Home သတင်း ၂၀၀၉ခုနှစ်အတွင်း ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများ၌ တိုက်ပွဲ‌ပေါင်း တစ်‌ထောင်‌ကျော် ဖြစ်ပွားခဲ့

၂၀၀၉ခုနှစ်အတွင်း ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများ၌ တိုက်ပွဲ‌ပေါင်း တစ်‌ထောင်‌ကျော် ဖြစ်ပွားခဲ့

1829
ဇန်နဝါရီလ ၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်ရာ နယ်‌မြေများဖြစ်သည့် တပ်မဟာ(၇)ခု တွင် ၂၀၀၉ခုနှစ်အတွင်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ (‌ကေအဲန်အယ်လ်‌အေ)နှင့် နအဖ၊ ဒီ‌ကေဘီ‌အေတပ်ဖွဲ့ များ တိုက်ပွဲ‌ပေါင်း တစ်‌ထောင်‌ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

‌ကေအဲန်ယူ၏ ၂၀၀၉ခုနှစ် နှစ်ချုပ်တိုက်ပွဲမှတ်တမ်းတွင် ပြီးခဲ့သည့် တနှစ်တာလုံးအတွင်း ‌ပြောက်ကျားနှင့် ရင်ဆိုင်တိုက်ပွဲ အပါအဝင် ‌ကေအဲန်အယ်လ်‌အေမှ နအဖ စစ်တပ်နှင့် တိုက်ပွဲ‌ပေါင်း ၉၁၅ကြိမ်၊ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)နှင့် ၂၆၈ကြိမ် စုစု‌ပေါင်း ၁,၁၈၃ကြိမ် ဖြစ်ပွားခဲ့သည်ဟု ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ဒီနှစ်မှာ တိုက်ပွဲ‌တွေ အဖြစ်များတာ‌တော့ ဖာပွန်ခရိုင်၊ တပ်မ ဟာ(၅)မှာပါ။ တိုက်ပွဲအပြင်းထန်ဆုံးနဲ့ အကျအဆုံး မြှင့်လာတဲ့လက‌တော့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာပဲ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၂၀၀၉ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ‌ကြောင့် နအဖတပ်ဘက်မှ ကျဆုံးမှုဦး‌ရေမှာ ၅၄ဝဦးနှင့် ဒီ‌ကေဘီ‌အေဘက်မှ ကျဆုံးမှုဦး‌ရေ ၁၈၃ဦးရှိပြီး ၂၀၀၈ခုနှစ်ထက် ကျဆုံးမှု ပိုများ‌ကြောင်း ‌ကေအဲန်ယူ၏ နှစ်ချုပ်စာရင်းတွင် ‌ဖော်ပြထားသည်။ ထိုကာလအတွင်း နအဖတပ်မှ ကျဆုံးသူများထဲတွင် နအဖ အမှတ်(၅) စစ်ကွပ်ကဲ‌ရေးဌာနချုပ်မှူး ဗိုလ်မှူးချုပ်‌ကောင်းမြတ် နှင့် ဗျူဟာမှူးတဦး ပါဝင်ပြီး ‌ကေအဲန်အယ်လ်‌အေဘက်မှ ကျဆုံးမှုမှာ ၉ဦးရှိသည်ဟု သိရသည်။

ယမန်နှစ် တိုက်ပွဲများအတွင်း နအဖဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ‌ပေါင်း ၁,၁၄၁ဦးရှိပြီး ဒီ‌ကေဘီ‌အေဘက်မှ ၄၁၁ဦး ထိခိုက် ခဲ့သည်ဟု ‌ကေအဲန်ယူ၏ မှတ်တမ်းတွင် ‌ဖော်ပြထားသည်။

ယခု ၂၀၁ဝ ခုနှစ်တွင်မူ ‌ရွေး‌ကောက်ပွဲပြုလုပ်ချိန်နှင့် တိုက်ဆိုင်သဖြင့် ကရင်ပြည်နယ်အတွင်း နအဖသည် ၎င်းတို့၏ စိုးမိုး နယ်‌မြေ‌နေရာများတွင် စစ်တပ်များ အများအပြား ချထားလာနိုင်ပြီး တိုက်ပွဲများမှာ ပြီးခဲ့သည့်နှစ်ထက် အရှိန်အဟုန် ပြင်း ထန်လာနိုင်သည်ဟု ခန့်မှန်းထား‌သော်လည်း ‌ကေအဲန်ယူအ‌နေဖြင့် မှန်ကန်သည့်လမ်း‌ကြောင်း‌ပေါ် ရှင်သန်ရပ်တည်ကာ နအဖ စစ်တပ်များကို တတ်နိုင်သမျှ ဆက်လက်တိုက်ထုတ်သွားမည်ဟု ဗိုလ်မှူး‌စောလှ‌ငွေက ဆိုသည်။

၂၀၀၉ခုနှစ် ဇွန်လအတွင်း အကြီးမားဆုံး ထိုးစစ်ဖြစ်သည့် ဖားအံခရိုင်ရှိ ‌ကေအဲန်ယူ တပ်မဟာ(၇) နယ်‌မြေကို ဒီ‌ကေဘီ ‌အေမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် ၎င်းတို့ဘက်မှ ကျဆုံးမှုများရှိခဲ့သည့်အပြင် ‌နောက်ပိုင်းတွင် နယ်ခြား‌စောင့်တပ် အ သွင်‌ပြောင်းရန် နအဖ၏ ဖိအား‌ပေးမှု များလာသည့်အ‌ပေါ် စီးပွား‌ရေးလုပ်ပိုင်ခွင့်နှင့် နယ်‌မြေစိုးမိုးမှု အခွင့်အ‌ရေးများ ‌လျော့ နည်းလာသည့်အတွက်‌ကြောင့် အချို့ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များမှာ ‌ကေအဲန်ယူဘက်သို့ ကူး‌ပြောင်းမှုများ ပိုမိုများပြားလာခဲ့ သည်။

လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က ‌ကေအဲန်ယူဘက်သို့ ကူး‌ပြောင်းလာသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင် ၃ဦးသာ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် တွင်မူ ၁၄၇ဦးရှိသည်ဟု သိရသည်။

၂၀၀၈ခုနှစ်တွင် အလားတူ တိုက်ပွဲ‌ပေါင်း ၁,၀၀၀‌ကျော် ဖြစ်ပွားခဲ့‌သော်လည်း တိုက်ပွဲအရှိန်မှာ ၂၀၀၉ခုနှစ်‌လောက် ပြင်း ထန်မှုနည်းပါး‌ကြောင်း ‌ကေအဲန်ယူ၏ တိုက်ပွဲနှစ်ချုပ်စာရင်းအရ သိရသည်။

ယခုနှစ်သည် နအဖ စစ်အစိုးရ၏ ‌ရွေး‌ကောက်ပွဲလုပ်မည့်နှစ်ဖြစ်သဖြင့် ၎င်းတို့၏ လုံခြုံ‌ရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်နယ်‌မြေများကို ဆက်လက်၍ ထိုးစစ်များ ပိုမိုပြုလုပ်လာနိုင်ပြီး အထူးသဖြင့် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည်ဟု စစ်‌ရေး၊ နိုင်ငံ‌ရေး‌လေ့လာသုံးသပ်သူ ကို‌အောင်သူငြိမ်းက ယခုလို ‌ပြောသည်။

“နအဖက‌တော့ သူ့လမ်းပြ‌မြေပုံအတိုင်း ဆက်လုပ်သွားမှာပဲဆို‌တော့ သူ့ကို ဆန့်ကျင်‌နေတဲ့ ဘယ်သူ့ကိုမဆို နှိပ်ကွပ်သွား မှာပဲ။ အခု လာမယ့် ပွင့်လင်းရာသီ သုံး‌လေးလအတွင်းမှာ ‌ကေအဲန်ယူနယ်‌မြေ‌တွေကို ထိုးစစ်‌တွေ လုပ်လာနိုင်တယ်။ လုပ် မယ်ဆိုရင် ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ရွာ‌တွေ မီးရှို့ခံရမယ်။ ဖျက်ဆီးခံရမယ်။ ဒါ‌ကြောင့် အိုင်ဒီပီ ပြည်တွင်းဒုက္ခသည် လည်း များလာမှာ‌တော့ ‌သေချာတယ်”ဟု ဆိုသည်။

နအဖ စစ်အစိုးရအ‌နေဖြင့် ဒီ‌ကေဘီ‌အေအား အသုံးချနိုင်‌သေးသမျှ ‌ကေအဲန်ယူကို တိုက်ခိုက်ရန် ဆက်လက်ခိုင်းဦးမည် ဖြစ်ပြီး ဗိုလ်ချုပ်‌စောထင်‌မောင် ဦး‌ဆောင်သည့် ကရင်ငြိမ်းချမ်း‌ရေးအဖွဲ့ကိုမူ ‌ရွေး‌ကောက်ပွဲသို့ ပါ‌အောင် တိုက်တွန်းသွားနိုင် သည်ဟုလည်း သူက သုံးသပ်သည်။

မြန်မာစစ်အစိုးရကို နှစ် ၆၀‌ကျော်ကြာ ဆန့်ကျင်‌တော်လှန်‌နေသည့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)ကို ၁၉၄၇ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၅)ရက်‌နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်‌ရေးအရ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ (‌ကေ အဲန်အယ်လ်‌အေ)အ‌နေဖြင့် ယ‌နေ့အချိန်ထိ မြန်မာစစ်အစိုးရကို တွန်းလှန်တိုက်ခိုက်လျှက်ရှိသည်။