယ်။
“ညီလေးနဲ့ ညီမလေးကို သား သူငယ်ချင်းမိဘတွေနဲ့ ထားခဲ့တယ်။ သူတို့က ဗူးခွံကောက်တယ်။ သားလည်း အားရင် ဗူးခွံ ကောက်တယ်။ လိုက်တောင်းစားတယ်။ သားအခု ထမင်းတောင် မစားရသေးဘူး။ ဆော့ချင်လို့။”ဆိုပြီး ပြောလာတဲ့ သူ့လက် ကလေးထဲကို ငွေ ၂ဝ ထည့်ပေးလိုက်တော့ အပြေးအလွှား လက်မှတ်ဝယ်ပြီး ကစားဝင်းခြံထဲ ခုန်ပေါက်ပြေးဝင်သွားပါတော့ တယ်။
ကျမတို့ အမိဗမာပြည်ရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်အရ တိုးတက်နေတဲ့ အာရှနိုင်ငံတခု ဖြစ် နေတာမို့ နယ်စပ် မဲဆောက်မြို့ဟာလည်း ထိုင်းနဲ့ ဗမာပြည်သားတွေ ဆတူနီးပါးလောက် နေထိုင်ရပ်တည်နေကြပါတယ်။ ဒါ့အ ပြင် ထိုင်းလူမျိုးတွေနဲ့အတူ ဒီ မဲဆောက်မြို့မှာ လာရောက်လုပ်ကိုင်ပြီး စားဝတ်နေရေး ရုန်းကန်နေရတဲ့ ဗမာပြည်သား ရွှေ့ ပြောင်းအလုပ်သမားတွေဟာလည်း ထောင်သောင်းမက ရှိနေပါတယ်။
အခုလို ပွဲတော်မျိုးမှာဆို ထိုင်းဈေးသည်တွေနဲ့အပြိုင် ဗမာပြည်သားတွေဟာလည်း ပွဲခင်းထဲ စားစရာ၊ အချိုရည်၊ ကလေး ကစားစရာအရုပ်နဲ့ ရာဘာဘောလုံးတွေရောင်းပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသလို တောင်းရမ်းစားသောက်နေ ကြတဲ့ ဆယ်နှစ်အောက် ကလေးငယ်တွေဟာလည်း ဆယ်ဦးထက်မက ရှိနေပါတယ်။ သူတစ်ပါးနိုင်ငံမှာ နည်းလမ်းပေါင်းစုံနဲ့ အသက်ရှင်ရပ်တည်နေရတဲ့ အရွယ်၊ အတန်းအစားစုံတဲ့ ဗမာပြည်သားတွေရဲ့ ဒီလိုဘဝမျိုးတွေကို ကယ်တင်ဖို့ ဘယ်သူ့မှာ တာဝန်ရှိနေပါသလဲလို့ တိုင်းပြည်ကို လက်ရှိ မတရား အုပ်ချုပ်နေသူတွေကို မေးလိုက်ချင်ပါတယ်။
နိုင်ငံတနိုင်ငံမှာ ကလေးသူငယ်တွေကို အနာဂတ်ရဲ့ ကြယ်ပွင့်လေးများလို့ တင်စားနေတတ်ကြပေမဲ့ ဒီကြယ်ပွင့်လေးတွေ အချိန်မတန်ဘဲ ကြွေလွှင့်ပျက်စီးမှု၊ အကျင့်စာရိတ္တ ပျက်ပြားမှုတွေဟာလည်း အဲဒီနိုင်ငံရဲ့ ပျက်စီး၊ ဆုတ်ယုတ်မှု ပြယုဂ်တစ်ခု သာပဲလို့ ကျမ ရင်မောစွာ တွေးလိုက်မိပါတော့တယ်… ။