Home အယ်ဒီတာ့အာဘော် စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရယူကြရ‌အောင်

စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ရယူကြရ‌အောင်

1875

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်‌နေ့တွင် နအဖ စစ်အစိုးရက နိုင်ငံသားအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်‌ပေးလိုက်သည်ဟု ၎င်းတို့၏ သတင်းစာထဲမှ တနိုင်ငံလုံးကို ‌ကြေငြာလိုက်သည်။ ယခင်နှစ် စက်တင်ဘာလက လည်း ၉၀၀၂ဦး၊ ယခုနှစ် ‌ဖေ‌ဖော်ဝါရီကလည်း ၆၃၁၃ဦး လွှတ်‌ပေးခဲ့ဘူးသည်။ တကယ့် လွတ်ငြိမ်းချမ်းသာခွင့် အစစ်အမှန်မှာ ယခုလို ဟို‌ထောင်က တချို့၊ ဒီ‌ထောင်က တ‌ယောက်ဆိုပြီး လူ‌ရွေးလွှတ်‌ပေးခြင်းမျိုး မဟုတ်။ တနိုင်ငံလုံးတွင် ပြစ်မှု‌ပေါင်းစုံနှင့် ပြစ်ဒဏ်ကျခံ‌နေရသူ မည်သည့်အကျဉ်းသားမျိုးကိုမဆို လွှတ်‌ပေးရမည်ဖြစ်သည်။

၎င်းတို့ အလုံးအခဲနှင့် ပြန်လွှတ်‌ပေးလိုက်သည့် ‌သောင်းချီ‌သော အကျဉ်းသားများထဲမှ နိုင်ငံ‌ရေးအကျဉ်းသားဟု သတ်မှတ်နိုင် သည့် အကျဉ်းသားများမှာ ၂၀ဝပင် မပြည့်တတ်။ တိုင်းပြည်ကို စုံးစုံးမြှုပ်‌အောင် ပျက်စီးကိန်းဆိုက်‌စေမည့် စနစ်ဆိုးတခုကို ပြု ပြင်‌ပြောင်းလဲလိုသူများဖြစ်သည့် နိုင်ငံ‌ရေး၊ လူ့အခွင့်အ‌ရေး၊ ‌တော်လှန်‌ရေး လှုပ်ရှားသူများကို မစို့မပို့ လွှတ်‌ပေးရုံမျှဖြင့် နအဖ ကို ‌ကျေးဇူးတင်စရာမလို။ ထိုသူများထက် ရာခိုင်နှုန်းများစွာ ပါဝင်သည့် ရာဇဝတ်မှုကျူးလွန်ခဲ့သူ အကျဉ်းသားများကိုပါ တွဲ လွှတ်‌ပေးခဲ့သည်ကိုလည်း သတိမမူ၍ မရ။

နအဖသည် မီဒီယာကို မီဒီယာနှင့် တိုက်ခိုက်မည်ဟု ဟစ်‌ကြွေးပြီး လူထုကို လူထုချင်း၊ လူမျိုးတူ တိုင်းရင်းသား အချင်းချင်း၊ အစိုးရဝန်ထမ်း အချင်းချင်း ‌သွေးထိုးသပ်သျှို၍ ပြန်လည်တိုက်ခိုက်‌စေလျှက်ရှိသည်။ တိုင်းရင်းသားများထဲတွင်လည်း ကရင်ကို ကရင်ချင်း၊ ပအိုဝ်းကို ပအိုဝ်းချင်း၊ ဝကို ဝချင်း၊ မွန်ကို မွန်ချင်း စသည့် အိမ်ကြက်ချင်း အိုးမဲသုပ် ခွပ်ခိုင်းသည့် နည်းဗျူဟာဖြင့် နိုင်ငံ‌ရေးကို မတရားစနစ်ဖြင့် လက်ဝါးကြီးအုပ် ချုပ်ကိုင်ထား‌လေသည်။

ဤသည်မှာလည်း တိုင်းရင်းသားပြည်သူအချို့၏ ကိုယ်ကျိုးကြည့်မှု၊ မညီညွှတ်မှု အက်‌ကြောင်း‌ပေါ်တွင် ကွက်‌ကောင်းရှာ သည့် နအဖ၏ အကျိုးအမြတ်ပင် ဖြစ်‌လေသည်။ ပြည်သူများအ‌နေဖြင့်လည်း မိမိတို့ ပတ်ဝန်းကျင်ရှိ တဦးနှင့်တဦး၊ တဖွဲ့နှင့်တ ဖွဲ့ကြား ယုံကြည်မှုရှိရှိဖြင့် မလုပ်‌ဆောင်နိုင်‌အောင် တမင်ဖန်တီး အကွက်ဆင်သည့် နအဖကို ယခုမ‌နှေး အပြုတ်မတိုက်ထုတ် နိုင်ပါက လာမည့် အနာဂတ်တွင် မိသားစုတွင်း၊ ‌ဆွေမျိုးတွင်း၌ပင်လျှင် ယုံကြည်စိတ်ချ၍ မရ‌တော့‌လောက်‌အောင် ပျက်စီး ကိန်းဆိုက်‌ရောက်‌ပေ‌တော့မည်။

ယခုဆိုလျှင် နအဖက စက်တင်ဘာ သံဃာ့လှုပ်ရှားမှု (၂)နှစ်မပြည့်မီ ကျပ်ငါး‌ထောင်တန် ‌ငွေစက္ကူအသစ်ကို ထုတ်‌ဝေလိုက်ပြီး ‌အောက်တိုဘာလ ၁ရက်‌နေ့မှစ၍ သုံးစွဲခွင့်ပြုမည်ဖြစ်‌ကြောင်း မကြာ‌သေးခင်ကပင် အ‌ကြောင်းပြချက်မဲ့စွာ ထုတ်ပြန်ခဲ့သည်။ မြန်မာပြည်၏ လူမှု‌ရေး၊ နိုင်ငံ‌ရေး၊ စီးပွား‌ရေး အလုံးစုံကို ချုပ်ကိုင်ထားသည့် နအဖ၏ အာရုံလွဲ ဖန်တီးလုပ်‌ဆောင်မှုလည်း ဖြစ် နိုင်‌ကောင်းသည်။ မြန်မာပြည်သူများသည် မိမိတိုင်းပြည်‌ကောင်းစား‌ရေးအတွက် ကမ္ဘာ့ပြည်သူများကို အဓိကထား ‌စောင့်‌မျှော် ကိုး‌နေ၍ မသင့်‌တော်။
ကုန်လွန်ခဲ့သည့်ကာလတ‌လျှောက် နအဖကို စီးပွား‌ရေးအရ ပြစ်ဒဏ်ခတ်ခဲ့သည့် အ‌မေရိကန်၏ မြန်မာ နိုင်ငံအ‌ပေါ် ထားရှိ‌သော နိုင်ငံခြား‌ရေး မူဝါဒပင်လျှင် ဗျူဟာ‌ပြောင်းလဲလာပြီ ဖြစ်သည်။

သို့ဆို‌သော် အစစ အရာရာ ယိုယွင်းပျက်စီး‌နေပြီး ဆင်းရဲတွင်း‌ချောက်ထဲသို့ နက်သထက်နက်‌အောင် သက်ဆင်းကျ‌ရောက်‌နေ ‌သော အမိမြန်မာပြည်၏ ကံကြမ္မာကို မှန်ကန်သည့် လွတ်လပ်မှုများနှင့်အတူ ရဲရဲဝံ့ဝံ့၊ ညီညီညွှတ်ညွှတ် ကယ်တင်‌ဆောင်ရွက် သွားမှသာလျှင် ကျွန်ုပ်တို့ မြန်မာတိုင်းရင်းသား ပြည်သူပြည်သားများအားလုံး ငြိမ်းချမ်းသာယာသည့် လွတ်ငြိမ်းချမ်းသာခွင့်ကို ဧကန်မလွဲ ရရှိကြမည်ပင်ဖြစ်ပါ‌ကြောင်း ထပ်‌လောင်း တိုက်တွန်းအပ်‌ပေသည်။