ကျုပ်.. လိုက်ရင်ပြေး မထွေးလေးလို
အဝေးကိုခွာ သံသရာ
ကမ္ဘာဆုံးဖွင့် ရွက်ကုန်လွင့်နိုင်သူလေ။
ကျုပ်.. ရပ်မိရင် အသင့်ပြင်နား
အကြင်နာပွား ရင်ဝယ်သားကဲ့
သနားထိထိ ငုံ့ကာကြည့်နေတတ်သူလေ။
ကျုပ်.. ကျောခိုင်းလာ လှည့်ပြန်လာချိန်
အသာလိုက်ခဲ့ ချစ်တဲ့ဟန်ပြင်
ကျုပ်ဘဝင်ကို လှုပ်ခတ်တတ်သူလေ။
လိုက်လေဝေးလေ ကြည်စားနေလား
ချစ်ရွှေလမင်း ရောင်ဝါလင်းခမျာ
ချစ်ခြင်းမတူ စိတ်မတူလို့
တူရူပြေးလွှားနေရော့သလား။
ညီညွတ်ရေး သွေးစည်းရေး
မနှေးကြိုးစား လုံ့လများတင်
အမှားပြင်ဆင် အမှန်ခင်ကာ
သံစဉ်တွေ ညှိလို့နေတုန်းဝယ်။
ညီအစ်ကိုတွေ ရန်ငြိမ်းပြေရေး
ဘာတွေစတေး ကျုပ်ပေးဆပ်ရ
ကလေးတွေကို ငဲညှာပိုအုံး
လူဖြစ်ရှုံးကြ၊ လူလုံးမလှရှာ
ဪ…..ဌာနေမဲ့ စစ်ကျွန်အရေးများ။
ထိန်းလေညှိလေ ဖြစ်ပျက်ကြွေ၍
ဘာတွေမှားယွင်း အံဝင်ခြင်း
လွတ်ကင်းနေလိမ့် ငြင်းနေလိမ့်နော်။
ငြိမ်းချမ်းရေးဆောင် ရွှေလရောင်နှယ်
အမှောင်ခွင်းလှည့် မြန်းလာခဲ့စေ
လွမ်းဖွဲ့မျှော်သူ ကျုပ်ပြည်သူများ
ပန်းတံတားခင်း လမ်းများရှင်းထားမယ်
မြန်လာကွယ် ငြိမ်းချမ်းရေးတရားများရယ်။
ကျုပ်ချစ်တဲ့ကမ္ဘာ လှပလာရေး
ရှာရှာဖွေဖွေ ပန်းပျိုးနေတုန်း
အမောဖုံး နှလုံးသားစုံစုံ
“ကြက်တခုန် ကြွေတလက်”
သက်ငုံတွေဝေ ဖူးကာစွေရင်း
ကြွေလိုက်တိုင်း မြေခတိုင်းမှာလေ။
အိုဘယ့်…..
မေတ္တာရှင်ရေ အရှင့်ခြေတော်ရင်း
ဝပ်စင်းကာငို သစ္စာဆိုနေ
ဂြိုလ်ပြေနာမ်ပြေ စိတ်ကိုဖြေလို့
စနေဒေါင့်ဝယ် ပန်းလှူမယ်လေ
ဝဋ့်တွေကြေစေ ကြွေးကြေစေကွယ် …. ။
(လကင်္ာဒီပ)