M.ထက်ခေါင်
မဟာဝါဒီနှင့် ကျဉ်းမြောင်းသော လူမျိုးရေးအမြင်
မဟာလူမျိုးကြီးဝါဒီများအား ဆန့်ကျင်တိုက်ပွဲဝင်နေသော အဖိနှိပ်ခံ တိုင်းရင်းသားများအတွင်း ကိုယ့်အစုကလေးနှင့်ကိုယ် ငါ တကောကောနေသူများ၊ ဘဝတူအချင်းချင်းအပေါ် စာနာနားလည်စိတ်မရှိသူများ၊ ဖိနှိပ်သူနှင့်ပေါင်းကာ မိမိအမျိုးသားကို သစ္စာဖောက်ဖျက်လိုသူများ၊ မိမိအမျိုးသားကို အထင်ကြီးလေးစားမှု မရှိ၊ အခြားအမျိုးသားတို့အပေါ် အားကိုးမှီခိုလွန်းသူများ နှင့် မိမိအမျိုးသားကို တရားလွန် အထင်ကြီးပြီး လူစုမိလျှင် အခြားအမျိုးသားတို့အပေါ် ရန်လိုစွာ ထိပါးပုတ်ခတ်တတ်သူများ လည်း အကျည်းတန်စွာ ပါရှိနေသည်။
မိမိတို့အမျိုးသားအတွင်း သွေးစည်းညီညွတ်မှုကို အယောင်ပြသဘောသာ တည်ဆောက်နိုင်ပြီး တကယ်တမ်းတွင်မူ ကျစ်လစ်ခိုင်မာသည့် ညီညွတ်ရေးကို ပုံဖော်၍ မရနိုင်သူများ၊ လွပ်လပ်၍အမှီအခို ကင်းသော တိုင်းပြည်ကို လိုချင်သော်လည်း ထိုတိုင်းပြည်နှင့် လျော်ညီသည့် လူမျိုးတမျိုးဖြစ် မကျင့်ကြံ နိုင်ကြသေးသူများ၊ မြန်မာတို့၏ ဖိနှိက်မှုအောက်နေခဲ့ရသော သူများ ပီပီ မြန်မာတို့နည်းတူ ပန်းတိုင်မရောက်ခင် တက်ထောင်လိုသူများနှင့် တရားနည်းလမ်းတကျ ကြိုးပမ်းပြိုင်ဆိုင်မှုမပြုပဲ လိမ် လည်လှည့်ဖြား ညစ်ပတ်သောနည်းများဖြင့် အနိုင်ရရှိအောင် လုပ်တတ်သူများလည်း ရှိနေသည်။ ထိုသူတွေမှာ မဟာဝါဒီတို့၏ တန်ပြန်လက်ညှိုးထိုး မေးငေါ့ခြင်းကို ခံရမည့် စုန်းပြူးများပင် ဖြစ်သည်။
သို့ရာတွင် တိုင်းရင်းသားတို့၏ လူမှုအခွင့်အရေးများကို မပေးလိုပဲ၊ တိုင်းပြည်တခုလုံး ထာဝစဉ် လက်ဝါးကြီးအုပ် စိုးမိုး လိုသော မဟာဝါဒီတို့နှင့် ကျဉ်းမြောင်းသော အမျိုးသားရေးအမြင်ရှိသည့် ထိုစုန်းပြူးများမှာ အစဉ်အမြဲ ပလဲနံပ သင့်နေမည် သာ ဖြစ်၏။
တခေတ်ဆန်းမဟာဝါဒီ
မဟာလူမျိုးကြီးဝါဒီ ဟူသော ဝေါဟာရကို အချို့က ခေတ်မရှိတော့သော ဝေါဟာရအဖြစ်“ဒီခေတ်မှာ ဘယ်သူမှ ဒီလိုသဘော ထားမျိုး မရှိတော့ပါဘူး။ မြန်မာတွေထဲမှာ မဟာဆိုတာကို တခါမှ မကြားဘူးတဲ့သူတွေတောင် အများကြီးရှိတယ်။” ဟူ၍လည်း ကောင်း၊ “ဒါဟာ တိုင်းရင်းသားတွေအနေနဲ့ မြန်မာတွေအပေါ် ကိုယ့်ထက်သာမနာလိုဖြစ်ပြီး အပုပ်ချချင်လို့ သုံးတဲ့စကားလုံးပဲ” ဟူ၍လည်းကောင်း ပြောဆိုကြသူများရှိသည်။ မြန်မာအားလုံး မဟာဝါဒီ မဟုတ်ကြောင်းကို ဤဆောင်းပါးတနေရာ၌ ရှင်းလင်း ခဲ့ပြီး ဖြစ်သည်။ မဟာဝါဒီခေတ် မရှိတော့ဟု ဆိုသူများကိုမူ ယနေ့ထက်တိုင် မြန်မာထဲ၌ မဟာဝါဒီအချို့ တွင်ကျယ်လျက်ရှိနေ ကြောင်း ထင်ရှားသည့် သက်သေသာဓကများ ထုတ်ပြရန် လိုအပ်လာသည်။
တိုင်းရင်းသားတို့နယ်မြေများတွင် စစ်အုပ်စု လက်ကိုင်တုတ်တပ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မ လုပ် အားပေးခိုင်းစေမှုများ၊ ညှဉ်းပမ်းသတ်ဖြတ်မှုများ၊ လူမျိုးတုန်း စစ်ဆင်ရေး စီမံချက်များကို ဖယ်ထားဘိဦး၊ ၎င်းတို့ ပြုမူနေသည့် အကျင့်အကြံများကို ကြည့်လျှင်ပင်၎င်းတို့၌ စွဲကပ်နေသော မဟာဝါဒကို တွေ့ရှိရမည် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် မည်သည့်အခါကမျှ မတည့်ခဲ့သော နိုင်ငံရေး စားဖားကြီးများသည် ဗိုလ်ချုပ်တို့ ကျဆုံးပြီး သည့်နောက် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတိုင်း ရရှိရမည်ဖြစ်သည့် တန်းတူညီမျှ လူမှုအခွင့်အရေးများကို မပေးလိုသော ကြောင့် တိုင်းရင်းသားများနှင့် ဗိုလ်ချုပ်တို့ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မျက်ကွယ်ပြုကာ တိုင်းပြည်ကိုလည်း (ပြည်ထောင် စု) မြန်မာနိုင်ငံတော်အဖြစ် လက်ဝါးကြီးအုပ် မောင်ပိုင်စီးခဲ့ကြသည်။ ပြည်ထောင်စုဟု အမည်တပ်ထားသော်လည်း ဖွဲ့စည်းအုပ် ချုပ်ပုံမှာ တပြည်ထောင်စနစ်သာ ဖြစ်သည်။
ကိုယ်ကျိုးရှာ နိုင်ငံရေးသမား ဆရာများ၏ တိုင်းရင်းသားအရေးကိစ္စ ပြဿနာများကို နောကြေအောင် သိလာခဲ့ကြပြီး အိမ်စောင့်အစိုးရလည်း ဖြစ်ခဲ့ဘူးသော တပည့်များက ဆရာ့ထက်ပို၍ လက်စောင်းထက်စွာပင်၊ လက်နက်ကိုင်လမ်းစဉ် ကျင့် သုံးလျက် တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် မြန်မာ့နို်င်ငံရေးသမားအချို့အား ထောင်ထဲထည့်ကာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ တော်လှန်ရေးအစိုးရ အမည်ခံပြီးနောက်နှစ်များ မကြာမီမှာပင် နိုင်ငံကို မဆလတပါတီ အာဏာရှင်စနစ်ဖြင့် ပြောင်းလဲချုပ်ကိုင်ခဲ့သည်။ တတ်သိပညာရှင်များနှင့် တိုင်းပြည်အပေါ် စိတ်စေတနာကောင်းရှိသူများကို ဘေးချိတ်နှိပ်ကွပ်ကာ တိုင်းပြည်စီးပွားနှင့် မြေပေါ်မြေအောက် သယံဇာတအရပ်ရပ်ကို စိတ်တိုင်းကျ ချယ်လှယ်ခဲ့သည်။ တိုုင်းရင်းသားများနှင့် ပြည် တွင်းစစ်ခင်းလျက် ပြည်သူလူထုတရပ်လုံးကို တနှစ်ထက်တနှစ် ချွတ်ခြုံကျကာ ဆင်းရဲတွင်း နက်စေခဲ့သည်။ ပေါ်ပေါက်လာ သည့် ကျောင်းသား၊ အလုပ်သမား၊ လူထုအရေးအခင်း များကို နှိပ်ကွပ်ခြင်း၊ တရုတ်-မြန်မာ၊ ကုလား- မြန်မာ အရေးအခင်းများ ဖန်တီးခြင်းဖြင့် ၎င်းတို့အာဏာ လက်မလွှတ်ရအောင် လုပ်ဆောင်ခဲ့သည်။
၈၈လူထုအုံကြွမှုကြီးတွင် အာဏာသိမ်းပြီး တက် လာသည့် နဝတနှင့် ယနေ့လက်ရှိ နအဖစစ်အုပ်စုမှလည်း မဆလ၏ အစွယ်အပွား အာဏာရူး မဟာဝါဒီများသာ ဖြစ်လေ သည်။
စစ်အုပ်စုထဲမှာ လက်ညှိုးညွွှန်ရာ ရေဖြစ်သည့် အလောင်းစည်သူမင်းကို အားကျသူနှင့် ကျန်စစ်သားမင်းကြီး ဝင်စား သူဟု ကိုယ့်ကိုကိုယ် ခံယူသူများအပြင် ရှေးဘဝက အလောင်းဘုရားဖြစ်ခဲ့ သူဟု မိမိကိုယ်မိမိ ယုံကြည်ထားသူလည်း ရှိနေ သည်။ ဦးနေဝင်း ယတြာလုပ်သည့်အနေဖြင့် နန်းဝတ်နန်းစားများ ဝတ်ဆင်ကာ သောင်ပြင်တွင် လေးဘက်ထောက်၍ ခွေးလို အူခဲ့ကြောင်း သတင်းထွက်လာပြီးသည့် နောက်ပိုင်း ဦးနေဝင်းကို မင်းမြောက်တန်ဆာများနှင့် မြင်ခဲ့ကြရသလိုမျိုး ဗိုလ်ချုပ် သန်းရွှေ၏ ကာတွန်းရုပ်ပြောင်ကိုလည်း ထိုပုံစံမျိုးဖြင့် မြင်ကြရသည်။
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က တိုင်းပြည်ထဲ ဟိုအခမ်းအနားဖွင့်ပွဲ ဖဲကြိုးဖြတ်ပွဲများတွင် တက်ရောက်ကာ လူတွေကို ၎င်းတို့ယူနီဖောင်းဝတ်များအား လက်အုပ်ချီသည့် အကျင့်လုပ်ခိုင်းခဲ့ကြောင်း မြင်ပြင်းကတ်ဖွယ် တွေ့ခဲ့ကြရမည် ဖြစ်၏။ မြစ်မ နီးချောင်းဝေး ပျဉ်းမနား ကြပ်ပြေးနေရာကို နေပြည်တော်ဟု သမုတ်ပြီး ကျန်စစ်သား ဘုရင့်နောင် အလောင်းဘုရားဟူသော မြန်မာစစ်ဘုရင်သုံးယောက်ပုံ ရုပ်ထုကြီးများ ထုလုပ်ကာ ၎င်းတို့၏ မဟာစိတ်ကို ပို၍အရောင်တောက်လာအောင် လုပ်ဆောင် နေသည်ကိုလည်း အထင်အရှား မြင်ကြရမည် ဖြစ်သည်။ အလောင်းဘုရား၏ မျက်နှာမှာ ဗိုလ်ချုပ်မောင်အေးကို ထုလုပ်ထား ခြင်းဖြစ်သည်။
အမျိုးသားရေး စော်ကားမှု
ကေအဲန်ယူ တပ်မဟာ (၆)တပ်ရင်း (၁၇)မှူးဟောင်း ဒုဗိုလ်မှူးကြီးသုမူဟဲ၏ လက်နက်ချပွဲတွင်လည်း ကရင်အမျိုးသားအလံ ကို မြေမှာခင်းစေကာ ဒုဗိုလ်မှူးကြီး သုမူဟဲအား အလံနဘေး ဒူးထောက်စေပြီး ဗိုလ်ချုပ်မောင်အေးက အလံကိုနင်း၍ ဒုဗိုလ် မှူးကြီးသုမူဟဲရှေ့မှ ဖြတ်လျှောက်ပုံကို ဗမာပြည်သား တိုင်းရင်းသားအများအပြားပင် ရှပ်မြင်သံကြား၌ တွေ့လိုက်ကြရသည်။
ဗိုလ်ချုပ်မောင်အေးအနေဖြင့် အနည်းငယ်မျှပင် မတိုက်ခိုက်လိုက်ရဘဲ ကိုယ့်သဘောနှင့်ကိုယ် လာရောက်လက်နက် ချသော ဒုဗိုလ်မှူးကြီး စောသုမူဟဲအပေါ် အနိုင်ရရှိကြောင်း ပြလိုလျှင် ဒုဗိုလ်မှူးကြီး သုမူဟဲအား မြေပေါ်မှာ ဒူးထောက်ရှိခိုးခိုင်း ပြီး နဖူးနင့်မြေကြီးထိနေပြီးဖြစ်သည့် ဒုဗိုလ်မှူးကြီး၏ နောက်စေ့ကို စစ်ဖိနပ်ဖြင့် ဖိနင်းကာ ခါးထောက်၍ ဓာတ်ပုံ သို့မဟုတ် ဗီဒီ ယို အရိုက်ခံလျက် မှတ်တမ်းတင်ထားနိုင်သည်။
ကရင်အမျိုးသားအလံသည် ကရင့်တော်လှန်ရေးက အသုံးပြုနေသော အလံသာမဟုတ်။
ကရင်အမျိုးသားတရပ်လုံး၏ အလံ ဖြစ်၏။ ဒုဗိုလ်မှူးကြီး သုမူဟဲ၏ လက်နက်ချ၊ ဒူးထောက်မှုသည် ကရင်တမျိုးသားလုံး၏ အရှုံးပေး အညံ့ခံမှုမဟုတ်။ လက်နက် လာချသည့် ဒုဗိုလ်မှူးကြီးသုမူဟဲနှင့်အဖွဲ့ကို အသားလွတ် အနိုင်ရလိုက်ရုံဖြင့် ကရင်အမျိုးသားထုတရပ်လုံးကို အနိုင်ရလိုက်ပြီ ဟု မဆိုနိုင်။ ယခုလို ကရင်အမျိုးသားအလံကို မြေ၌ ချနင်းပြလိုက်သည်မှာ ကရင်လူမျိုးတမျိုးလုံးကို သူ့ခြေဖဝါးအောက် ရောက်စေရမည်ဟူသည့် သဘောထားကို ရှင်းလင်းစွာ ထုတ်ဖော်လိုက်ခြင်းဖြစ်လေသည်။ ဗိုလ်ချုပ်မောင်အေး၏ အပြုအမူ တွင် တိုင်းရင်းသားတို့အပေါ် ဖိနှိပ်စီးပိုးကျွန်ပြုလိုသည့် ခေတ်ကာလနှင့် မဆီလျော် မလိုက်ဖက်တော့သော မဟာစိတ်ဓာတ် သဘောထား စေတာနာကို ပီပြင်စွာ တွေ့ရှိရမည်ဖြစ်သည်။ သန်းရွှေ၊ မြင့်အောင်၊ ရွှေမန်း စသည့် စစ်အုပ်စုဝင်အားလုံးမှာ ထို သဘောထားအတိုင်းပင် ဖြစ်၏။
မြန်မာ့ အရင်းအမြစ်
မြန်မာအမျိုးသားများအတွင်း အင်အားသုံး အနိုင်ကျင့်လိုသော မဟာဝါဒီအချို့ ပေါ်ပေါက်လာရခြင်းနှင့် ပတ်သက်၍ မြန်မာတို့၏ဇာစ်မြစ်ကို လေ့လာသောအခါ ကိုယ်တိုင်က အင်အားကြီးသူများ၏ အနိုင်ကျင့်တိုက်ခိုက်မှုကို ခံရ၍ ကိုယ်တိုင် လည်း အင်အားသုံးသည့် အလေ့အထ စွဲကပ်လာခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်းလာ မြန်မာလူမျိုးအ ကြောင်း ဖော်ပြထားချက်များတွင်ပင် မြန်မာလူမျိုး ဖြစ်တည်လာပုံနှင့်ပတ်သက်၍ မတူကွဲပြားသော ဖော်ပြချက် ၂ခုကို တွေ့ရ သည်။ တခုမှာ အနောက်ဖက် ဘဂင်္လားပြည်ဘက်မှ စစ်ရှုံးဘုရင် အဘိရာဇာမှ ဆင်းသက်သော မဟာသာကီဝင်မင်းမျိုးဖြစ် ကာ အိန္ဒိယနိုင်ငံတွင်းရှိ မြန်မာအစုဝင်လူမျိုးများကိုပါ ဖော်ပြထားပြီး တခုကတော့ တရုတ်ပြည်စပ် ကန်စုပြည်နယ်မှ ဝမ်ခေါ် မျန်ခေါ် လူမျိုးများဖြစ်ကြောင်းနှင့် ၎င်းတို့နှင့် သွေးသားနီးစပ် တော်စပ်သော တရုတ်နယ်စပ်မှ အမျိုးအနွယ်များကိုလည်း ဖော် ပြထားသည်။ ထိုနှစ်မျိုး ဘယ်နည်းဘယ်ဟန် ပေါင်းစည်းပြီး မြန်မာဟူ၍ ဖြစ်လာခဲ့သည်ကိုတော့ ဖော်ပြမထားချေ။ မည်သို့ပင် ဖြစ်စေ မြန်မာသည် အရှေ့တရုတ်နှင့် အနောက် အိန္ဒိယအကြား ဖြစ်တည်လာသောကြောင့် အဘိရာဇာမင်းဆက်နှင့် နေရပ် စွန့်ခွာလာသည့် ကန်စုနယ်သား အဆက်အနွယ်များကို အခြေပြုကာ ပေါ်ပေါက်လာကြောင်း ယေဘုယျသဘောမျှ မှတ်ယူနိုင် မည် ဖြစ်သည်။
တရုတ်ပြည်ဘက်မှ ဆင်းသက်လာသော မြန်မာဖြစ်လာမည့် လူမျိုးများသည် ရှေးယခင်က တရုတ်တို့နှင့် ယဉ်ကျေး မှုချင်း တန်းတူရှိခဲ့ရာမှ တရုတ်တို့၏ ဖိနှိပ်မှုကြောင့် အနယ်နယ်အရပ်ရပ် ရွှေ့ပြောင်းရှောင်တိမ်းခဲ့ကြရာ နှင်းဖုံးသော ရေခဲပြင်၊ လွင်တီးခေါင်ပြင်၊ သဲကန္တာရ စသည့် ဒေသန္တရ ဥတုရာသီနှင့် သဘာဝအရိုင်းများအကြား တွေ့ကြုံရင်ဆိုင်ရသည့် အခက်အခဲ များကို ကာလကြာရှည်စွာ အနည်းနည်းအဖုံဖုံ ရုန်းကန်ကျော်လွှား ဖြတ်သန်းရင်းမှာပင် ၎င်းတို့စွဲကိုင်ကျင့်သုံးခဲ့သော ထုံးတမ်း ဓလေ့များ၊ ယဉ်ကျေးမှုအနုပညာနှင့် အတတ်ပညာများစသည့် မိရိုးဖလာ အမွေအနှစ်များ တစတစ တိမ်ကော ပျောက်ဆုံးကာ ယဉ်ကျေးမှုဘက်တွင် တရုတ်တို့၏နောက် နှစ်ပေါင်း ၂၀၀၀လောက် နောက်ကျကျန်ခဲ့ကြရကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။
ယဉ်ကျေးမှုထက် လွတ်လပ်ရေးကို ပို၍ မြတ်နိုးသောကြောင့် မိမိတို့ဖာသာမိမိတို့ သီးခြားလွတ်လပ်စွာ နေထိုင်နိုင် ရေး တရုတ်တို့နှင့် ကင်းဝေးရာနယ်မြေသို့ ရောက်လာခဲ့ကြသူများ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ သို့ရာတွင် ထိုလွတ် လပ်အေးချမ်းမှုကို မြတ်နိုးသည်ဆိုသောသူများသည် ဒေသခံ တိုင်းရင်းသားများနှင့် တွေ့သောအခါတွင် လွတ်လပ်ရေးကို မြတ်နိုးသူများ မဟုတ်တော့ဘဲ အေးချမ်းစွာ နေထိုင်နေသောသူများကို ကျူးကျော်စစ်ပြုသူများဖြစ်လာကာ အနိုင်ရရှိသူတို့၏ ထုံးစံအတိုင်း စစ်ရေးနှင့် ပတ်သက်၍ ကျွမ်းကျင်မှုများအပေါ် အမွှမ်းတင် ဂုဏ်ဖော်ရေးသားထားသည်ကို တွေ့ရသည်။
ယဉ်ကျေးမှု ဓလေ့ထုံးစံများ တိမ်းကောပျောက်ဆုံးခဲ့ရသည့် လူမျိုးများပီပီ စာပေနှင့် ကိုးကွယ်သည့်ဘာသာမှာလည်း အခြားအမျိုးသားများထံမှသာ ရယူခဲ့ကြရသည်။ စာပေတွင် ရှိနှင့်ပြီးဖြစ်သော မွန်တိုင်းရင်းသားတို့ထံမှ ဗျည်းအက္ခရာ အများစု ကို ရယူခဲ့ကြပြီး သသင်္ကရိုက် စာပေမှ အက္ခရာအရေးအသားအချို့ကိုယူကာ အရှေ့အနောက် အထွေထွေ ပေါင်းစည်းမွမ်းမံမှု များဖြင့် မြန်မာစာပေ ဖြစ်လာခဲ့ကြောင်း တွေ့ရှိရမည် ဖြစ်သည်။
ကိုးကွယ်သည့် ဘာသာရပ်တွင်လည်း ပုဂံ အနော်ရထားမင်းလက်ထက် သထုံကို ကျူးကျော်သိမ်းပိုက်ကာ ဘုရင်မနူ ဟာမင်းနှင့် မှူးမတ် အခြံအရံများ၊ တတ်သိပညာရှင်များ၊ ပိဋကတ်တော်များနှင့် ရှင်အရဟံ အပါအဝင် ဗုဒ္ဓရဟန်းတော်များကို ဖမ်းဆီးလျက် ပုဂံသို့ ခေါ်ဆောင်လာပြီး ရှင်အရဟံ၏ တရားဓမ္မကို နာခံကာ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာခဲ့ကြောင်းနှင့် အနိုင် ကျင့်တတ်သူတို့၏ ထုံးစံအတိုင်း ပုဂံတွင် တည်ထားကိုးကွယ်သည့် ဘုရားစေတီများ ဝေယျာဝစ္စ ဆောင်ရွက်ရန်အတွက် မနူ ဟာမင်းနှင့် ဆွေတော်မျိုးတော် တပည့်တပမ်းများအား ဘုရားကျွန်အဖြစ် သွတ်သွင်းခဲ့ပုံများကို တွေ့ရှိရမည်ဖြစ်သည်။
မဟာဝါဒီတို့၏ ဝိသမလောဘနှင့် နိုင်သူစားတမ်း ခံယူချက်
လက်နက်ကောင်းများ တီထွင်နိုင်သည့် စွမ်းရည်ရှိပြီး စစ်သည်အင်အား အဆမတန် များပြားသော နိုင်ငံကြီးများကို ၎င်းတို့ အတော်ပင် ကြောက်ရွံ့ကြသည်။ အင်အားသာလွန်သူကိုသာ လေးစားခန့်ညားတတ်ကြသည့် သဘောထားရှိသူများ ပီပီ ကိုယ့်ထက်အင်အားနည်းသူ၊ စည်းလုံးညီညွတ်မှု ကင်းမဲ့နေသူများအား ကျူးကျော်တိုက်ခိုက်တတ်ကြသည်။ မဟာဝါဒီတို့ သည် မိမိအကျိုးစီးပွားရှိရေးအတွက် အင်အားကြီးသော ရန်သူ့လက်အောက်သို့ ဝင်ရောက်ခိုလှုံရန် ဝန်မလေးတတ်သလို မိမိ အကျိုးပွားများ အထိပါးခံရမည့်အရေးဆိုလျှင် မိမိလူမျိုးကိုသာမက မိမိ၏ မိသားစုဆွေမျိုးသားချင်းများကိုပင် သုတ်သင်ရှင်း လင်းရန် ဝန်လေးတတ်သူများ မဟုတ်ချေ။
တခေတ်ဆန်းလာသော မဟာကိစ္စကို ဤမျှ ဖော်ပြနေရခြင်းမှာ ၎င်းတို့၏ အနိုင်ကျင့် ဗိုလ်ကျလွှမ်းမိုးလိုသော စစ် ဘုရင်လုပ်ရပ်ကို ပိုမိုထင်ရှားစေလို၍ ဖြစ်သည်။ ဒီပဲယင်း အရေးကိစ္စများကို မျက်နှာပြောင်စွာ လက်ရဲဇက်ရဲ ကျူးလွန်လိုက် သည်မှာလည်း ၎င်းတို့၏ မဟာဝါဒီ စိတ်ဓာတ်ကြောင့်ပင် ဖြစ်၏။
စစ်တပ်ဖြင့် အကျိုးရှိလာသူများပီပီ ၎င်းတို့ ရပ်တည်နေသည်မှာ စစ်တပ်ကြောင့်ဟု ခံယူပြီး ၎င်းတို့တပ် ပိုမိုအင်အား ကြီးရေး ကလေးအရွယ်မရှောင် အဓမ္မ စစ်သားစုဆောင်းမှုတွေလုပ်၊ လက်နက်ခဲယမ်းများ ပိုမိုဖြည့်တင်း၊ သစ်တော၊ ရေနံ၊ ကျောက်မျက်နှင့် သဘာဝဓာတ်ငွေ့များကို ထင်သလို ရောင်းစားလျက် လျှပ်စစ်ဓာတ်အားထုတ်ယူလိုသော ပြည်ပကုမ္ပဏီများ အတွက် ဒေသခံလူထုကို ထိခိုက်နစ်နာစေသော ရေကာတာများ အဆင်ခြင်မဲ့စွာ ဆောက်လုပ်၊ လူထုပိုင်မြေယာများကို စစ် တပ်ပိုင်လုပ်၊ ကျေးရွာများကို အဓမ္မပြောင်းရွှေ့ခိုင်း၊ မြို့လည်ခေါင် အကြမ်းဖက်မှုများ၊ ပေါ်တာဆွဲ၊ အဓမ္မလုပ်အားပေးခိုင်း၊ အ ခွန်အတုပ်ကို စိတ်ထင်သလို ကောက်ခံ၊ လူထုအကျိုးလိုလားဆောင်ရွက်သူ စေတနာရှင်များကို နှောက်ယှက်၊ တရားဥပဒေ အထက်မှာ စစ်အာဏာရှင်က ရှိနေ စသည့်လုပ်ရပ်များမှာ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအပေါ် စစ်တပ်အင်အားဖြင့် ဗိုလ်ကျလွမ်းမိုးလိုသော မဟာစိတ်ဓာတ်ကို အထင်အရှား ထုတ်ဖော်ပြနေခြင်းပင် ဖြစ်၏။
ဗိုလ်ချုပ်တို့ ချမှတ်ခဲ့သည့် လယ်လုပ်သူသာ လယ်ပိုင်ခွင့်ကို ပြက်ရယ်ပြုကာ တောင်သူလယ်သမားဦးကြီးများ ဓားမ ဦးချ လုပ်ကိုင်ခဲ့သည့်လယ်ယာမြေများကို စစ်အုပ်စုနှင့် ဆွေတော်မျိုးတော်များက မောင်ပိုင်စီး သိမ်းယူသော မြေရှင်ပဒေသ ရာဇ်စံနစ်ကို ပြန်လည် အသက်သွင်းလာသည်မှာ မဟာဝါဒကို ဘောင်ကွပ်ပေးနေခြင်း ဖြစ်၏။ စီးပွားရေးအရ လက်ဝါးကြီးအုပ် လိုမှု၊ လူမျိုးရေးမုန်းတီးမှု၊ ဖက်ဆစ်စနစ် အားလုံးပင် မဟာဝါဒီတို့မှ ဆင်းသက်ဖြာထွက်လာသော လုပ်နည်းလုပ်ဟန်များ ဖြစ်သည်။
မဟာဝါဒီတို့၏ အမူအကျင့်များအား သိရှိသဘောပေါက်ထားမည်ဆိုလျှင် အနိုင်ရပါတီကို အာဏာအပ်မည်ပြောပြီး မအပ်သည့်ကိစ္စ၊ ၎င်းတို့စိတ်တိုင်းကျ အဓမ္မ ရေးဆွဲထားပြီး တပြားသားမျှ ပြင်ဆင်ဖို့ရန် စိတ်မကူးသော အခြေခံဥပဒေ၊ လူထု ဆန္ဒ အစစ်အမှန်မဟုတ်သည့် ထောက်ခံမဲ၊ မဲခိုးမဲလိမ် ရွေးကောက်ပွဲ စသည်တို့အပေါ် အံ့ဩတကြီး ဖြစ်တော့မည် မဟုတ် ချေ။
မဟာလူမျိုးကြီးဝါဒကို စွဲကိုင်ကျင့်သုံးမှုသာ မရှိပါက ဤနိုင်ငံသည်လည်း မည်သည့်နည်းနှင့်မျှ မြန်မာနိုင်ငံဟု အမည် တပ်ခံခဲ့ရလိမ့်မည် မဟုတ်။
သင့်လျော်သော အမည်
၁၉၉၄ မာနယ်ပလောတွင် တိုင်းရင်းသားလူမျိုးများနှင့် ဒီမိုကရက်တစ်အဖွဲ့အစည်းများပါ ပေါင်းစုံဆွေးနွေးကြသည့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရေးရာ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပခဲ့သည်။ ထိုနှီးနှောဖလှယ်ပွဲ၌ မြန်မာနိုင်ငံဟူသော အခေါ်အဝေါ်ကို ပြင်ဆင်ရေးကိစ္စနှင့်ပတ်သက်၍ တက်ရောက်လာသော တိုင်းရင်း သားကိုယ်စားလှယ်အချို့မှ အဆိုပြုဆွေးနွေးချက်များလည်း တင်သွင်းခဲ့ကြသည်။ အချို့က သာယာရွှေပြည်ဟုလည်းကောင်း၊ အချို့က ရွှေပြည်ဗိမာန်ဟုလည်းကောင်း၊ သံလွင်ဧရာနိုင်ငံဟုလည်းကောင်း၊ ဇေယျာသီရိဟုလည်းကောင်း စိတ်ကူးတည့်ရာ အမည်များ ရွေးချယ်လျက် အများသဘောတူ ပြောင်းလဲမှည့်ခေါ်ဖို့ရန် အဆိုပြုခဲ့ကြသည်။
မြန်မာလူမျိုးဟူ၍ ရှိနေသော နိုင်ငံကို မြန်မာနိုင်ငံဟု ခေါ်ဝေါ်လိုက်ခြင်းမှာ နောက်မှ မွေးသူက မိဦးမှည့်သလိုမျိုး ယခင်ကတည်းက ရှိနှင့်နေသော တိုင်းရင်းသားများအပေါ် စီးပိုးရာ အနိုင်အထက်ပြုလျက် နိုင်ငံတခုလုံးကို လက်ဝါးကြီးအုပ်ရာ ကျနေ၍ ဖြစ်သည်။ သို့ရာတွင် နောက်ထပ် အဆိုပြုကြသော အမည်နာမများနှင့် ပတ်သက်၍ မည်သည့်အမည်ကိုမျှ အခမ်းအ နား တက်ရောက်သူ အများစုက မကြိုက်ကြ။ ရယ်စရာအမည်များဟု သဘောထားကြသူတွေပင် အတော်ကလေးရှိသည်။
တကယ်တော့ အမည်နာမ အခေါ်အဝေါ်မှာ ပညတ်သဘောသာ ဖြစ်၏။ အမည်ကို မည်သည့်အမည်မဆို မှည့်ခေါ်၍ ရသည်။ အရေးကြီးသည်မှာ တစ်ဦးပေါ်တစ်ဦးထားရှိသည့် စေတနာသဘောထားသာဖြစ်သည်။ အပေါ်ယံကြောသာဖြစ်သော နိုင်ငံ့အမည်က လှပနှစ်ခြိုက်စရာ ကောင်းသော်လည်း အတွင်းသဘောထားက တိုင်းရင်းသားတို့အပေါ် ဖိနှိပ်လိုစိတ် ရှိနေမည် ဆိုလျှင် ထိုအမည်သည်လည်း လှပနိုင်တော့မည် မဟုတ်ချေ။
အများစုဖြစ်နေသော မြန်မာလူမျိုး အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ မျိုးနွယ်စုအမည်များကို ပြောင်းလဲမှည့်ခေါ် ဖို့ရန် မလိုအပ်သော်လည်း မြန်မာလူမျိုးသာမက အခြားတိုင်းရင်းသားလူမျိုးစုများပါ ရှိနေသည့်နိုင်ငံကို မြန်မာနိုင်ငံဟု ဆက် လက် မှည့်ခေါ်ဖို့တော့မသင့်။ ကိုယ်စားလှယ်အချို့ အဆိုပြုကြသည့် အခြားသောအမည်များမှာလည်း နိုင်ငံတနိုင်ငံ၏ အမည် နှင့် မအပ်စပ်။ သို့ဆိုလျှင် မည်သည့်အမည်ကို ပေးကြမည်နည်း။
အထူးတလည် တွေးဆစဉ်းစား အငြင်းပွားနေစရာမရှိ။ အထက်တွင် ဆိုခဲ့ပြီးသည့်အတိုင်း တို့ဗမာအစည်းအရုံးက အစပြုသုံးစွဲ၍ ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကပါ နှစ်သက်ခဲ့ပြီး ကမ္ဘာကလည်း ရာစုနှစ်များဖြင့်ချီ၍ နားလည်အသိ အမှတ်ပြုထားကြပြီးဖြစ်သော အဂင်္လိပ်လို ဘားမား၊ မြန်မာလိုု “ဗမာပြည်”၊ ဗမာပြည်တွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုး များအားလုံးကို ခြုံငုံခေါ်ဆိုသည့် “ဗမာလူမျိုး”ဟူသော အခေါ်အဝေါ်သည်သာ ဤနိုင်ငံနှင့် အလိုက်ဖက်ဆုံးအမည် ဖြစ်ပေလိမ့် မည်။
အရေးကြီးသော သဘောထားစေတနာ
တကယ်တမ်း အရေးကြီးသည်မှာ တိုင်းရင်းသားလူမျိုးများနှင့် မြန်မာလူမျိုးတို့ တဦးပေါ်တဦး သင့်မြတ်ချစ်ကြည်စွာ အပြန်အလှန် မေတ္တာစေတနာထားရှိပြီး တဦး၏အကျိုးမဲ့ကို တဦးက မလိုလားရေးပင်ဖြစ်သည်။ သို့မှသာ တမြေတည်းနေ တရေတည်းသောက်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တဘက်နှင့်တဘက် မပြီးဆုံးနိုင်ခဲ့သော ရန်ညှိုးရန်စများ သင်ပုန်းချေ ကျေအေးခွင့်လွှတ်ရေးနှင့် မြန်မာ အပါအဝင် တိုင်းရင်းသားလူမျိုးစုများအားလုံးပင် ပြည်နယ်အသီးသီး ကိုယ်ပိုင်ပြ ဌာန်းခွင့်အသီးသီးဖြင့် ကိုင်းကျွန်းမှီကျွန်းကိုင်မှီ စုပေါင်းနေထိုင်မည့် လွတ်လပ်အေးချမ်းသာယာသော ဒီမိုကရက်တစ် ပြည်နယ် ပေါင်းစု ပြည်ထောင်စုကို ဝိုင်းဝန်းအကောင်အထည်ဖော်နိုင်ရေး ဦးတည်နိုင်ကြမည် ဖြစ်သည်။
ယခုအချိန်တွင် မဟာကိစ္စကို သိမြင်လာကြသူတွေ အတော်ကလေး ရှိနေပြီဖြစ်သည်။ လူထုသည် မဟာမြန်မာဝါဒီ နှင့် အဖိနှိပ်ခံ မြန်မာအမျိုးသားလူထုကြီးကို ကွဲပြားစွာ သိမြင်လျှက် မြန်မာလူမျိုးတို့၏အထက် နှစ်ကာလကြာရှည်စွာကပင် ဤနိုင်ငံတွင်းသို့ ရောက်ရှိနေထိုင်ခဲ့ကြသော တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ အထိပါးခံရမှု၊ ပိတ်ပင်ခံရမှု၊ အကျူးကျော်ခံရမှု၊ အနှိပ်စက်ခံရမှုများကိုလည်း စာနာစိတ်ဖြင့် နားလည်းခံစားတတ်လာကြပြီဖြစ်၏။ အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားများနှင့် ပေါင်းစည်းမှုများလည်း အထိုက်အလျောက်ရှိလာပြီး အချို့နေရာများ၌ ဘုံရန်သူကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နိုင်ရေး ပြင်ဆင် လျက်ရှိနေပေပြီ။
တိုင်းရင်းသား ပြည်သူလူထု အချင်းချင်း သွေးစည်းညီညွတ်မှုကို မည်သည့်ဖိနှိပ်သူကမျှ လိုလားလိမ့်မည် မဟုတ် ချေ။ ဗမာတပြည်လုံးကို ဖိနှိပ်ကျွန်ပြုနေသည့် မဟာဝါဒီ စစ်အုပ်စုသည်လည်း ၎င်း၏ လက်ကိုင်တုတ် စစ်တပ်၊ လုံထိန်း၊ ပုလိပ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ နိုင်ငံရေး အခွင့်အရေးသမားအုပ်စု၊ တော်လှန်ရေးသမားများအတွင်း စေလွှတ်ထားသည့် သပ်များစသည့် ပြည်သူ့အသားထဲက လောက်များဖြင့် အမျိုးသားဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးကို ဖြိုခွင်းရန် ပြင်ဆင်ထားနှင့်ပြီ ဖြစ်၏။
(ဆက်လက်ဖော်ပြပါမည်)