အယ်ဒီတာ့အာဘော်
၂၀၁ဝခုနှစ် နှစ်လပိုင်းပင် ကုန်ဆုံးလွန်မြောက်လာခဲ့ပေပြီ။ ဤလအတွင်း ဗမာပြည်ဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အ ရေး အထူးကိုယ်စားလှယ် မစ္စတာ တိုးမတ်စ်အိုဟေးကွင်တားနားကလည်း တတိယအကြိမ်မြောက်ခရီးစဉ် လာရောက်ခဲ့ပြီး ဖြစ်သည်။
သို့သော် ဗမာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ တနေ့ထက်တနေ့ ဆိုးရွားလာသည်ကိုလည်း တပြည်လုံး အ တိုင်းအတာအရ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေသည်။ ယမန်နှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့က မစ္စတာကွင်တားနား ကရင် ပြည်နယ် လာရောက်ချိန် နယ်စပ်ရှိ မြဝတီမြို့တွင် လက်နက်ကြီးနှင့် ပစ်ခတ်ခံရမှုတခုဖြစ်ခဲ့ပြီး အလားတူ ယခုနှစ် ဖေဖော်ဝါရီ လ ၁၉ရက်နေ့တွင်လည်း ကော့ကရိတ်မြို့အတွင်း ဗုံးပေါက်ကွဲမှုနှစ်နေရာ ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
ဗမာပြည်တွင် ပြည်နယ်၊ ပြည်မဒေသများ၌ ဗုံးအလုံးပေါင်းများစွာ ပေါက်ကွဲခဲ့သော်လည်း အဓိက တရားခံအစစ်မှန် ကို အစိုးရအမည်ခံထားသူ စစ်အုပ်စုက မဖော်ထုတ်နိုင်ခြင်းမှာ အရည်အချင်းမရှိ၍ဘဲလား။ သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင် ဖန်တီးလုပ်ဆောင်ထားခြင်းသာ ဖြစ်နေသလားဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။ သို့သော် ပေါက်ကွဲမှုမှန်သမျှ တောတွင်းလက်နက်ကိုင်အဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု စစ်အုပ်စုက ၎င်းတို့၏ သတင်းစာထဲတွင် စာလုံးမည်းဖြင့် တပ် အပ်စွပ်စွဲ ဖော်ပြထားသည်။ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကလည်း ၎င်းတို့သည် လူထုကို တိုက်ခိုက်နေခြင်း မဟုတ် သည့်အတွက် လူထုထိခိုက်စေမည့် လုပ်ငန်းစဉ်၊ မူဝါဒ မရှိကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။
အဘယ်သို့ပင်ဖြစ်စေ စစ်အုပ်စု၏ လူထုအပေါ် မတရားအနိုင်ကျင့်လုပ်ကြံဖန်တီးမှုများမှာ လျော့နည်းမသွားဘဲ ဆထက်ထမ်းပိုး ပိုတိုး၍ လာနေသည်မှာ ယခုလအတွင်း ဖြစ်ပျက်နေသည့် နယ်စပ်ဒေသများရှိ အဓမ္မလုပ်အားပေးများလာမှု၊ အပြစ်မဲ့ရွာသားများကို ပစ်ခတ်သတ်ဖြတ်မှု၊ စိုက်ပျိုးခြံများ၊ လူနေအိမ်များနှင့် ကိုယ်ထူကိုယ်ထဆေးခန်းများကို မီးရှို့ဖျက်ဆီးမှု အပြင် စာသင်နှစ်သက်တမ်း နောက်ဆုံးချိန်ဖြစ်နေသည့် ကျောင်းများစွာကိုပါ ပိတ်ခိုင်းမှုများက သက်သေခံလျှက်ရှိသည်။
လက်ရှိစစ်တပ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ခုခံကာကွယ်ပေးနေသည်မဟုတ်။ တိုင်းပြည်သယံဇာတ ကို ဂုတ်သွေးစုပ် အမြတ်ထုတ်ကာ ရရှိလာသည့် ငွေကြေးများဖြင့် လက်နက်ခဲယမ်း ဝယ်ယူ၍ တိုင်းသူပြည်သားများကို နှိပ် စက်ကလူ ပြုမှုနေသည်။ အထူးသဖြင့် ယခုနှစ်အတွင်း မဖြစ်မနေ ပြုလုပ်မည့် စစ်အာဏာရှင် အဓွန့်ရှည်ခိုင်မြဲရေး ရွေးကောက် ပွဲ အနှောက်အယှက်ကင်းစွာ ကျင်းပနိုင်ရန် မြို့တွင်းလုံခြုံရေးနှင့် နယ်စပ်ဒေသ နယ်မြေစိုးမိုးရေး လှုပ်ရှားမှုများကို ယခင်ထက် ပိုမိုလုပ်ဆောင်လာခဲ့သည်။ သို့သော် ရွေးကောက်ပွဲ၏ ဥပဒေကိုမူ အများပြည်သူသိအောင် ကြေညာခြင်းမရှိသေးဘဲ ဘယ် သောင်ဘယ်ကမ်း ရောက်မှန်းမသိ အချိန်နီးမှသာ ရုတ်ချည်း ကြေညာလိုက်မည့်သဘော ထင်မြင်ယူဆဖွယ်ပင်။
စစ်အုပ်စု၏ ကံကြမ္မာ၊ လူထု၏ သံသရာကို တစုံတရာ အဖြေရှာနိုင်မည်လား မသိသေးသည့် ရွေးကောက်ပွဲကို ပြည် တွင်းပြည်ပမှ သတင်းမီဒီယာများကလည်း စောင့်ကြည့်အကဲခတ်လျှက်ရှိသည်။ ထိုအရာများကို ဥပေက္ခာပြု၍ စစ်အုပ်စုသည် ၎င်းတို့၏ အဖြေရှိပြီးသား ရွေးကောက်ပွဲပုစ္ဆာကို နည်းလမ်းပေါင်းစုံဖြင့် တွက်ချက်လုပ်ဆောင်နေသလို အလုပ်သမား၊ လယ်သ မား၊ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတရပ်လုံးက မိမိတို့၏ လုပ်ပိုင်ခွင့်ကို အကွက်ကျကျနှင့် စနစ်ကျစွာ အသုံးချသွားမှသာ လျှင် တည်မြဲလိုသည့် စစ်အုပ်စု၏ ထိုင်ခုံကို ကိုင်လှုပ်ရာရောက်ပြီး နှစ်ပေါင်းများစွာ ဆုတ်ယုတ်မှုချောက်အတွင်း နစ်ဆင်းနေ သည့် ဗမာပြည်ကို ကယ်တင်ရာ ရောက်ပေတော့မည်ဖြစ်ကြောင်း ဆော်ဩလိုက်ရပေသည်။