အယ်ဒီတာ့အာဘော်
‘အချိန်’ဟူသည် လူကို စောင့်တတ်သည်အရာမဟုတ်။ လူသားများကသာ အချိန်နှင့်အမျှ မိမိတို့၏ ဘဝရပ်တည် ရေး၊ တိုးတက်မြင့်မားလာရေးနှင့် မိမိတို့၏ အနာဂတ်ကို တည်ဆောက်ရင်းကြိုးပမ်း၊ ကြိုးပမ်းရင်း ရင်ဆိုင်နေကြ ရသည်။ အထူးသဖြင့် နှစ်ပေါင်းရှည်ကြာစွာ စစ်အာဏာရှင်စနစ်၏ ကြီးစိုးလွှမ်းမိုးမှုအောက်တွင် ရှင်သန်နေရသည့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် မိမိတို့ကံကြမ္မာကို မိမိတို့ဖာသာ ဖန်တီးရယူတိုက်ပွဲဝင်ဖို့အချိန်သည် တဖြည်းဖြည်းနှင့် နှောင်းတော့မည့် အလားအလာ ဖြစ်နေလေပြီ။
မြန်မာပြည်သူများသည် လက်ရှိ စစ်အာဏာရှင်လက်ထဲသို့ မိမိတို့၏ရပိုင်ခွင့်ကို အပြီးအပိုင် သက်ဆုံးတိုင် အပ်နှံ လိုက်မည်လား။ သို့တည်းမဟုတ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ပရှိ ဒီမိုကရေစီတိုက်ပွဲဝင်သူများထံမှ စောင့်ဆိုင်းနေမည်လား။ ကုလသမဂ အပါအဝင် နိုင်ငံကြီးများ၏ ဝင်ရောက်ကူညီမှုကို မျှော်လင့်နေမည်လား။ သို့တည်းမဟုတ် ငတ်လည်းသေမည်၊ တိုက်လည်းသေမည့်အတူ လက်တွေ့ကျကျနှင့် စည်းလုံးညီညွှတ်စွာ အကောင်အထည်ဖော်ထုတ်မည်လား ဆိုသည်ကို မိမိတို့ ဖာသာ ခွဲခြမ်းစိပ်ဖြာရပေတော့မည်။
‘စည်းလုံးမှုသည်အင်အား’ ဆိုသည့်စကားကို လူတိုင်း ကြားဖူးကြမည်မှာမလွဲ။ လက်ခံကြမည်မှလည်း ဧကန်ပင်။ သို့သော် လိုက်နာလုပ်ဆောင်ဖို့ရန်အတွက် အကောင်အထည်မဖော်နိုင်ကြ။ လူတဦးချင်းစီ၏ နှလုံးသားများဆီမှ တိုးထွက်ပွင့်အံလာ မည့် ငြိမ်းချမ်းသည့်ဆန၊ ညီညွှတ်သည့်ခွန်အား၊ မှန်ကန်သည့် အသိတရားများနှင့် လှပသည့် အနာဂတ်များက ညစ်ညမ်း သောစိတ်ဓာတ်၊ စရိုက် များ စွဲကပ်နေသည့် စစ်အုပ်စု၏ အာဏာစက်အောက်တွင် ပြားပြားမှောက်နေကြရသည်။
စစ်အုပ်စုသည် မြန်မာပြည်သူများ၏ ချစ်စရာကောင်းသော ဓလေ့စရိုက်၊ အားကျဖွယ်ကောင်းသော ထက်မြက်မှု များနှင့် ပင် ကိုယ်အရိုးခံစိတ်ဓာတ်များကို နှစ်ပေါင်းများစွာ ထိုးချေမွေနှောက် ဖျက်ဆီးလာခဲ့သည်။ အာဏာရှင် ဟူသည် တရားမရှိ၊ နှလုံး သားမရှိ။ မိမိတို့အာဏာ အဓွန့်ရှည်တည်တံ့ရေးအတွက်သာ အစဉ်တစိုက် ကြိုးပမ်း လျှက်ရှိသည်ကို မြန်မာပြည်သူများ သတိ ချပ်ရမည်ပင်။ သို့ဆိုလျှင် လက်ရှိ ဖက်ဆစ်စစ်အာဏာရှင်၏ အုပ်ချုပ်ခံလူထုအနေဖြင့် ဘာလုပ်သင့်သည်ကို တွေဝေနေစရာ မလို။
ကြာမြင့်လာသည့် ပြည်တွင်းစစ်နှင့် နိုင်ငံရေးတိုက်ပွဲအပေါ် ငြီးငွေ့လာကြသည့် အဖွဲ့အစည်းတချို့အပေါ် စစ်အုပ်စု ကလည်း တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဖုံ လက်သိပ်ထိုး သပ်သျှိူရိုက်သွင်းမှုများကြောင့် စစ်အစိုးရကို တိုက်ဖျက် နေသည့် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သာမန်ပြည်သူများအတွင်း အုတ် ရောရော၊ ကျောက်ရောရော ဖြစ်လာ ကြသည်။ အကျိုးဆက်က တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ ယုံမှားသံသယ ရှိလာ ကြသည်။ ထိုသံသယများကြောင့် စည်းလုံးညီ ညွှတ်ရေးကို ဦးတည်သည့်လမ်းကြောင်းမှ သွေဖည်လာကြသည်။ ဤသည်မှာ ၎င်းတို့၏ ဘုံရန်သူစစ်အုပ်စုအတွက် အချက် ကောင်းပင်။
သို့သော် ရာစုနှစ်ဝက်ကြာ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့သည့် စစ်အာဏာရှင်များသည် မြန်မာပြည်သူနှင့် နိုင်ငံတကာကို လှည့်စားခဲ့သည့် ၎င်းတို့၏ မဟာပရိယာယ်များမှာ ကုန်ဆုံးလုနီးနီးဖြစ်ပြီး လမ်းဆုံးရောက်နေပြီ ဆိုသည်ကိုလည်း အပစ်ရပ်အဖွဲ့ အတော်များများက သဘောပေါက်လာခဲ့ကြပေပြီ။ ထို့ကြောင့် ‘လူထုအခက် အာဏာရှင်အချက်’ မဖြစ်စေဘဲ ‘လူထုအချက် အာဏာရှင်အခက်’ ဖြစ်စေရေးအတွက် တန်ဘိုးရှိသည့် အချိန် ကောင်းတွင် တိုက်ယူသွားရတော့မည်ဖြစ်ကြောင်း ထောက်ပြ ပြောဆိုလိုက်ရပေသည်။