Home သတင်း မယ်လအူးစခန်းတွင် အမေရိကန်နိုင်ငံ ခိုလှုံခွင့်လျှောက်ထားသူ ထင်သလောက်မများ

မယ်လအူးစခန်းတွင် အမေရိကန်နိုင်ငံ ခိုလှုံခွင့်လျှောက်ထားသူ ထင်သလောက်မများ

760

ဇွန်လ ၂ရက်၊ စောခါးစူးညား (ကေအိုင်စီ)

ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည် စခန်းတခု ဖြစ်သည့် မယ်လအူး၌ အမေရိကန်နိုင်ငံ ခိုလှုံခွင့် လျှောက်ထားသူ ဦးရေ ထင်သလောက် မများဟု ဇွန်လ ၂ ရက်နေ့တွင် မယ်လအူး စခန်းနေသူ ကိုဥာဏ်က ကရင်သတင်းစဉ်ကို ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကူညီ စောင့်ရှောက်ရေး အဖွဲ့ (ယူအဲန်အိပ်ခ်ျစီအာရ်) ကိုယ်တိုင် လာရောက်၍ မယ်လအူး စခန်းအတွင်း ၂၀၀၅ ခုနှစ်အထိ လူဟောင်း စာရင်းဝင်သူများ အားလုံး အမေရိကန် နိုင်ငံသို့ လျှောက်ချင်သူများ အမည်စာရင်း တင်သွင်းကြရန် မေလ ၂၅ မှ ဇွန်လ ၅ ရက်နေ့အထိ ခွင့်ပေးထား သော်လည်း ယခု ခန့်မှန်းခြေ လျှောက်ထားသူ ဦးရေ ၆၀၀ ခန့်သာ ရှိသည်ဟု သိရသည်။

ကိုဥာဏ်က “ဒီ နယ်စပ်မှာ ရှိတဲ့ ဒုက္ခသည် တော်တော်များများ အမေရိကန်ကို တင်မယ်လို့ ယူအဲန်အိပ်ခ်ျစီအာရ် ထင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၆၊ ၂၀၀၇ ခုနှစ် လူဟောင်း ဖြစ်တဲ့သူ တင်ခွင့်မရတာကို ကန့်သတ်ထားတော့ တင်တဲ့သူ နည်းတယ်။ နောက်တခုက အမေရိကန် နိုင်ငံ ရောက်ရင် ခြောက်လ လောက်ပဲ အကူအညီရမယ်။ အဲလို ကြားတဲ့အခါ ကျတော့ တချို့သူတွေက စိုးရိမ်နေတဲ့ အနေအထားမှာရှိတယ်။ တချို့ကတော့ ဘာသာစကား အခက်အခဲနဲ့ အလုပ် မကျွမ်းကျင်မှု ပြဿနာ စတာတွေကြောင့် ဖြစ်တယ်” ဟု ပြောသည်။

“လူတွေက သိပ်မလျှောက်ကြဘူး ဖြစ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ကို ရောက်နှင့်ပြီးသူတွေက သူတို့ အမေရိကန်မှာ သိပ် အဆင်မပြေ ကြဘူးတဲ့၊ ဒါပေမဲ့ သွားချင်တဲ့ သူတွေကတော့ လျှောက်တာပါပဲ၊ သိရသလောက်ဆိုရင် လျှောက်တဲ့သူတွေထဲမှာ ရပ်ကွက် (၁၃)က အများဆုံးပဲ”ဟု အမည်မဖော်လိုသူ မယ်လအူး ဒုက္ခသည်တဦးက ပြောသည်။

မယ်လအူးဒုက္ခသည်စခန်းတနေရာ (photo: PoeKieKie)
မယ်လအူးဒုက္ခသည်စခန်းတနေရာ (photo: PoeKieKie)

မယ်လအူး စခန်းအတွင်း ရပ်ကွက် (၁၃) ခု ရှိသည့်အနက် အမေရိကန်နိုင်ငံ လျှောက်ထားသူများအတွက် ဆယ်လအတွင်း ထိုင်းနိုင်ငံမှ ထွက်ခွာနိုင်အောင် ယူအဲန် အိတ်ခ်ျစီအာရ်က စီစဉ်ထားပြီး ထပ်မံ လျှောက်ထားချင်သူများအတွက် ၂၀၁၂ ခုနှစ်အထိ ဆက်လက် ခေါ်ယူရန် အစီအစဉ်ရှိသည်ဟု သိရသည်။

ကရင်၊ ကရင်နီ၊ ကချင်၊ ဗမာနှင့် ရှမ်းလူမျိုးများ ပါဝင်ပြီး လူဦးရေ ၁၂၀၀၀ ကျော်ရှိ မယ်လအူး စခန်းတွင် နေထိုင်သူများသည် ယူအဲန် အိတ်ခ်ျစီအာရ် အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် အတွင်း ကနေဒါနှင့် သြစတြေးလျား နိုင်ငံသို့ ထွက်ခွာသူ ၂၈၂ ဦးရှိသည်ဟု ကရင်ဒုက္ခသည် စခန်းများကို ကူညီပေးနေသည့် (တီဘီဘီစီ) အဖွဲ့၏ ယမန်နှစ် ဇူလိုင်မှ ဒီဇင်ဘာလ အစီရင်ခံစာတွင် ဖော်ပြထားသည်။