Home ထိပ်တန်းသတင်း ကရင်ပြည်နယ်ကို အ‌ခြေခံသည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ‌ရွေး‌ကောက်ပွဲအတွက် မှတ်ပုံတင်ပြီး

ကရင်ပြည်နယ်ကို အ‌ခြေခံသည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ ‌ရွေး‌ကောက်ပွဲအတွက် မှတ်ပုံတင်ပြီး

1795
‌မေလ ၄ရက်။ နန်းထူးစံ-နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

နအဖ စစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် ကရင်ပြည်နယ်အတွင်းမှ ဖလုံ-စ‌ဝေါ် ဒီမိုကရက် တစ်ပါတီ (Phlone-Sguaw Democratic Party – PSDP)အမည်ရှိ ကရင်ပါတီတခု ထပ်မံ ‌ပေါ်ထွက်လာကာ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ထံသို့ ဧပြီလ ၂၃ရက်‌နေ့က မှတ်ပုံတင် ‌လျှောက်ထားလိုက်ပြီးဖြစ်သည်ဟု သိရသည်။

အလုပ်အမှု‌ဆောင် (၁၅)ဦး ပါဝင်သည့် ထိုပါတီကို် ‌စောခင်‌မောင်မြင့်က ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံ သွား‌ရောက် မှတ်ပုံ တင်ခဲ့ပြီး ၎င်းပါတီ၏ ဗဟိုအလုပ်အမှု‌ဆောင်ထဲတွင် အမျိုးသမီးအဖွဲ့ ဥက္ကဌနှင့် လူငယ်ဥက္ကဌတို့ကိုလည်း ထည့်သွင်း ဖွဲ့စည်းထား သည်။

ပါတီတံဆိပ်မှာ အပြာ‌ရောင်‌နောက်ခံပြီး အနက်‌ရောင် ကျွဲချိုနှစ်ခု ဝန်းရံထား‌သော ‌ရွှေ‌ရောင်ဖားစည်ပုံဖြစ်ကာ အ‌ပေါ်ပိုင်းတွင် ကရင်စာ ဖြင့် “ဖလုံ-စ‌ဝေါ်”ဟု ‌ရေးသားထားသည့်စာလုံးနှင့် ‌အောက်‌ခြေ၌ P.S.D.P စာလုံး ပါရှိထား‌သော်လည်း ပါတီအလံအဖြစ် ကရင်အမျိုး သားအလံ‌တော်ကိုသာ အသုံးပြုမည်ဖြစ်သည်။

PSDP ပါတီသည် ကရင်ပြည်နယ်အတွင်း၌ အဓိကထား ဝင်‌ရောက်အ‌ရွေးခံမည်ဖြစ်ပြီး စည်းရုံး‌ရေးနယ်‌မြေ (၁၁)ခုအဖြစ် ဖားအံ၊ ‌တောင်က‌လေး၊ သံလွင်အ‌နောက်ခြမ်း၊ ‌နောင်လုံ/အိန္ဒု၊ ဒုံရင်း၊ မြဝတီ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ဖာပွန်နှင့် သံ‌တောင် စသည့်‌ဒေသများတွင် စည်းရုံး‌ရေးလုပ်ငန်းများ လုပ်‌ဆောင်သွားရန်လည်း ကိုယ်စားလှယ်များကို ‌ရွေးချယ်ထား‌ကြောင်း သိရသည်။

ထို့အပြင် မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့အထိ တိုးချဲ့ဖွဲ့စည်းကာ ကရင်အမျိုးသားတို့၏ အကျိုးစီးပွားအတွက် ‌ဆောင်ရွက်သွားမည်ဟု ‌ကေအိုင်စီမှ ရရှိထားသည့် ၎င်းပါတီဆိုင်ရာ အချက်အလက်ထဲတွင် ‌ရေးသားထား သည်။

ယခုလို ပါတီဖွဲ့စည်းကာ မှတ်ပုံတင်‌လျှောက်ထားသည့် PSDP ပါတီနှင့်ပတ်သက်၍ ‌ကေအိုင်စီမှ ပါတီအဖွဲ့ဝင်များကို ဆက်သွယ်‌မေး မြန်းရန် ကြိုးစားခဲ့‌သော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍ မရ‌သေး‌ပေ။

ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ဝင် ‌စောလွန်းရှိန်က “ကျ‌နော်တို့ ‌ကော်မရှင်ကို‌တော့ ခုချိန်ထိ ဘယ်ပါတီမှ စာရင်းလာ တင်တာ‌တော့ မရှိ‌သေးဘူး။ အဲဒီ ဖလုံ-စ‌ဝေါ်ပါတီ ဆိုတာကိုလည်း ကျ‌နော် မသိပါဘူး။ ဒီ‌နေ့လုပ်တဲ့ ပြည်နယ်‌ကော်မရှင် အစည်းအ ‌ဝေးမှာ‌တောင် ဘာမှ မသိရ‌သေးပါဘူး”ဟု ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆိုသည်။

‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ဒါက‌တော့ ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ရှု‌ထောင့်နဲ့ကိုယ်ပဲ။ မတူကွဲပြားခြား နားတဲ့ စဉ်းစားမှု‌တွေအရ လုပ်ကြတာပဲ။ အဓိပ္ပါယ်မရှိတဲ့ ၂၀၀၈ Constitution ကို အ‌ကောင်အထည်‌ဖော်မှာဖြစ်တဲ့အတွက် တကယ့် အစဉ်အလာကြီးမားတဲ့၊ ပြည်သူလူထု ‌ရွေး‌ကောက်ခံရတဲ့ နိုင်ငံ‌ရေးအဖွဲ့အစည်းကြီး‌တွေကအစ သမိုင်းတရားခံမဖြစ်‌အောင် ‌နေတယ်။ စစ်အာဏာရှင်စနစ် တည်မြဲ‌ရေးကို တရားဝင်‌အောင် လုပ်‌ပေးမဲ့ ‌ရွေး‌ကောက်ပွဲမှာ ‌နေရာ‌ပေါင်း‌ထောင်‌သောင်းထဲက နှမ်းတ‌စေ့‌လောက် ရှိတဲ့‌နေရာကို မ‌သေချာဘဲ ဝင်လုပ်‌နေတာက ‌ကောက်ရိုးပုံထဲ အပ်ရှာသလိုပဲ ဖြစ်မှာ။ ဒီ‌တော့ ပြည်သူလူထုက အ‌ဖြေ‌ပေးပြီး‌တော့ မှတ် တမ်းတင်သွားမှာပဲ”ဟု သူ၏အမြင်ကို ‌ပြောသည်။

လာမည့် ၂၀၁၀‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် ပါတီမှတ်ပုံတင်ထားသည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ အပါအဝင် ရန် ကုန် အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီနှင့် ပြည်‌ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် စသည့် ကရင်ပါတီ ၃ဖွဲ့အနက် ကရင်ပြည်သူ့ပါတီ က နိုင်ငံ‌ရေးပါတီအဖြစ် လှုပ်ရှားရန် ခွင့်ပြုချက်ရပြီးဖြစ်သည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲ၏ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ လူနည်းစု တိုင်းရင်းသားပါတီများ အပါအဝင် မှတ်ပုံတင်ထားသည့် ပါတီ‌ပေါင်း ၂၈ဖွဲ့အနက် ၁၃ဖွဲ့ကို နိုင်ငံ‌ရေးပါတီအဖြစ် အသိအမှတ်ပြုပြီး ဖြစ်သည်။