Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

469

အိမ်နီးချင်းကောင်း ပီသမယ်ဆိုရင်

အဂတိလိုက်စားမှုဖြင့် ထိုင်းအစိုးရမှ ထောင်ဒဏ် ၂နှစ် ချမှတ်ခံထားရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ တာ့ခ်ဆင်ရှင်နာဝပ် ထရာအား ကမောဒီးယားနိုင်ငံ ၀န်ကြီးချုပ်ဟွန်ဆန်၏ စီးပွားရေးအကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာ လ ၄ရက်နေ့တွင် ကမောဒီးယားနိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ခန့်အပ်လိုက်ပြီး နာရီပိုင်းအတွင်း အဆိုပါကိစ္စ၏ နောက်ဆက်တွဲအဖြစ် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအစိုးရများက ၄င်းတို့၏ သံအမတ်ကြီးများကို ဌာနေသို့ အသီးသီး ပြန်လည်ဆင့်ခေါ်ခဲ့ကြသည်။ ထိုပြဿနာ၏အစမှာ လွန်ခဲ့သည့် ၁၁ရာစုနှစ် ကတည်းက ထိုင်းနှင့် ကမ္ဘောဒီးယားနယ်ခြားတွင် တည်ဆောက်ခဲ့သော ပရ၀ိဟာရဘုရားကျောင်းကို ပိုင်ဆိုင်ရေး အငြင်းပွား မှုအပေါ် ၂၀၀၈ခုနှစ်ကတည်းက နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ရာမှ အစပျိုးလာခဲ့သည်။

အလားတူ ရှေးယခင် မြန်မာဘုရင်များ လက်ထက်တုန်းကလည်း ထိုင်းနိုင်ငံကို နယ်ချဲ့တိုက်ခိုက်ခဲ့ရာမှ ပျက်စီးယိုယွင်းသွား ခဲ့သည့် အယုဒ္ဓရမြို့တော်ကို သားစဉ်မြေးဆက် သိရှိသွားရအောင် ထိုင်းအစိုးရ အဆက်ဆက်မှ ပုံစံမပျက်ယွင်းအောင် ယခုအ ချိန်ထိတိုင် ထိန်းသိမ်းထားရှိခဲ့သည်။ သို့သော် ခေတ်အဆက်ဆက် ထိုင်းအစိုးရသည် ၄င်းတို့၏ ရင်တွင်းသန္ဓေ၌ စိတ်ဒဏ်ရာ များ ရှိနေခဲ့သော်လည်း ဘုရင်ခေတ်မှသည် စစ်အစိုးရလက်ထက်တိုင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို မပျက်စီးအောင် လုပ် ဆောင်လာနိုင်ခဲ့သည်။

ဤသည်မှာ ၁၉၆၇ခုနှစ်မှစ၍ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံများဖြင့် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၁၀နိုင်ငံဖြင့် ရပ်တည်နေသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ မိတ်ဆွေကောင်း ပီသ မှုသရုပ်သဏ္ဍာန်ပင် ဖြစ်သည်။ အာဆီယံအနေဖြင့် အိမ်နီးချင်းနိုင်ငံများအတွင်း မသင့်မြတ်မှုများ ဖြေရှင်းပေးရန် တာဝန်ရှိ သည့်အလျှောက် အဖွဲ့ဝင် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီ ပေါ်ထွန်းရေးတို့အတွက်ပါ ၀ိုင်းဝန်းဖြေရှင်းပေးရမည့် တာဝန်လည်း ရှိသည်။

အောက်တိုဘာလ ၂၃ရက်နေ့က ထိုင်းနိုင်ငံ၊ ဟွာဟင်းမြို့၌ ကျင်းပခဲ့သည့် ၁၅ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး သို့ အာဆီယံအဖွဲ့ဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ စင်္ကာပူနိုင်ငံများမှ လူထုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ် ၅ဦးကို တက်ရောက်ရန် ပယ်ချခဲ့မှုက လူထုဗဟိုပြု လူ့အသိုင်းအ၀ိုင်းတရပ် ပေါ်ပေါက်လာရေးကို အခြေခံထားသည့် အာဆီယံ ၏ ပဋိညာဉ်စာတမ်းကို ၄င်းတို့၏ အစိုးရများကိုယ်တိုင်ကပင် ဖောက်ဖျက်လိုက်ခြင်းဖြစ်ကြောင်း သက်သေပြနေပေသည်။

နိုင်ငံတနိုင်ငံ၏ လူထုအစိုးရ ပေါ်ပေါက်ရေးသည် သက်ဆိုင်ရာ လူထုတရပ်လုံးအပေါ်တွင် မူတည်သကဲ့သို့ အိမ်နီးချင်းကောင်း နိုင်ငံများ၏ ၀ိုင်းဝန်းဖေးမမှုများကိုလည်း ချန်လှပ်ထား၍ မရနိုင်ပေ။ သို့ဆိုလျှင် အာဆီယံအစိုးရများအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်ဖွံ့ဖြိုးအောင် လူထုဗဟိုပြု လူ့အသိုင်းအ၀ိုင်းတရပ်ပေါ်ပေါက်လာရေးကို အခြေခံ ထားသည့် ၄င်းတို့၏ ပဋိညာဉ်စာတမ်းကို တသွေမတိမ်း လိုက်နာလုပ်ဆောင်သင့်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူထု တရပ်လုံး၏ လူမှုဘ၀ သာယာဝပြောရန်နှင့် ငြိမ်းချမ်းသာယာသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ထွန်းကားလာရေးအတွက် အခြား အာဆီယံအစိုးရများအနေဖြင့် အိမ်နီးချင်းကောင်း ပီသနိုင်ပါစေကြောင်း ကရင်သတင်းစဉ်မှ တောင်းဆို တိုက်တွန်းလိုက်ရပေ သည်။