Home အယ်ဒီတာ့အာဘော် လက်နက်ကိုင်တိုင်းပြည်တွင် ‌ရွေး‌ကောက်ပွဲ ကျင်းပရန်မလို

လက်နက်ကိုင်တိုင်းပြည်တွင် ‌ရွေး‌ကောက်ပွဲ ကျင်းပရန်မလို

1551
အယ်ဒီတာ့အာ‌ဘော်

ရက်‌ပေါင်း ၃ဝနီးပါးသာ လို‌တော့သည့် ‌ရွေး‌ကောက်ပွဲ နီးလာသည်နှင့်အမျှ ‌ဒေသလုံခြုံ‌ရေး၊ ရပ်ရွာတည်ငြိမ်‌ရေး အ‌ကြောင်းပြ ကာ စက်တင်ဘာလအတွင်း နအဖ စစ်အုပ်စုက စစ်တပ်အင်အားကို နယ်စပ်တစ်‌ကြောတွင် တိုးချဲ့ကာ စစ်‌ရေးကို မသိမသာ လှုပ်ရှားလာခဲ့သည်။ သ‌ဘောမှာ ‌ရွေး‌ကောက်ပွဲအတွက် နယ်စပ်လုံခြုံ‌ရေးကို ကြိုတင်ပြင်ဆင်ထားခြင်းဟု ဆိုနိုင်သလို ‌ရွေး ‌ကောက်ပွဲအပြီးတွင် နယ်ခြား‌စောင့်တပ် လက်မခံသည့်အဖွဲ့များနှင့် နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိုးစစ် ဆင်‌ချေမှုန်းရန် ကနဦး ပြင်ဆင်မှုဟုလည်း ခန့်မှန်းတွက်ဆနိုင်သည်။

စစ်‌ရေးနှင့် တချိန်တည်းတွင် ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်များတွင် နယ်‌မြေမတည်ငြိမ်မှုကို အ‌ကြောင်းပြကာ ‌ရွေး‌ကောက်ပွဲကို မကျင်းပ‌တော့‌ကြောင်း ‌နေပြည်‌တော်ရှိ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ‌ကြေညာချက် အမှတ် ၉၉/၂၀၁ဝမှ ၁၀၃/၂၀၁ဝအထိ စက်တင်ဘာလ ၁၆ရက်‌နေ့တွင် မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အလင်း၊ ‌ကြေးမုံသတင်းစာ များမှလည်း တိုင်းသိပြည်သိ တရားဝင် ‌ကြေညာခဲ့သည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်မှာ လက်ရှိ နအဖ စစ်အုပ်စု၏ အမိန့်အတိုင်းသာ ရပ်တည်၊ ‌ပြောဆို၊ ညွှန်ကြားရသည့် ကြိုးဆွဲရာ ကရ‌သော ရုပ်‌သေး‌ကော်မရှင်တစ်ရပ်သာ ဖြစ်သည်။ ‌ရွေး‌ကောက်ပွဲဥပ‌ဒေ၊ နိုင်ငံပါတီ တည်‌ထောင်ခွင့်၊ မှတ်ပုံတင် ခွင့်၊ မဲဆန္ဒနယ်‌မြေသတ်မှတ်ခြင်း၊ ‌ရွေး‌ကောက်ပွဲရက်၊ နိုင်ငံ‌ရေးပါတီ ဖျက်သိမ်းခွင့်၊ ပါတီများ စည်းရုံး‌ဟော‌ပြောခွင့် အစရှိသည် တို့ကို ၎င်း‌ကော်မရှင်ကပင် ဒိုင်ခံ ထုတ်ပြန်‌ကြေညာခဲ့သည်။ နိုင်ငံ‌ရေးပါတီများမှာလည်း သတ်မှတ်ထုတ်ပြန်ချက်များအတိုင်း တပါတီလျှင် (၁၅)မိနစ်စာဖြင့် အချိန်တို‌တောင်းစွာ နှစ်ကြိမ်စီ ရုပ်မြင်သံကြားမှ စည်းရုံး‌ဟော‌ပြောခွင့်ရသည်။

သို့‌သော် နိုင်ငံ‌ရေးပါတီများ၏ ‌ဟော‌ပြောမှုများကို ကြည့်ရှုနား‌ထောင်ဖို့ရန် မြန်မာပြည်သူ အများစုမှာ ‌ရွေး‌ကောက်ပွဲကို စိုးစဉ်းမျှ စိတ်မဝင်စား။ သမုဒ္ဒရာ ဝမ်းတစ်ထွာ ပြဿနာ‌ဖြေရှင်း‌နေရသည့် မဲဆန္ဒရှင်လူထုမှာ အဆိုပါ ရုပ်မြင်သံကြားကိုလည်း‌ကောင်း၊ ‌နေ့စဉ်ထုတ် သတင်းစာကိုလည်း‌ကောင်း ကြည့်ရှုဖတ်ရှုရန် မအားလပ်နိုင်ကြ။ မြို့ပြ‌ကျေးလက်လူထုမှာ ဝမ်း‌ရေးနှင့် အသက် ရှင် ရပ်တည်‌ရေးသာ ၎င်းတို့အတွက် ပဓာန ဖြစ်‌နေ‌လေရာ ‌နေထွက်မှ‌နေဝင် လုပ်ငန်းခွင်၌ အချိန်ကုန်ရင်း အမှတ်မထင် ‌ရောက်ရှိလာနိုင်သည့် ဗုံးသံ၊ ‌သေနတ်သံများကိုလည်း နားစွင့်‌နေရသည်။

စစ်အာဏာရှင် လက်‌အောက်တွင် ရာစုနှစ်ဝက်‌ကျော်ကြာ ကြပ်တည်းစွာ သက်ရှင်ရုန်းကန်‌နေရသည့် တိုင်းရင်းသားပြည်သူ များမှာ ငြိမ်းချမ်းစွာ ‌နေထိုင်လိုကြ‌သော်လည်း နယ်စပ်‌ဒေသတွင် ပိုမိုရှုတ်‌ထွေးလာနိုင်သည့် စစ်‌ရေးအ‌ခြေအ‌နေများ‌ကြောင့် ငြိမ်းချမ်းမှုနှင့် အလှမ်း‌ဝေး‌နေရသည်။ နအဖ စစ်အုပ်စုသည် လူထုအတွက် ထာဝရ ငြိမ်းချမ်းမှုကို မလိုလား။ စစ်အာဏာ ထာဝ စဉ် တည်မြဲ‌ရေးကိုသာ လိုလားသည်။ လက်ရှိအချိန်တွင် လူထုနှင့် စစ်အာဏာရှင်၊ ငြိမ်းချမ်း‌ရေးနှင့် စစ်‌ရေးဟူ၍ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်‌နေသည်။ လက်နက်ဖြင့် အနိုင်ကျင့် အုပ်ချုပ်‌နေသူကို လက်နက်ဖြင့်သာ တန်ပြန်တိုက်ရမည် ဖြစ်သည့်အ တွက် ကရင် အပါအဝင် ရှမ်း၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် မွန် စသည့် လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များက ‌ရှေ့ဆက် ဖြစ်‌ပေါ် လာနိုင်မည့် စစ်‌ရေး၊ နိုင်ငံ‌ရေး အ‌ခြေအ‌နေများကို ‌ခေါင်းချင်းဆိုင် ‌ဆွေး‌နွေးပြင်ဆင်လာ‌နေပြီး ဖြစ်သည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က ‌ကြေညာလိုက်သလို လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာ‌ဒေသများတွင် ‌ရွေး ‌ကောက်ပွဲကို မကျင်းပသင့်သည်မှာ အ‌သေအချာပင်။ အ‌ကြောင်းရင်းအမှန်ကို ဆိုရ‌သော် လူထုကို လက်နက်ကိုင်ကာ အုပ် ချုပ်‌နေသည့် နအဖ စစ်တပ်များ အ‌ခြေစိုက်ရာ မြန်မာနိုင်ငံ ‌ကျေးလက်မြို့ပြ တနံတလျားတွင် လွတ်လပ်၍ တရားမျှတမှု မရှိ သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို လုံးဝ ကျင်းပရန် မလိုအပ်ဘဲ လူထုအားဖြင့် တိုက်ဖျက်ရန်သာ ရှိ‌ပေ‌တော့‌ကြောင်း ရှုမြင်သုံး သပ်လိုက်ပါသည်။