ခွန်ထွန်းမြင့်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)သထုံမဲဆန္ဒနယ် အမှတ်(၁)
တိုင်းရင်းသားတွေဟာ အပစ်ရပ်ချိ်န်ကာလကတည်းက ဗိုလ်ချုပ်ခင်ညွှန့်က ခင်ဗျားတို့နယ်တွေမှာ စီးပွားရေးတွေ၊ စိုက်ပျိုးရေးတွေ၊ ဖွံ့ဖြိုးရေးတွေ၊ လူမှုရေးတွေလုပ်၊ နိုင်ငံရေးတွေကိုမလုပ်သေးနဲ့အုံး။ နိုင်ငံရေးကို အမျိုးသားညီလာခံကြရင် ခင်ဗျားတို့ လွတ်လွတ်လပ်လပ်ပြောကြ၊ ညှိနှိုင်းကြ ကျနော်တို့က ကူညီမယ်လို့ ဆွေးနွေးပြောဆိုထားခဲ့တယ်လေ။ တကယ့်တကယ် အမျိုးသားညီလာခံကျတော့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေရဲ့ တင်ပြချက် တွေက အကုန်လုံး အပစ်ပယ်ခံရပြီး ဘာမှအသိ မှတ်ပြုမခံရဘူး။ ဟိုတုန်းကတော့ အပစ်ရပ်ပြီးဆိုရင် နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ အပစ်ရပ်အဖွဲ့တွေမှာ မျှော်လင့်ချက်တွေရှိကြတယ်။
အဲလိုဖြစ်မလာတော့ လက်နက်ကို ဆက်လက်ပြီး ဆုပ်ကိုင်ထားတယ်။ ဒါကိုနအဖက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်နက်တွေကို ဖြုတ်ချင်တယ်။ ဖြုတ်မရတော့ နယ်ခြားစောင့်တပ်တွေလုပ်တယ်။
အဲဒီဘဝကို တကယ်ပြောင်းလဲတဲ့သူတွေကလည်း မနိုင်လို့လျှော့လိုက်ရတဲ့သဘောပဲ။ နအဖရဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတွေဟာ ဘယ်လိုနည်းနဲ့မှ ပြည်ထောင်စုကို မတည်ဆောက်နိုင်ဘူး။ ဗမာပြည်မှာဖြစ်နေတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအရေးတွေကို ဘယ်လိုနည်းနဲ့မှ မဖြေရှင်းနိုင်ဘူးဆိုတဲ့အချက်က အရှင်းလင်းဆုံးသက်သေပဲ။ စစ်ရေး၊ နိုင်ငံရေးအ ခြေအနေအရ လက်ခံတဲ့သူတွေ၊ လက်မခံတဲ့သူတွေရှိကြတယ်။ သို့သော်နိုင်ခြားစောင့်တပ်အသွင်ပြောင်းတဲ့ကိစ္စကို နိုင်ငံရေးအရ တညီတညာနဲ့ ရင်ဆိုင်တာအကောင်းဆုံးပဲ။ တယောက်ကလက်ခံ၊ တယောက်ကလက်မခံဘူးဆိုရင် နအဖကတော့ တစစီဖြိုသွားမှာပဲ။ တိုင်းရင်းသားအ ပစ်ရပ်အဖွဲ့တွေကိုယ်၌က တဖွဲ့ခြင်း ရင်ဆိုင်ဖြေရှင်းတာထက် အပစ်ရပ် အဖွဲ့တွေအားလုံး ပူးပေါင်းဆောင် ရွက်ကြရင်တော့ အကောင်းဆုံး ဖြစ်သွားမယ်လို့မြင်တယ်။
နအဖဟာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်သွားနိုင်ပေမဲ့ နိုင်ငံရေးအရ အနှစ်သာရပြည့်ဝတဲ့ ရွေးကောက် ပွဲဖြစ်မှာ မဟုတ်ဘူး။ ဒါဟာ ပြည်ထောင်စုအတွက်၊ တိုင်းရင်းသားပြည်သူတွေအတွက် ထွက်ပေါက်မဟုတ်ဘူး။ အခုအကျဉ်းသား(၇,၀၀၀) ကျော်လွတ်ပေးတာက နိုင်ငံတကာ မျက်နှာစာမှာ ကြည့်လိုက်ရင် နိုင်ငံရေးအကျဉ်း တွေကို လွှတ်ပေးလိုက်တယ်လို့မြင်တယ်လေ။ တကယ်က နိုင်ငံရေးအကျဉ်းသားတွေက နည်းနည်းပဲပါတယ်။ ဒါကတော့ နအဖလုပ်နေကျ အရိုးဆုံးသောလှည့်ကွက်၊ ကစားကွက်တွေပဲလေ။ အသွင်ပြောင်းရေး၊ မပြောင်းရေး ဆိုတာထက် အဓိက ကျနော်တို့နိုင်ငံရေးမှာ အပစ်ရပ်တဲ့အဖွဲ့ ဖြစ်စေ၊ အပစ်မရပ်တဲ့အဖွဲ့ဖြစ်စေ၊ ပြည်တွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တရားဝင်ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ပြည်တွင်းပြည်ပ အင်အားစုတွေအားလုံးမှာ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်ဘူးဆိုတဲ့ တူညီတဲ့ပုံသဘောထားတခု အလိုလိုရထားပြီးသား။ ဒီဖွဲ့စည်းပုံဟာ ကျနော်တို့တိုင်းပြည်မှာ စစ်မှန်တဲ့ ပြည်ထောင်စုကို မတည်ဆောက်နိုင်ဘူး။ ဒီမိုကရေစီ မပေါ်ထွန်းနိုင်ဘူးဆိုတော့ အားလုံးဟာ မိမိရဲ့အခန်းကဏ္ဍ အသီးသီးကနေပြီးတော့ ရပ်တည်ပေးကြဖို့လိုပါတယ်။
မိုင်းဘုန်းကျော်(အတွင်းရေးမှူး)အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု-အဲန်ဒီအက်ဖ်
နအဖဟာ ၂၀၁၀ရွေးကောက်ပွဲအတွက် နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲတာက ကျနော်တို့တိုင်းရင်းသားတွေကို ဖြိုတာပဲ ဖြစ်တယ်။ အပစ်ရပ် လုပ်ကတည်းကကိုက အမျိုးသားညီလာခံမှာ နိုင်ငံရေးဆွေးနွေးရမှာ ဆိုပေမယ့်လည်း ဘာမှလုပ်ပိုင်ခွင့် မရှိခဲ့ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးတယ်ဆိုတာ ဟန်ပြပဲ။ တိုင်းရင်းတွေကို အခွင့်အရေးတွေ သေသေချာချာတိတိကျကျ ဘာမှမသိသေးဘဲနဲ့ အင်အားလျှော့လိုက်ပြီး အသွင်ပြောင်းလိုက်မယ်ဆိုရင် ကျနော်တို့ နိဂုံးချုပ်ဖို့လုပ်ငန်းကို နအဖက ဖန်တီးနေတာပဲဖြစ်တယ်။ အဲ့ဒါကိုလက်မခံပဲ ကန့်ကွက်တဲ့ အပစ်ရပ်အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်ကို ကျနော်တို့ ထောက်ခံတယ်။ ဝ၊ မိုင်းလား၊ မွန်ပြည်သစ်ပါတီနဲ့ တချို့ကချင်အဖွဲ့တွေက နယ်ခြားစောင့်အသွင်မပြောင်းနိုင်ဘူးဆိုတဲ့ ရပ်တည်ချက်ရှိကြတယ်။ အခုနယ်ခြား စောင့်တပ်ဖြစ်ဖို့ ငြင်းဆန်တဲ့ ကိုးကန့်ကို နအဖက တိုက်ခိုက်တယ်။
ဒါပေမယ့် သေချာတာတခုကတော့ အပစ်ရပ်အဖွဲ့တွေကော၊ အပစ်မရပ်တဲ့အဖွဲ့တွေကော သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေမှာတော့ ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ဘူးဆိုတဲ့ လူထုစည်းရုံးရေး လှုပ်ရှားမှုတော့ရှိတယ်။ ဒါပေမယ့် ၂၀၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အပစ်ရပ်အဖွဲ့တွေကို လက်တွေ့ကျတဲ့ ပူပေါင်းဆောင်ရွက်မှု ဘယ်လိုလုပ်မယ်ဆိုတာ တိတိကျကျ ပြောလို့ မရသေးပါဘူး။ ပြုပြင်ပြောင်းလဲမှု ဘာမှမရှိဘဲနဲ့ လုပ်မယ့်ရွေးကောက်ပွဲဟာ နအဖအာဏာသက်တမ်းရှည်ဖို့၊ တရားဝင်အစိုးရဖြစ်ဖို့ ကြိုးပမ်းတဲ့ အတွက် ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေအတွက် ဆိုးကျိုးသက်ရောက်မှုပဲ ဖြစ်လာမယ်။
ရွေးကောက်ပွဲဆိုတာ လွတ်လပ်ခွင့်တွေ၊ တန်းတူညီမျှခွင့်တွေပေးမယ်၊ နိုင်ငံရေးအလှည့်အပြောင်းတွေရှိမယ်။ ကျနော်တို့မြန်မာတိုင်းရင်းသား ပြည်သူတရပ်လုံး စစ်အဏာရှင်ရဲ့ လက်အောက်ကနေ လွှတ်ချင်တယ်ဆိုရင် အခု ၂၀၀၈ အခြေခံဥပဒေကို အခြေခံတဲ့၂၀၁၀ရွေးကောက်ပွဲ ဖြစ်လာတယ်ဆိုတာကို လက်မခံဘဲ ဝိုင်းဝန်းကန့်ကွက်ဖို့ လိုတယ်လို့ပြောချင်တယ်။ ကျနော်တို့အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (အဲန်ဒီအက်ဖ်)အနေနဲ့ နအဖရဲ့ဖွဲ့စည်းပုံကို လက်မခံခဲ့သလို လာမယ့် ၂၀၁၀ရွေးကောက်ပွဲမှာလည်း မပါဝင်နိုင်ဘူး။
တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေ မရမချင်း အဲန်ဒီအက်ဖ်ကတော့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမှာပဲ။
ဦးမြင့်စိုး(အတွင်းရေးမှူး) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက်နယ်မြေ။
အပစ်ရပ်တိုင်းရင်းသားတဖွဲ့ချင်းစီနဲ့ နအဖရဲ့သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ တွေ့တဲ့အချိန်တုန်းက ပြောခဲ့တဲ့စကားဟာ မတူကွဲပြားနေတယ်။ အပစ်ရပ်အဖွဲ့တွေကို ပြောခဲ့တုန်းကတော့ နောက်တက်လာမယ့် အစိုးရလက်ထက်ကျတော့မှ ဆက်လုပ်မယ်ပြောတယ်။ အခုချိန်မှာတော့ လက်နက်ကို ဖျက်သိမ်းဖို့၊ အလင်းဝင်ဖို့ လိုတယ်ပြောတယ်။ အဲ့ဒါကို အပစ်ရပ်တိုင်းရင်းသားတွေ က လက်မခံနိုင်တဲ့အခါမှာ နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ ကိုယ်ဒေသ ကိုယ်အုပ်ချုပ်ပါလို့ ပြောလာပြန်တယ်။ သို့သော်လည်း အဓိကကျတဲ့ အဖွဲ့အစည်းတွေကတော့ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ကို လက်မခံနိုင်ဘူး။ သက်ဆိုင်ရာဒေသ၊ လူမျိုးတွေရဲ့ သဘောထားဆန္ဒတွေကို အလေးအနက်ထားပြီး သူတို့ဆုံးဖြတ်ကြတယ်။ ကျနော်တို့ အဲန်အယ်လ်ဒီ-အယ်လ်အေအနေနဲ့ ကတော့ ပြည်သူ့ဆန္ဒကို ထင်ဟင်တဲ့ တိုင်းရင်းသားတွေရဲ့ သဘောထားနဲ့ ဘာမှကွဲလွဲစရာအကြောင်း မရှိဘူး။
ဒါအပြင် နယ်ခြားစောင့်တပ်ဖွဲ့ကနေ ရဲအသွင်ပြောင်းလာပြီး သက်ဆိုင်ရာ တိုင်းရင်းသားဒေသထဲမှာ အလွယ်တကူ ခြေကုပ်ယူ လာနိုင်တယ်။ တချိန်တုန်းက ဗိုလ်ချုပ်စောမောင် ပေးထားတဲ့ကတိတွေ၊ ဗိုလ်ချုပ်ခင်ညွှန့်က တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ ပြောထားတာတွေကို ဗိုလ်ချုပ်သန်းရွှေက ဖျက်လိုက်တာပဲ။ ဗိုလ်ချုပ်သန်းရွှေ မရှိတော့ရင်လည်း သူနဲ့သဘောတူထားတွေကို နောက်တက်လာမယ့်လူက ဖျက်အုံးမှာပဲ။ အဲဒါကို အပစ်ရပ်တိုင်းရင်းသားတွေက သဘောပေါက်ဖို့လိုတယ်။ နအဖဟာ အရပ်သားအစိုးရ မဟုတ်ဘူး။ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ ဘယ်လိုကတိကဝတ်တွေဘဲပေးပေး၊ ဘယ်လိုသဘောတူညီမှုတွေပဲရရ အဲဒါတွေက မတည်မြဲဘူး။ ကိုယ့်သက်ဆိုင်ရာနယ်မြေတွေကို အချိန်မရွေး စွန့်လွတ်ခံရနိုင်တယ်ဆိုတာကို သဘောပေါက်ထားမယ်ဆိုရင် လာမယ့်အနာဂတ်ကို အများကြီးစဉ်းစားရမယ်လို့ ကျနော်ယူဆတယ်။
အနာဂတ်နိုင်ငံတော်မှာ စစ်တပ်ရဲ့ကဏ္ဍဟာ ကြီးမားမှ သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်မယ်လို့ နအဖက ယုံကြည်ထားတယ်။ နဝတခေတ်က အသာစီးရနိုင်မယ့် မျှော်လင့်ချက်တွေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို လုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်တဲ့အခါ သူတို့စိတ်ပြောင်းသွားတယ်။ နောက်အမျိုးသားညီလာခံကို ကျင်းပတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်က ပြင်းထန်တဲ့ အုပ်ချုပ်မှုယန္တရားများကို အများကမျှော်လင့်မထားလောက်အောင် ချုပ်ကိုင်ထားတယ်။ အခုအကျဉ်းသား (၇,၀၀၀)ကျော်လွတ်ပေးတယ်။ နိုင်ငံရေးအကျဉ်းသားကို ၁၀ဝ ကျော်လွှတ်ပြီးတော့၂၀ဝ ကျော်လောက် ပြန်ဖမ်းနိုင်တယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားမရှိတော့ပါဘူးလို့ နိုင်ငံတကာကို ဗြောင်လိမ်တယ်။ ဒါမျိုးကို လက်မခံတဲ့အကြောင်း ကျနော်တို့ တသံတည်းထွက်ဖို့ လိုတယ်။ ကျနော်တို့ပြတ်သားရင် စစ်အစိုးရမကလို့ မတရားအုပ်ချုပ်တဲ့ ဘယ်သူဖြစ်ဖြစ် ကျနော်တို့ တွန်းလှန်နိုင်တယ်။ အဓိက ကျနော်တို့ရဲ့ ညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုပါပဲ။
နော်ထူးဖော(နိုင်ငံတကာ စည်းရုံးလှုံဆော်ရေး) ကရင်အမျိုးသမီးအစည်းအရုံး
နအဖက အပစ်ရပ်တိုင်းရင်းသားတွေကို နယ်ခြားစောင့်တပ်အဖြစ် သူတို့လက်အောက်မှာ ထားဖို့လုပ်ဆောင်ခြင်းဟာ တည်ရှိနေတဲ့ ပြဿနာတခုကို မှားယွင်းတဲ့နည်းလမ်းနဲ့ အတင်းအကြပ် ဖြေရှင်းလိုက်တာပဲ။ နိုင်ငံတခုမှာ စစ်တပ်တခုပဲရှိရမယ်ဆိုပေမယ့် မှန်ကန်တဲ့စစ်တပ်ဖြစ်ဖို့အတွက် လုပ်ဆောင်ရမယ့်အဆင့်တွင် အများကြီးရှိပါတယ်။ ဒီအချိန်အနေအပေါ် တချို့အပစ်ရပ်တွေက လက်ခံတယ်။ လက်မခံတဲ့အဖွဲ့ကတော့ အဖွဲ့အတွက်ရော၊ သူတို့ပြည်သူတွေအတွက်ပါ လုံးဝအကျိုးမရှိတာကို ခိုင်ခိုင်မာမာ ယုံကြည်ထားပြီး အမှန်တရားအတိုင်း မြင်လို့ဖြစ်တယ်။
နအဖရဲ့အစီစဉ်ကို လက်ခံတဲ့အပစ်ရပ်အဖွဲ့တွေကတော့ အနာဂတ်မှာ တစုံတရာအကျိုးရှိမယ်လို့ မျှော်လင့်ထားကြတာလည်း ဖြစ်တယ်။ သူတို့မလွဲမသွေရင်ဆိုင်ရမှာက နယ်ခြားစောင့်တပ်မှာ သတ်မှတ်ထားတဲ့စံနှုန်းတွေအရ ခေါင်းဆောင်ပိုင်းမှာ နအဖ တပ်ကပဲဖြစ်တဲ့အတွက် နအဖနဲ့အပစ်ရပ်အဖွဲ့ကြား ပြဿနာဖြစ်လာနိုင်သလို ဒေသခံပြည်သူတွေနဲ့လည်း ပြဿဖြစ်လာနိုင်တယ်။ နအဖကပဲ အားလုံးဆုပ်ကိုင်ထားတယ်ဆိုတော့ နိုင်ငံရေးအခွင့်အရေးလည်း သူတို့ဘာမှရမှာ မဟုတ်ဘူး။ ရေရှည်ရော၊ ရေတိုမှာပါ ဆိုးကျိုးပဲ များပါတယ်။ ဒီကေဘီအေဆိုရင်လည်း နအဖခိုင်းတဲ့အတိုင်း လုပ်ပေးနေရတယ်။
ရွာသားတွေကို စစ်သားကောက်ခံတယ်။ ခြိမ်းခြောက်တယ်၊ အဓ္ဓမ လုပ်အားခိုင်စေတယ်။ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်လာတယ်။ ပြည်သူကတော့ ခံပြီးရင်း ခံတာပဲ။ ရေရှည်မှာလည်း နိုင်ငံရေးအကျိုးအမြတ် မရနိုင်ဘဲ အခုဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဆက်ဖြစ်နေမှာပါ။
ကိုးကန့်အခြေအနေကို ကြည့်ရင် လက်မခံတဲ့အဖွဲ့တွေဆိုရင် နအဖက ဘယ်လိုဖြေရှင်းလဲဆိုတာ ခန့်မှန်းလို့ရ တယ်။ ဒီတော့ အပစ်ရပ်ဒေသတွေမှာ စစ်ပွဲတွေဖြစ်လာနိုင်ပါတယ်။ အပစ်ရပ်ထားတဲ့အဖွဲ့တွေဟာ အရင်ကတည်းက ဘာနိုင်ငံရေးအခွင့်အရေးမှ မရခဲ့သလို့ ပြည်သူတွေအတွက်လည်း အာမခံချက်ဘာမှ မပေးနိုင်ဘူး။ နအဖပေးတဲ့ ငြိမ်းချမ်းရေးဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေး မဟုတ်တဲ့အတွက် ဒီစနစ်ကို ရဲရဲဆန့်ကျင်ပြီး တိုက်မှသာ စစ်မှန်တဲ့ရေရှည်ငြိမ်းချမ်းရေးကို ရမှာဖြစ်ပါတယ်။ နအဖစစ်တပ် ကတော့ဖွဲ့စည်းပုံမှာ ထာဝရနေရာ ယူဖို့ အတည်ပြုပြီးသားဖြစ်တဲ့အတွက် ကျမတို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့၊ အပစ်ရပ်အဖွဲ့၊ မြန်မာပြည်နိုင်ငံရေးလှုပ်ရှားနေတဲ့အဖွဲ့တွေနဲ့ မြန်မာတိုင်းရင်းသားပြည်သူတွေ အကျိုးစီးပွားဖြစ်ထွန်းစေမယ့် အရာတွေကို ရှေ့ရှုပြီး လုပ်ဆောင်သင့်ပါတယ်။
လူငယ်များရဲ့ စကားလက်ဆောင်
နော်ချယ်ရီ ၂ဝနှစ်
ဝါသနာ အမျိုးသမီးရေးရာ
ပညာ ဆယ်တန်းအောင်
ကျမအသက် လေးနှစ်အရွယ် ကျမတို့နေတဲ့ ဖာပွန်ခရိုင်က ရွာမှာ နအဖစစ်တပ်တွေတက်လာတော့ မိသားစုအားလုံး ရွာကနေ မဲခေါင်ခါး ဒုက္ခသည်စခန်းကို ထွက်လာခဲ့တယ်။ အဲဒီမှာ ကျမတို့မိသားစု ဆယ်နှစ်ဝန်းကျင် နေထိုင်ခဲ့တယ်။ ကျမခြောက်တန်း အထိရောက်တော့ မဲခေါင်ခါးက မယ်လအူးကိုပြောင်းတဲ့အခါ အမိုးဟာ ဇာတိမြေကိုပဲ ပြန်လာနေခဲ့တယ်။ ရွာပြန်ရောက်ပြီး ဖာပွန်မှာ ကျောင်း ဆက်တက်ဖို့ စရိတ်ကြီးတော့ ခလဲ့အိုဒဲရွာ ၇ တန်းနဲ့ ဒေးပူနိုမှာ ဆယ်တန်းအောင်ခဲ့တယ်။
မောင်နှမ ၇ယောက်မှာ ကျမက ၆ ယောက်မြောက်ဖြစ်ပါတယ်။ အစက ဆေးဆရာမကို ဝါသနာပါပေမယ့် တကယ်တမ်းကြည့်တော့ ကျမတို့အမျိုးသမီးတွေဟာ ရန်သူ(စစ်တပ်)ရဲ့ အနိုင်ကျင့်မှုတွေကို အမျိုးမျိုးရင်ဆိုင်ရပြီး အခုချိန်ထိ ဖိနှိပ်မှုအောက်ကနေ လုံးဝမလွတ်မြောက်သေးတော့ အမျိုးသမီးတွေအတွက် ရပ်တည်လုပ်ဆောင် ပေးဖို့ စိတ်အားထက်သန်လာတယ်။ ဒါကြောင့် ကရင်အမျိုးသမီးအဖွဲ့နဲ့ ကိုယ်တိုင်ဆက်သွယ်ပြီး သူတို့ရဲ့ လမ်းညွန်ပေးမှုနဲ့ ၂၀၀၈-၂၀၀၉မှာဖွင့်လှစ်တဲ့ (Emerging Leadership School-ELS)ကျောင်းကို တက်ရောက်ခဲ့ပါတယ်။ အချို့မိဘတွေဟာ သမီးမိန်းကလေးတွေကို အိမ်ထောင်ကျပြီးရင် ယောက်ျားက လုပ်ကျွေးတာပဲအသိနဲ့ ပညာရေးမှာဦးစားမပေးတော့ ကျောင်းနေခွင့်မရခဲ့ကြဘူး။ အခုတော့အသိအမြင်တွေ အတော်နိုးကြားလာပါပြီး။ မိဘတွေအနေနဲ့လည်း သမီးမိန်းကလေးတွေကို ပညာရေးမှာ ဦးစားပေးဖို့ အကြံပြုချင်ပါတယ်။ နောက်ပြီး ပြည်တွင်းပြည်ပရောက် ကရင်အမျိုးသမီးတွေကလည်း သူတို့တတ်ထားတဲ့ အဆင့်မြင့်ပညာတွေနဲ့ ကျမတို့ တောသူတောင်သားလူထုတွေကို လာရောက်သင်ကြားစေချင်တယ်။ ကျမလည်း နိုင်ငံခြားမှာ ပညာသင်ခွင့်ရခဲ့ရင် သွားရောက်သင်ယူပြီး ကျေးလက်တောရွာမှာ ပြန်လာလုပ်ပေးချင်တဲ့ ဆန္ဒရှိပါတယ်။ အခုဆို ကျမဟာ ဖာပွန်ခရိုင် ကရင်အမျိုးသမီးအစည်းအရုုံးရဲ့ ရုံးအဖွဲ့ဝင် တစ်ယောက်အဖြစ်နဲ့ တတ်စွမ်းသမျှ ဝိုင်းဝန်းလုပ်ဆောင်ပေးနေပါတယ်။
အမျိုးသားရေးလုပ်နေတဲ့ ခေါင်းဆောင်တွေထဲမှာ ကိုယ့်ကျိုးမကြည့်ပဲ အနစ်နာခံလုပ်ခဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါဟာ ကျမတို့အတွက် နမူနာကောင်းတခုဖြစ်ပါတယ်။ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ ကိုယ့်လူမျိုး ရေးအတွက် လုပ်နို်င်ရင်အင်အား တခုပါပဲ။ ကိုယ့်လူမျိုးကို ကိုယ်မချစ်ဘူးဆိုရင် ဘယ်သူမှလည်း လာမချစ်ပါဘူး။ ကိုယ့်မိသားစုဝင်တွေဖြစ်စေ၊ ကိုယ့်လူထုဖြစ်စေ တဦးတယောက်အတွက်ထက် အများအကျိုးကြည့်ပြီး ဝိုင်းဝန်းလုပ်ဆောင်တတ်စေချင်တယ်။ တဖက်က ကြည့်မယ်ဆိုရင် ကရင်လူမျိုးဖြစ်တဲ့ ဒီကေဘီအေလည်း လွတ်လပ်မှုကို အပြည့်အဝမရရှိကြပါဘူး။ နအဖရဲ့ လမ်းညွန်မှုအတိုင်း လုပ်ဆောင်နေရတာပဲဆိုတော့ သူတို့တွေ လည်း တော်လှန်ရေးထဲက လူတွေထက် အခြေအနေပိုဆိုးပါတယ်။ ဒါကြောင့် ကိုယ့်ကို ကိုယ့်ကရင်မှန်းသိပြီး ကိုယ့်လူမျိုးရေးအတွက် အမှန်အကန် ဝိုင်းဝန်းဆောင်ရွက်
စေချင်ပါတယ်။
စောလင်းဘယ် ၂၃နှစ်
ဝါသနာ စစ်သား
ပညာ ဆယ်တန်း
ကျနော်က ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ခေါပူကျေးနယ်က ဟွေးဒေးလူဇတိဖြစ်ပါတယ်။ မောင်နှမ ၇ယေက်မှာ ဒုတိယမြောက် ဖြစ်ပါတယ်။ ငယ်ငယ်က ထိုင်း-မြန်မာနယ်စပ် မဲခေါင်ခါးဒုက္ခသည်စခန်းရဲ့ အမှတ်(၁)အလယ်တန်း ေကျောင်းမှာ ၈ တန်းအထိ ပညာသင်ခဲ့တယ်။ နောက်ပြီး မယ်လာအူးကို ပြောင်းတော့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ ရောင်နီဦးကျောင်းမှာ သုံးနှစ်နေပြီး ၂၀၀၇-၂၀၀၈မှာ ဆယ်တန်းအောင်ခဲ့တယ်။ ၂၀၀၈-၀၉ခုနှစ်မှာ နယ်စပ်က ပြည်တွင်းဒုက္ခသည်ဖြစ်တဲ့ အီတိုးထာ့စခန်းမှာ ပညာရေးပိုင်းအကူအညီလိုအပ်တော့ ကျနော်ကျောင်းဆရာဝင် လုပ်ေပေးတယ်။ ဒီ၂၀၀၉-၂၀၁ဝ မှာ တော့ဝါ့မီဒေးရွာ စာသင်ကျောင်းကိုပြောင်းရွေ့လာတယ်။ ကျနော်က ငယ်ငယ်ကစစ်သားဝါသနာပါပေမယ့် ကျနော် ၈တန်းနှစ်မှာ အစာအိမ်ရောဂါနဲ့ ကျန်းမာရေးမကောင်းတော့ ကျောင်းဆရာအနေနဲ့ ကိုယ့်လူထုကို ပြန်ဝိုင်းလုပ်နေပါတယ်။
ကျနော်အနေနဲ့လူငယ်တွေကို ပညာရေးမြင့်တင်လာအောင် ကြိုးစားပြီးလုပ်ပေးနေပါတယ်။ ဒီအတွက် လုပ်အားခ ကြီးကြီးမားမားမရပေမယ့် လူမျိုးအတွက် လုပ်ပေးနေရတာကို ကျနော်ကျင်နပ်မှု ရှိပါတယ်။ ဒီပညာရေးဝန်းထမ်း အဖြစ် ကျနော်တတ်သလောက်နဲ့ မျိုးဆက်သစ်ကလေးတွေ ပညာတတ်ဖို့ ကြိုးစားလုပ်ဆောင်ပေးသွားမယ်။ တနေ့တချိန်မှာ သူတို့လေးတွေ ကိုယ့်ဖာသာကိုယ် ရပ်တည်သွားနိုင်ဖို့ ပညာတတ်ဖို့လိုတယ်လေ။ ကျနော့်လူမျိုး အတွက် ကျနော်လုပ်ချင်တာက အများကြီးပါပဲ။
ဒါပေမယ့်ဘယ်လောက်အတိုင်းအတာထိ လုပ်သွားနိုင်မယ်ဆိုတာကိုတော့ အတပ်မပြောနိုင်သေးဘူး။ ကျနော်တို့လူမျိုးတွေ ပညာရေးမှာ အများကြီး နိမ့်ကျနေတော့ အများကြီးကြိုးစားသင်ယူဖို့လိုသေးတယ်။ ကျနော်တို့ ကရင်လူမျုးိအတော်များများဟာ တတိယနိုင်ငံရောက်နေကြပေမယ့် တချိန်မှာ ပြည်တွင်းကလူတွေကို ပြန်လာပြီး ဝိုင်းဝန်းလုပ်ပေးမယ်လို့ ထင်ပါတယ်။ ဒါမှမဟုတ် နည်းလမ်းတခုခုနဲ့ လုပ်ဆောင်ပေးလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။
နောက်တခုက ကေအဲန်ယူ ခွဲထွက်သွားတဲ့ ဒီကေဘီအေဆိုရင်လည်း ကျနော်တို့ကရင်အချင်းချင်းပဲ။ ဘာကြောင့်ဘယ်လိုပဲကွဲသွားပါစေ ကွဲသွားပြီးနောက်ပိုင်း ငါးငါးချင်းစား၊ ဖားဖားချင်းစား ပြန်ဖြစ်တာတွေက စိတ်ထိခိုက်စရာတခုပါပဲ။ ကျနော်ထင်တာ နအဖက သူတို့ကိုမက်လုံးတခုခုပေးတဲ့အပေါ် သူတို့ယုံကြည် တဲ့အတွက် အခုလို ကေအဲန်ယူကို ပြန်လာတိုက်ခိုက်တာဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော့့်ဆန္ဒကတော့ ကရင်အချင်းချင်း မတိုက်ခိုက်ကြ၊ အနိုင်မကျင့်ကြဘဲ ပြန်ပြီး ညီညွတ်စေချင်ပါတယ်။