Home ကဗျာ ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့….

ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့….

1144

ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့….
နင်….ဆင်ခြင်ဦး…..
(ဒီမိုဃ်း)
(၁)

မိတ်ဆွေတစ်ယောက်က ပြောတယ်.
ရှေးရှေးတုံးက ရှင်ဘုရင်တွေဟာ
သူဆင်းရဲဟန်ဆောင်ကာ ပြည်သူလူထုရဲ့ အသံကို နားထောင်ပါသတဲ့၊
အခုတော့
ငါပြောမယ် ရွှေရှင်ဘုရင်ရဲ့
နေပြည်တော် နန်းတော်ကြီးကနေ
အစေအပါးတွေနဲ့အတူ ရွှေနားနှစ်ဆူပန်ဆင်တော်မူပါဦး။

(၂)
ကျောင်းသားလေးတစ်ယောက်က ပြောတယ်
မိဘတွေကို အားနာလှပါပြီတဲ့…။
လမ်းဘေးဈေးသည် တစ်ယောက်ကပြောတယ်
ညနေတစ်ညစာ ဆန်ဘိုးလေးကိုသာ စောင့်မျှော်နေရတာပါတဲ့…
ဆိုက်ကားသမားတစ်ယောက်က ပြောတယ်
ငွေသုံးသောင်းအထုပ်ကိုပိုက်ပြီး
စွမ်းအားရှင်အဖြစ်နဲ့ မိုက်လိုက်ရရင် ကောင်းမလား.တဲ့…။
လယ်သမားတစ်ယောက်က ပြောတယ်
စပါးပေးမလောက်ငှလို့ နှစ်ထပ်တိုးဆွဲပြီးစားနေရပါသတဲ့…။
ဆိပ်ကမ်း အလုပ်သမားတစ်ယောက်ပြောတယ်
ပြည့်သူ့စစ်တပ်ဖွဲ့ထဲမ၀င်ရင် ဆိပ်ကမ်းမဆင်းရဘူးတဲ့..
ဝန်ထမ်းတစ်ယောက်က ပြောတယ်
ငါ့ဝမ်းပူဆာ မနေသာလို့ လာဘ်ပေးယူလုပ်ရတာပါ. တဲ့
အကျင့်ပျက် ချစားမှု စောင့်ကြည့်ရေးအဖွဲ့ ကပြောတယ်
ကမ္ဘာပေါ်မှာ အကျင့်ပျက်နိုင်ငံတွေကို တန်းစီလိုက်ရင်
မြန်မာပြည်ဟာ နံပါတ် နှစ် ဖြစ်သတဲ့…
ပြည်ပရောက် ယောက်ျားလေး တစ်ယောက်ပြောတယ်
ကျုပ်က မြန်မာပြည်မှာ ဆရာဝန်တဲ့…
ဂျပန်ရောက်တော့မှ ပကေးစံ(ပန်းကန်ဆေး) ရတာ.တဲ့…
ကျုပ်က မြန်မာပြည်မှာ အင်ဂျင်နီယာ
စင်ကာပူရောက်မှ မဆလာဖျော်ရတယ်
သူများတိုင်းပြည်လာပြီး ဘယ်ကျွန်ခံချင်ပါ့မလဲဗျာ…တဲ့.
ပြည်ပရောက် မိန်းကလေး တစ်ယောက်ပြောတယ်
ပြည်တွင်းမှာ ၀မ်းဗိုက်တွေ ဟာနေလို့ ဒီကိုလာခဲ့တာ
ပြည်ပရောက်တော့မှ အ၀ှာ ဖြစ်သွားတော့တယ်တဲ့
နအဖ စစ်ဗိုလ်ချုပ်တွေက ပြောတယ်
ဒီကနေ့ တိုင်းပြည်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်နေလိုက်တာ
ဘယ်တုံးကနဲ့မှ မတူဘူး တဲ့.

(၃)

ယူနီဖောင်းဝတ် တစ်ယောက်က ပြောတယ်
ချဲ..တခေတ်မှာ ရဲ..တွေဖြစ်ရတာ ကျေနပ်စရာပါ.တဲ့
လောင်းကစားဒိုင်တွေက ပြောတယ်
တရားဥပဒေဆိုတာ ငွေအောက်မှာ နစ်မြုပ်နေတဲ့ အရာတွေပါတဲ့
အရက်ဆိုင်ပိုင်ရှင်က ပြောတယ်
ယမကာကပဲ မူးနေသလား
ဘ၀တွေပဲ မူးနေသလား…သူမသိပါ တဲ့
ရှေ့နေတစ်ယောက်က ပြောတယ်
အဖြေထွက်ပြီးသား ပုစ္ဆာတစ်ပုဒ်ကို
တွက်သယောင်ဆောင်နေရပါတဲ့
တရားသူကြီးတစ်ယောက်က ပြောတယ်
အမိန့်စာရောက်မလာသေးလို့ စီရင်ချက် မချနိုင်သေးတာပါ တဲ့၊
ရပ်ကွက်လူကြီးတစ်ယောက်က ပြောတယ်
လူတစ်ယောက်ကို ချက်ချင်းထောင်ချပစ်နိုင်တဲ့အာဏာ သူ့မှာရှိပါသတဲ့
နေပြည်တော် ဗိုလ်ချုပ်တစ်ယောက်ကပြောတယ်၊
ဥပဒေနဲ့အထက်မှာ မည်သူမှမရှိပါဘူးတ၊ဲ့
နိုင်ငံခြားပြန်တစ်ယောက်က ပြောတယ၊်
နိုင်ငံတကာမှာ ဗမာလို့ ပြောရတာ အတော်မျက်နှာငယ်ရသတဲ့၊
သင်္ဘောသားတစ်ယောက်က ပြောတယ၊်
ဒီလစာမျိုး ဗမာပြည်မှာ ဘယ်လိုရှာရမလဲဗျာတဲ့၊
စီးပွားရေးသမားတစ်ယောက်က ပြောတယ်၊
ပြည်နာမှ ငွေရှာလို့ကောင်းသတဲ့
မိုးရွာတုန်းမို့ ရေခံရသတဲ့
ရှားရှားပါးပါး ဆရာဝန် တစ်ယောက်က ပြောတယ်
ကိုယ်ကျင့်သိက္ခာကို တန်ဘိုးထားချင်လို့
ဝန်ထမ်းအလုပ်က နှုတ်ထွက်လိုက်ရတာပါတဲ့၊
စာရေးဆရာတစ်ယောက်က ပြောတယ်
ဝေဒနာတွေကို ငြင်းဆန်ချင်လို့
ကိုယ့်ကိုယ်ကို အရစ်ကျသေကြောင်း ကြံရတာပါတဲ့
သတင်းသမားတစ်ယောက်က ပြောတယ်၊
ခုခေတ်မှာ နိုင်ငံရေးလုပ်တယ်ဆိုတာ
ရဟန္တာလို မြင့်မြတ်သူတစ်ယောက်ဖြစ်ပါသတဲ့၊
တိုင်းရင်းသားတစ်ယောက်က ပြောတယ်၊
ရွာတွေရွှေ့ပြောင်းရတာ အိမ်တွေမီးရှို့ခံရတာ
ပစ္စည်းတွေလုယက်ခံရတာ မိန်းကလေးတွေ အဓမ္မပြုကျင့်ခံရတာ
နအဖ စစ်သားတွေမဟုတ်လို့ ဘယ်သူတွေဖြစ်ရမှာလဲ တဲ့၊
ကရင်ပြည်နယ်က ကလေးတစ်ယောက်က ပြောတယ်
ပလိုင်းကို အိမ်လုပ်ပြီး ပလိုင်းအိမ်ထဲမှာ နေနေရတာ
နှစ်ပေါင်းလေးဆယ်ကြာခဲ့ပါပြီးတဲ့…
ဒုက္ခသည်တစ်ယောက်က ပြောတယ်
နယ်စပ်ကို ကျော်ဖြတ်ပြီး ထွက်ပြေးလာကြတာ
နအဖ စစ်တပ်တွေရဲ့ ပယောဂကြောင့်ပါတဲ့…
နအဖ စစ်ဗိုလ်ချုပ်တွေက ပြောတယ်
ဒီကနေ့ တိုင်းပြည်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်နေလိုက်တာ
ဘယ်တုန်းကနဲ့မှ မတူပါဘူးတဲ့..

(၄)
မင်းတရားကြီး ဗိုလ်သန်းရွှေက ပြောတယ်
စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံဆီသို့
၂၀၁၀ရွေးကောက်ပွဲနဲ့ သွားကြမယ်တဲ့…
NLD က သူရဲကောင်းတစ်ယောက်က ပြောတယ်
၂၀၁၀ ရွေးကောက်ပွဲဟာ ငရဲသို့ သွားရာလမ်း ပါတဲ့…
၁၉၈၈-ပြည်သူ့အရေးတော်ပုံကြီးမှာ
ကနဦး အာဏာရှင် ဗိုလ်နေ၀င်းက ပြောတယ်
စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်
မိုးပေါ်ထောင်ဖေါက်တာမပါဘူးတဲ့…
နောင်ကို ဆူဆူပူပူ လုပ်ချင်သူတွေ မသက်သာဘူးမှတ်…တဲ့
ပြည်ပဒီမိုကရေစီအင်အားစုတစ်ခုက ပြောတယ်
စစ်အင်ဏာရှင်တွေဟာ တိုင်းပြည်ကို ဥပဒေနဲ့အညီ အုပ်ချုပ်တာမဟုတ်
အမိန့်အာဏာနဲ့သာ အုပ်ချုပ်တာဖြစ်သတဲ့…
ရှိတ်စပီးယားရဲ့ ၀တ္ထုထဲက
လူသတ်သမား ဗရူးတပ်က ပြောတယ်၊
ဂျူးလိယက်ဆီဇာကို သတ်လိုက်ရတာ ရောမပြည်ကြီးကို ပိုချစ်လို့ပါ တဲ့…
န၀တ စစ်အာဏာရှင်တွေက ပြောတယ်
၈၈ အရေးအခင်းမှာ အရေးပေါ်အခြေအနေထုတ်ပြန်ပြီး
တစ်နိုင်ငံလုံးက ပြည်သူလူထုကို ဖြန့်ပြီးသတ်လိုက်ရတာ
တိုင်းပြည်ကြီး ချောက်ကမ်းပါးထဲ ကျသွားမှာစိုးလို့ပါ တဲ့…
လူ့အခွင့်အရေး လေးစားသူတစ်ယောက်က ပြောတယ်
ဒီလိုနဲ့ နှစ်ပေါင်းနှစ်ဆယ်ကြာ
၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံမှာ
အရေးပေါ်အခြေအနေ ထုတ်ပြန်ရန်အခန်း
ထည့်သွင်းရေးဆွဲထားတာာ ဘာလုပ်ဖို့ပါလဲ တဲ့
နအဖ သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောတယ်
၂၀၀၇-ရွှေဝါရောင်တော်လှန်ရေးဟာ
သံဃာအတုအယောင်တွေသာ ဖြစ်ပါသတဲ့…
ပြည်သူလူထုက ပြောတယ်
ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ရဟန်းသံဃာတွေ သတ်ဖို့မဟုတ်ဘူး တဲ့
ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဘို့ မဟုတ်ဘူး တဲ့…
ဧကရာဇ် ဘုရင်မှူးကြီးက ပြောတယ်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာက တကြောင်း
လူသားချင်း စာနာထောက်ထား ညှာတာသောအားဖြင့်၎င်း တဲ့…
အမေရိကန်ရောက် စစ်သံမှူးဟောင်းတစ်ဦးက ပြောတယ်
၂၀၀၃-ဒီပဲယင်းအရေးမှာ သတ်မိန့်ပေးတာ ဘယ်သူလဲတဲ့
နအဖ စစ်ဗိုလ်ချုပ်တွေက ပြောတယ်
ဒီနေ့တိုင်းပြည်ကြီး အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်နေလိုက်တာ
ဘယ်တုန်းကနဲမှ မတူဘူး တဲ့…
စက်မှုဇုန်က အလုပ်သမားလေးတွေက ပြောတယ်
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး…ရှင်တို့မှာ ခေါင်းမရှိဘူးတဲ့..

(၅)

ဗိုလ်ချုပ်အောင်ဆန်းက ပြောတယ်
ရဲဘော်ဟာ တိုင်းပြည်အတွက်သာဖြစ်ရမယ်
တိုင်းပြည်ဟာ ရဲဘော်အတွက် မဖြစ်ရဘူး တဲ့
နေပြည်တော် စစ်အုပ်စုက ပြောတယ်
တပ်မတော်သာအမိ တပ်မတော်သာ အဖတဲ့
တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် တဲ့…
ဒီမိုကရေစီ အင်အားစုတွေက ပြောတယ်
တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့
ငါတို့အားလုံးရဲ့ ဗိုလ်ချုပ်ဟာ
ပဲပြုတ်နဲ့ နံပြားကိုသာစားပြီး
သူ့အတွက် ဘာတွေယူသွားခဲ့ပါသလဲ
ပြည်သူလူထုအတွက် ဘာတွေပေးဆပ်ခဲ့ပါသလဲ တဲ့..
ဒီကနေ့ စစ်အာဏာရှင်တွေဟာ
စိန်စီသောနေ့ စိန်စီသောညတွေကို ဖြတ်သန်းရင်း
သူတို့ ဘာတွေနှိုက်ယူနေကြပါသလဲ
ပြည်သူလူထုကို ဘာတွေပေးဆပ်နေကြပါသလဲ တဲ့…။

(၆)
ကဲ..ငါပြောပြီ ရွှေရှင်ဘုရင်ရဲ့
နင်..ဆင်ခြင်ဦး ဟဲ့..။