Home ထိပ်တန်းသတင်း ကြံ့ဖွံ့ပါတီ မဟာမိတ်ကမ်းလှမ်းမှု အ‌ပေါ် အ‌ခြေခံမူဝါဒ တူညီမှသာ လက်တွဲရန် ဆန္ဒရှိ‌ကြောင်း PSDP ‌ပြောဆို

ကြံ့ဖွံ့ပါတီ မဟာမိတ်ကမ်းလှမ်းမှု အ‌ပေါ် အ‌ခြေခံမူဝါဒ တူညီမှသာ လက်တွဲရန် ဆန္ဒရှိ‌ကြောင်း PSDP ‌ပြောဆို

1397
နိုဝင်ဘာလ ၂၂ရက်‌နေ့။ နန်းထူးစံ (‌ကေအိုင်စီ)

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က နိုဝင်ဘာ ၇ရက်‌နေ့တွင် ကျင်းပခဲ့သည့် ‌ရွေး‌ကောက်ပွဲ၌ ဝင်‌ရောက်ယှဉ်ပြိုင်သည့် မည်သည့်ပါတီကိုမ ဆို အ‌ခြေခံမူဝါဒ လမ်းစဉ်ချင်း တူညီပါက လူထုအကျိုးအတွက် လက်တွဲ‌ဆောင်ရွက်ရန် ဆန္ဒရှိ‌ကြောင်း ပါတီ၏ တာဝန်ရှိသူတဦးက ‌ကေအိုင်စီ ကို ယမန်‌နေ့က ‌ပြောဆိုလိုက်သည်။

“ကျမတို့ပါတီက နဂိုကတည်းက ‌ပြောထားပြီးသားပဲ။ ဘယ်ပါတီကိုမဆို ပါဝင်လက်တွဲလို့ရတယ်။ ဒါ‌ပေမဲ့ ကျမတို့ရဲ့ မူဝါဒသ‌ဘောထား‌တွေ ပြည်သူလူထုကို ချပြထားတဲ့အတိုင်း ပြန်ပြီး အ‌ကောင်အထည်‌ဖော်‌ပေးရမယ်။ မူဝါဒတူရင်‌တော့ ပူး‌ပေါင်းပါဝင်လို့ရတယ်။ လက်တွဲလုပ်‌ဆောင်ရ မှာပဲ။”ဟု PSDP၏ တာဝန်ရှိသူတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

PSDP ပါတီအ‌နေဖြင့် ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်သည့် အခြားပါတီများကို ပြိုင်ဘက်ကဲ့သို့သာ သ‌ဘောထားပြီး ရန်သူသဖွယ် သ‌ဘောမထား‌ကြောင်း ၎င်းက ဆက်လက် ‌ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်‌နေ့က ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP)မှ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဝန်ကြီး ဦးသူရမြင့်‌မောင်၊ သတင်းနှင့် ပြန်ကြား‌ရေးဝန်ကြီး ဦး‌ကျော်ဆန်းနှင့် ပါတီကိုယ်စားလှယ်များသည် PSDP ပါတီနှင့် မဟာမိတ်ဖွဲ့လိုသည်ဟု ဖားအံမြို့နယ်ရှိ ‌တောင် က‌လေးဆရာ‌တော် ဦးပညာသာမိထံသို့ ချည်းကပ်‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

အမည်မ‌ဖော်လိုသူ PSDP ကိုယ်စားလှယ်တစ်ဦးက “တနလင်္ာ‌နေ့က သူတို့ ဝန်ကြီးနှစ်‌ယောက်နဲ့ ဖားအံမြို့နယ်မှာရှိတဲ့ သူတို့ကိုယ်စားလှယ်‌တွေ ‌တောင်က‌လေး ဆရာ‌တော်ဆီသွားပြီး‌တော့ ဖလုံ-စ‌ဝေါ်ပါတီနဲ့ ကျ‌နော်တို့ မဟာမိတ်ဖွဲ့‌အောင်လို့ ဆရာ‌တော်ကို ‌ပြောတယ်။ ဆရာ‌တော်က လည်း သူဟာ ဘုန်းကြီးမို့ ပါတီနဲ့ မဆိုင်ဘူး။ အဲဒီကိစ္စက ပါတီကလူ‌တွေကို သွား‌ပြောလို့ ‌ပြောလိုက်တယ်‌လေ။”ဟု ဆိုသည်။

ထို‌နေ့မနက်တွင် ဝန်ကြီးနှစ်ဦးနှင့်အဖွဲ့သည် ‌တောင်က‌လေးဆရာ‌တော်ထံ အတူသွား‌ရောက်ရန်အတွက် PSDP ဥက္ကဌ ဦး‌စောခင်‌မောင်မြင့်ကို လာ‌ရောက်‌ခေါ်ခဲ့‌သေး‌ကြောင်း ပြီးခဲ့သည့် စ‌နေ‌နေ့က ပါတီရုံး အစည်းအ‌ဝေးတွင် ပါတီဥက္ကဌက ‌ပြောပြခဲ့‌ကြောင်း ပါတီဝင်တစ်ဦးက ဆိုသည်။

“ဆရာ‌တော်ဆီ မသွားခင်မှာ သူတို့ပါတီဝင်တ‌ယောက်က ဦး‌စောခင်‌မောင်မြင့်ကို လာ‌ခေါ်တယ်။ ကျ‌နော်တို့နဲ့ ခဏလိုက်ခဲ့တဲ့။ ဦး‌စောခင်‌မောင် မြင့်ကလည်း မလိုက်ဘူး။ ‌ပြောစရာရှိရင် ဒီမှာလာ‌ပြောလို့ ပြန်‌ပြောလိုက်တယ်။ ‌နောက် တ‌ယောက်က ထပ်လာပြီး ၁၂နာရီကျရင် ဘုန်းကြီးဆီ သွားမယ်။ ကျ‌နော်တို့ ဝန်ကြီးနှစ်‌ယောက်ပါတယ်။ စာအုပ်‌တွေ သွားလှူဖို့တဲ့။ စာအုပ်သွားလှူတာပဲဟာ ဘယ်သူမဆိုသွားလို့ရတယ်ဆို‌တော့ ဦး ‌စောခင်‌မောင်မြင့်က မသွားဘဲ ‌နေလိုက်တယ်‌လေ။”ဟု ‌ပြောသည်။

ယင်းသို့ သွား‌ရောက်‌တွေ့ဆုံရာတွင် မည်သူ့ကိုမျှ ဝင်‌ရောက်ခွင့်မ‌ပေးဘဲ သီးသန့် ‌ဆွေး‌နွေး‌လျှောက်ထားခြင်းဖြစ်‌ကြောင်း ဖားအံမြို့နယ် ‌တောင် က‌လေး‌ကျေးရွာရှိ ဆရာ‌တော်နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

ပြီးခဲ့သည့် ‌ရွေး‌ကောက်ပွဲတွင် PSDP ပါတီမှ ဝင်‌ရောက်အ‌ရွေးခံသည့် ကိုယ်စားလှယ်‌လောင်း ၁၈ဦးရှိပြီး ၎င်းတို့အနက် ကရင်ပြည်နယ်၊ ဖားအံ နှင့် လှိုင်းဘွဲ မဲဆန္ဒနယ်‌မြေမှ ကိုယ်စားလှယ်‌လောင်း ၉ဦးမှာ မဲအနိုင်ရရှိခဲ့သည်။